၁၁၁၁ စစ်ဆင်ရေး - ညောင်ရွှေရောက် လွိုင်ကော်ဟင်းထုပ်

စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်စစ်အားကောင်းတဲ့ ကယား(ကရင်နီ)ပြည်နယ်မှာ မြို့တော်လွိုင်ကော်ထဲ တိုက်ပွဲဖြစ်နေတာ ဒီဇင်ဘာ ၁၁ ရက်ဆိုရင် တစ်လတိတိပြည့်ပါပြီ

လက်ရှိမှာစစ်ကောင်စီအခိုင်အမာတပ်စွဲထားတဲ့ စခန်းနေရာ ၁၈ ခုထဲက ၁၀ ခုကျော်ကို သိမ်းယူထားနိုင်ပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဘီဘီစီကို အတည်ပြုပြောထားသလို စစ်ကောင်စီတပ်တွေကလည်း ‌လွိုင်ကော်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် မဆုံးရှုံးဖို့ အပြင်းအထန် တုံ့ပြန်နေကြပါတယ်။

ဒီတိုက်ပွဲတွေကြားမှာ မြို့ခံထောင်သောင်းချီနေရပ်စွန့်ခွာခဲ့ရပြီး နာမည်ကျော် တောင်ကွဲစေတီ လက်နက်ကြီးထိမှန်ခဲ့သလို တောင်ဈေးလို့ခေါ်တဲ့ ဒေသတွင်း နာမည်‌ကျော် သီရိမင်္ဂလာဈေးကြီး ဒီဇင်ဘာ ၁၀ ရက်မနက်အစောပိုင်းမှာ မီးလောင်ကျွမ်းခဲ့ပါပြီ။

ဒီဖြစ်ရပ်တွေဟာ လွိုင်ကော်သားတွေအတွက် ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးတွေအဖြစ် စွဲထင်နေတယ်လို့ ဘီဘီစီမေးမြန်းကြည့်တဲ့သူတွေက ဖြေကြပါတယ်။

“မနက်တိုင်း ဆိုင်ကယ်စီးပြီး ဆိုင်အတွက်လိုတာလေးသွားဝယ်နေတဲ့ဈေးကြီး အခုမရှိတော့ဘူး” လို့ ဈေးအနီး မင်္ဂလာရပ်ကွက်မှာနေထိုင်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦးက သူ့ခံစားချက်ကို ပြောပြပါတယ်။

“ဈေးလည်းမီးလောင်ပြီ။ အိမ်ပြန်ဖို့အတွက်ကတော့ မလွယ်ဘူး” လို့ သက်ပြင်းချရင်း အသက် ၅၄ နှစ်အရွယ် ဒေါ်ဖြူ(အမည်လွှဲ)က ဘီဘီစီကို ဆက်ပြောပြပါတယ်။

ဘာကြောင့်လဲဆိုတော့ “ဟင်းထုပ်” ဆိုင်ဖွင့်လှစ်ထားတဲ့ သူ့အတွက် သီရိမင်္ဂလာဈေးဟာ နေ့စဉ်ရင်းနှီးထိတွေ့ခဲ့ရတဲ့နေရာ၊ သူ့လုပ်ငန်းအတွက် ခွဲမရတဲ့အတွဲအဖက်အဖြစ် နှစ်ပေါင်းများစွာ ဆက်နွယ်နေခဲ့လို့ပဲဖြစ်ပါတယ်။

အခုတော့ ဈေးလည်းမီးလောင်သွားပြီဖြစ်သလို ဆယ်စုနှစ်ကျော်ဖွင့်လှစ်ခဲ့ရတဲ့ ဆိုင်ခန်းကိုလည်း ထားရစ်ခဲ့ရပါတယ်။ လွိုင်ကော်ကနေ မိုင်ပေါင်း ၁၀၀ နီးပါးဝေးကွာတဲ့ ညောင်ရွှေမြို့မှာ ခိုလှုံနေပြီး “ဟင်းထုပ်” ဆိုင်ကို အစကနေ ပြန်လည်စတင်ဖွင့်လှစ်နေရပါပြီ။

မျက်စိရှေ့တင် ကြွေလွင့်ခဲ့ရတဲ့ လူ့အသက်တွေ

“လွိုင်ကော်မှာ စစ်ဖြစ်မယ်လို့ လုံးဝမထင်ခဲ့ဘူး” လို့ ယူဆခဲ့တဲ့အကြောင်း ဒေါ်ဖြူက ပြန်ပြောင်းပြောပြ ပါတယ်။ ဒါပေမဲ့ သူ့ထင်မြင်ယူဆချက်တွေ ကွဲလွဲပြီဆိုတာကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ သိရှိလိုက်ရပါတယ်။

“မနက် ၄ နာရီလောက်ကတည်းက ပစ်ခတ်သံတွေကြားနေရတာ။ လေယာဉ်တွေဆိုတာ နိမ့်နိမ့်လေးဆင်းပြီး ဗုံးကြဲတယ်။ ဟိုဘက်ရပ်ကွက်ကိုကြဲရင် ဒီဘက်ကမြင်ရတယ်။ တစ်ခါလာရင် လေယာဉ်တစ်စီးမကဘူး”

မြို့တွင်းတိုက်ပွဲကို မျက်မြင်ကြုံတွေ့ခဲ့လိုက်ရတဲ့ ဒေါ်ဖြူတို့မိသားစုအတွက် လေကြောင်းတိုက်ခိုက်မှုဟာ အိပ်မက်ဆိုးတစ်ခုလိုခြောက်လှန့်နေခဲ့တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ဒီဇင်ဘာ ၈ ရက်စစ်တမ်းအရလည်း မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ သီတင်းခြောက်ပတ်အတွင်း အမျိုးသမီးနဲ့ ကလေးသူငယ် (၃၆၃) ဦးသေဆုံးခဲ့ပြီး (၄၆၁) ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

ကယား (ကရင်နီ) ပြည်နယ်က မြို့တော်လွိုင်ကော်မှာလည်း ပြင်းထန်တဲ့တိုက်ပွဲကြား အရပ်သားသေဆုံးတဲ့ ကိန်းဂဏန်းအရေအတွက်သိသိသာသာထိုးတက်ခဲ့တဲ့အကြောင်း ကရင်နီလူ့အခွင့်အရေးလေ့လာစောင့်ကြည့် သူတွေက ထောက်ပြကြပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ နေရာအမြင့်တွေမှာတပ်စွဲထားတဲ့ စခန်းတွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် တစ်လတာအတွင်း အရပ်သား အယောက် ၈၀ ကျော်သေဆုံးထားခဲ့ပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ စာရင်းအရသိရပါတယ်။

လူမှုကူညီရေးအသင်းတွေကိုမေးမြန်းကြည့်ချက်အရလည်း တစ်သင်းကို သေဆုံးလူနာ နှစ်ဒါဇင်နီးပါး ကူညီခဲ့ရပြီး ဒဏ်ရာရလူနာ ဆယ်နဲ့ချီ ကယ်ထုတ်ခဲ့ရပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ မြို့တွင်းထဲလူနာတင်ယာဉ် ဝင်ရောက်ကူညီခွင့်မပေးတာကြောင့် နေအိမ်တွေထဲ သေဆုံးနေတဲ့ရုပ်အလောင်းတွေရှိနေဆဲလို့ လူမှုကူညီအသင်းတသင်း ဦးဆောင်သူတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီကတော့ တိုက်ပွဲတွေကြား လွိုင်ကော်မြို့ပေါ်က အရပ်သားသေဆုံးမှုတွေအကြောင်း ဒီဇင်ဘာ ၁၀ ရက် သတင်းထုတ်ပြန်ချက်အထိ တစုံတရာထည့်ပြောထားတာမတွေ့ရပါဘူး။

“အိမ်ရှေ့လမ်းပေါ်မှာတင် အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၁ ယောက်နဲ့ ကလေးလေး ၁ ယောက် လက်နက်ကြီးထိပြီး သေသွားတာ။ မျက်စိရှေ့မှာတင်ပဲ”

“ကလေးလေးက မုန့်စားချင်တယ်ဆိုလို့ သားအမိနှစ်ယောက်ထွက်ဝယ်ရင်း ထိပြီးဆုံးတာ။ ကျွန်မမှာလည်း မြေးလေးတွေရှိတယ်၊ မခံစားနိုင်ဘူး။ ကျွန်မ လွိုင်ကော်မှာ ဆက်မနေရဲတော့ဘူး”

နှစ်ပေါင်းများစွာ နေထိုင်ကြီးပြင်းခဲ့ရတဲ့ လွိုင်ကော်ကနေ ထွက်မပြေးဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ ဒေါ်ဖြူ တစ်ယောက် မျက်စိရှေ့တင်အလွယ်တကူကြွေလွင့်သွားရတဲ့ အသက်တွေကို ကြည့်ရင်း မြို့ကိုစွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း သူက အသံခပ်လေးလေးနဲ့ ရှင်းပြပါတယ်။

တိုက်ပွဲစတဲ့ နိုဝင်ဘာ ၁၁ ရက်ကနေ မြို့ကနေထွက်ခွာခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက် မနက်မတိုင်ခင်ကာလတွေဟာ ကြောက်မက်ဖွယ်အချိန်ကာလတစ်ခုဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“မြို့ကနေလည်း လွယ်လွယ်ထွက်လို့မရခဲ့ဘူးနော်။ မနက်စောစော ကားဘီးတွေ ဖြည်းဖြည်းချင်းလှိမ့်ပြီး ကားတန်းကြီးသွားတာကိုမြင်ရက်နဲ့ သေနတ်နဲ့ ပစ်ကြတာပေါ့” ဒေါ်ဖြူတို့မိသားစုအပါအဝင် အိမ်နီးချင်းတွေပါ စုပေါင်းနေရပ်စွန့်ခွာခဲ့ရတဲ့ မြင်ကွင်းအသေးစိတ်ကို သူက ဆက်ပြောပြပါတယ်။

အိမ်ကနေယူခဲ့တဲ့ခြုံစောင်ခပ်ပါးပါးကို အားကိုးတကြီးခေါင်းပါလုံအောင်ခြုံအုပ်ထားခဲ့ရပြီး ဘေးပတ်ဝန်းကျင်ကို ခေါင်းမော့မကြည့်ရဲဘဲ ပြည်နယ်မြို့တော်ကို စွန့်ခွာခဲ့ရပါတယ်။

သားသမီးပညာရေးအတွက် အားကိုးခဲ့ရတဲ့ ကိုယ်ပိုင်မိသားစုအစားအသောက်လုပ်ငန်း၊ အိုးအိမ်ကို ချန်ထားခဲ့ရတဲ့ မြေးနှစ်ယောက် အဘွား ဒေါ်ဖြူအတွက် ဘဝအသစ်တစ်ခုကို နောက်တစ်ကြိမ် စတင်ရမှာ လည်းဖြစ်ပါတယ်။

လွိုင်ကော်ကနေ ညောင်ရွှေ‌ရောက် “ဟင်းထုပ်” ဆိုင်

အောက်တိုဘာလနှောင်းပိုင်းကစတင်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံကျော်မှာ တိုက်ပွဲတွေပြန့်နှံ့ဖြစ်ပွားနေပြီလို့ ကုလသမဂ္ဂရဲ့ ဒီဇင်ဘာ ၈ ရက်ထုတ်စစ်တမ်းမှာ အတိအလင်း ဖော်ပြပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ တစ်သန်းကျော်လာပြီဖြစ်ပြီး လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်က နာမည်ကျော် “ဟင်းထုပ်” ဆိုင်ပိုင်ရှင် ဒေါ်ဖြူတို့မိသားစုလည်းအပါအဝင်ဖြစ်ပါတယ်။

“ကိုယ့်ပြည်နယ်ထဲမှာတောင် စစ်ရှောင်ဖို့နေစရာမရှိဘူး။ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းက အမျိုးရွာမှာ နှစ်ပတ်လောက်နေကြတယ်။ အစားအသောက်ကူညီပေမဲ့ ရေရှည်အဆင်မပြေဘူးလေ”

“ညောင်ရွှေကို ပြောင်းလာခဲ့တာ။ ပါလာတဲ့ရွှေတွေအကုန်ရောင်းပြီး မိသားစုအကုန်စုပြီး အိမ်လေးငှား၊ ပန်းကန်ခွက်အကုန် ပြန်ဝယ်ခဲ့ရတာ”

စစ်ရှောင်နေရင်း ရပ်တည်စားသောက်နိုင်ဖို့အတွက် တတ်စွမ်းတဲ့အစားအသောက် “ဟင်းထုပ်” ဆိုင် ပြန်ဖွင့်တာ လေးရက် ရှိပြီဖြစ်တဲ့အကြောင်း ဒေါ်ဖြူက ဘီဘီစီကို ပြောပြပါတယ်။

ဒါဟာ ညောင်ရွှေမြို့ပေါ် စစ်ရှောင်လာကြသူတွေထဲက ဒေါ်ဖြူတို့မိသားစုအခြေအနေဖြစ်ပြီး မြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေပေါ်မှာ ခိုလှုံနေရတဲ့ လွိုင်ကော်စစ်ရှောင်ဦးရေ ခန့်မှန်း ၁၅၀၀ ရှိနေဆဲလို့ ကူညီသူတွေဆီက သိရပါတယ်။

“အစားအသောက်လည်း အချင်းချင်းကူညီကြတယ်။ ဒါပေမဲ့ စစ်ရှောင်ရတာက ဆယ်နှစ်ကြာမလား၊ဘယ်လောက်ကြာမလဲမသိနိုင်ဘူး။ အလုပ်တွေလည်းမရှိကြတော့ဘူးလေ” လို့ လွိုင်ကော်စစ်ရှောင်ကူညီ‌နေသူ လူမှုကူညီရေးအသင်းဦးဆောင်သူတစ်ဦးက သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

လက်ရှိအခြေအနေမှာ ပြည်သူအချင်းချင်းကူညီနိုင်ဖို့အတွက်ကလည်း အကန့်အသတ်ဖြစ်လာနိုင်တာကြောင့် ကိုယ်ပိုင်အစွမ်းအစနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် စစ်ရှောင်တွေကပိုပြီးမျှော်လင့်နေကြကြောင်း ဘီဘီစီကို ဖြေကြပါတယ်။

“ကျွန်မတို့နဲ့အတူရှောင်လာကြတာမှာ လက်သမားလုပ်တတ်သူလည်းပါတယ်။ ပန်းရံဆရာလည်းပါတယ်။ အလုပ်တွေရှိရင် အကုန်ဝင်လုပ်ချင်ကြတယ်” လို့ စစ်ရှောင်တွေရဲ့ စားဝတ်နေရေးအတွက် အကူအညီတွေအပြင် ကိုယ်တိုင်လုပ်ကိုင်နိုင်ဖို့လည်းလိုအပ်တယ်လို့ ဒေါ်ဖြူ က ထောက်ပြပါတယ်။

“ကျွန်မတို့မှာလည်းကိုယ်စီအခက်အခဲနဲ့ဆိုတော့ အချင်းချင်းမကူနိုင်တော့ဘူး။ အဓိကအလုပ်ပဲ၊ အလုပ်ခေါ်တာမျိုးရှိရင် ပြောပြပေးကြပါ”