လွိုင်ကော် - မြို့သိမ်းရေးနဲ့ထိန်းရေးကြားက ပြည်နယ်မြို့တော်တိုက်ပွဲ

စစ်အာဏာသိမ်းမှုကိုလက်နက်ကိုင်ခုခံတော်လှန်စစ်အားကောင်းတဲ့ ကရင်နီပြည်မှာအာဏာရှင်ဖြုတ်ချရေးနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တည်ဆောက်ရေးအတွက် လွိုင်ကော်မြို့က စစ်ကောင်စီ အုပ်ချုပ်ရေးကိုဖြိုချရမယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဘီဘီစီကိုပြောပါတယ်။

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ကရင်နီတို့ရဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ မြို့တော်လွိုင်ကော်ကို အဓိကထိုးစစ်ဆင်နေကြပြီး တိုက်ပွဲပြင်းထန်နေတာ လေးရက်မြောက်ရှိလာပါပြီ။

စစ်ကောင်စီအတွက်ကလည်း ကရင်နီမှာတခုတည်းသောအုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်တဲ့ လွိုင်ကော်မြို့ ကို မဆုံးရှုံးရဖို့ မြို့အဝင်အထွက်ကို ပိတ်ဆို့ထားသလို လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေ အလုံးအရင်း သုံးကာ တိုက်ခိုက်နေပါတယ်။

“ကျွန်တော်တို့နားက မန်ကျည်းပင်နားလက်နက်ကြီးကျလာတာ ဝပ် ဝပ်လို့လှမ်းအော်လိုက်ပေမဲ့ သူက မဝပ်လိုက်မိတာ နေရာမှာတင်သေဆုံးသွားတယ်”

နိုဝင်ဘာ ၁၃ ရက်နေ့က လွိုင်ကော်မြို့ပေါ်တစ်နေရာမှာ လက်နက်ကြီးကျတာကြောင့် အသက် ၁၇ နှစ်အရွယ် ပရဟိတကူညီပေးနေသူ လူငယ်တစ်ဦးသေဆုံးခဲ့ပုံကို နီးစပ်သူတစ်ဦးက ပြန်ပြောပြတာဖြစ်ပါတယ်။

တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာတဲ့တိုက်ပွဲကြားမှာ အခုလိုအရပ်သားသေဆုံးမှုကလည်း အယောက်နှစ်ဆယ် ကျော်ပြီး ထိခိုက်ဒဏ်ရာရသူဦးရေကလည်း ၃၅ ယောက်အထိရှိနေပြီလို့ ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီ IEC ရဲ့အချက်အလက်တွေအရသိရပါတယ်။

ဘာကြောင့်အရပ်သားတွေ သေဆုံးနေရတာလဲ

နိုဝင်ဘာ ၁၁ ရက်နေ့မှာစတင်မယ့် ၁၁၁၁ စစ်ဆင်ရေးမစတင်မီကတည်းက လွိုင်ကော်ဒေသခံတွေ အတွက်စစ်ပြေးရှောင်ရင်းကယ်ထုတ်မယ့်အစီအမံတွေဆောင်ရွက်ထားတယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အတွင်းရေးမှူး (၂) ဗညားခွန်အောင် က ဘီဘီစီကို ပြောပြပါတယ်။

“အရပ်သားတွေကို ကယ်ထုတ်ဖို့ စေတနာ့ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ထားပြီးစီစဉ်ထားတယ်။ စစ်ရှောင်နိုင်ဖို့ ၃ နေရာပြင်ဆင်ပေးထားတယ်။ အဲဒီမှာစစ်ကောင်စီက မြို့အဝင်အထွက်ကိုပိတ်လိုက်တာမှအခက်ကြုံတာပဲ”

“အရင်တခါ လွိုင်ကော်မှာဖြစ်သလိုအနည်းဆုံးစစ်ရှောင်နိုင်ဖို့ သွားလာခွင့်ပေးရင်အဆင်ပြေနိုင်တယ်” လို့ လွိုင်ကော်စစ်ရှောင်တွေအတွက် ပြင်ဆင်ထားခဲ့ပုံကို ဗညားခွန်အောင်က ဆက်ပြောပါတယ်။

ဒါပေမဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေ လွိုင်ကော်မြို့ထဲ ဝင်ရောက်လာချိန်မှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မြို့တွင်းရပ်ကွက်တွေမှာရှိတဲ့ နေရာအမြင့်၊ အထပ်အမြင့်တွေမှာ နေရာယူထားပြီး မြို့အဝင်အထွက်ကို ပိတ်ထားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပြောပါတယ်။

စစ်ကောင်စီက မြို့ပြင်ထွက်ခွာခွင့်မပြုသလို၊ စစ်ကောင်စီတပ်စခန်းတွေအနီးဖြတ်သန်းသွားရင်လည်း ပစ်ခတ်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတယ်လို့ ဘီဘီစီမေးမြန်းကြည့်တဲ့ ဒေသခံသုံးယောက် ထက်မနည်းကလည်း တပြေးညီဖြေကြပါတယ်။

နောက်ထပ်အချက်ကတော့ စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင် လွိုင်ကော် မြို့ပေါ်မှာရှိတဲ့ လူမှုကူညီရေးအသင်းကားတွေကို စစ်ကောင်စီက သွားလာခွင့်ပိတ်ခဲ့ပြီး နာနတ်တော ရပ်ကွက်က လူမှုကူညီရေးအသင်းတစ်သင်းရဲ့ လူနာတင်ယာဉ် (၂) စီးလည်း အသိမ်းခံခဲ့ရပါတယ်။

ဒါကြောင့် စစ်ရှောင်ကူညီနိုင်ဖို့အတွက်လည်း လူမှုကူညီရေးအသင်းတွေဘက်က မလုပ်ဆောင်နိုင်ဘဲ ရုံးခန်းတွေမှာ ရှိနေပြီး ဖုန်းနဲ့သာကူညီပေးနေရကြောင်း လွိုင်ကော်ပရဟိတအသိုင်းအဝိုင်းကနေ သိရပါတယ်။

“ကျွန်တော်တို့ကိုမသေစေချင်ရင် သတင်းမမေးကြပါနဲ့”

စစ်ရှောင်ကူညီလေ့ရှိတဲ့ လွိုင်ကော်မြို့ပေါ်က ပရဟိတအသင်းတစ်သင်း တာဝန်ရှိသူတစ်ဦးက ဘီဘီစီရဲ့ သတင်းမေးမြန်းမှုကို ခပ်တိုတိုပြန်ဖြေရင်း ငြင်းဆန်ခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ် ပရဟိတလူငယ်အမျိုးသားတစ်ဦးလည်း ‌နိုဝင်ဘာ ၁၃ ရက်မှာ လွိုင်ကော်မြို့ပေါ် တနေရာမှာ လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးခဲ့ကြောင်းလည်း မျက်မြင်တွေကတဆင့်သိရပါတယ်။ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စာရင်းအချက်အလက်အရ လက်နက်ကြီးထိမှန်လို့ သေဆုံးသူ အရပ်သားဦးရေ အယောက် ၂၀ ကျော်ပြီး ထိခိုက်ဒဏ်ရာရသူ ၃၅ ယောက်အထိရှိထားကာ ဒဏ်ရာစိုးရိမ်ရသူတွေရှိနေတယ်လို့ သိရပါတယ်။

“နိုဝင်ဘာ ၁၂ ရက်နေ့က ကုန်းသာရွာထဲကို လေကြောင်းလာပစ်လို့ ၂ ယောက်သေဆုံးတယ်။ ၁၅ ယောက် ဒဏ်ရာရထားပြီး ၂ ယောက်က ပြင်းထန်တယ်” လို့ စစ်ရှောင်အရေးဆောင်ရွက်သူလည်းဖြစ်၊ IEC ရဲ့ အတွင်းရေးမှူး (၂) လည်းဖြစ်တဲ့ ဗညားခွန်အောင် က ပြောပါတယ်။

ဒါကြောင့် မြို့ပေါ်မှာသာမက ကုန်းသာရွာလို လွိုင်ကော်မြို့နယ်ထဲက ကျေးရွာတွေမှာပါ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေရှိနေကြောင်း ထင်သာမြင်သာတွေ့ရပါတယ်။

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်တဲ့နေရာက ပြည်သူတွေ စစ်ရှောင်ပြီ

“လွိုင်ကော်တက္ကသိုလ်ကို လက်ရှိထိန်းချုပ်ထားနိုင်ပြီလို့ပြောလို့ရပါတယ်”

စစ်အာဏာသိမ်းစကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်ရာနဲ့ချီတပ်စွဲပြီး ပညာရေးပြန်လည် လည်ပတ်နေတဲ့ လွိုင်ကော်တက္ကသိုလ်ကို ထိန်းချုပ်ထားနိုင်တဲ့အကြောင်း KNDF ဗဟိုနှင့်သတင်းပြန်ကြားရေးတာဝန်ခံက နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းမှာ ဘီဘီစီကို အတည်ပြုပြောပါတယ်။

စစ်ကောင်စီကတော့ လွိုင်ကော်တက္ကသိုလ်ထဲတာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ဖမ်းဆီးဖို့ကြိုးစား တာကြောင့် ဘေးကင်းရာရွှေ့ပေးထားတယ်လို့ နိုဝင်ဘာ ၁၄ ရက်ထုတ်သတင်းစာမှာဖော်ပြထားပြီး တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ စစ်ကောင်စီအောက်ပညာရေးဝန်ထမ်းတွေကို စစ်ရှောင်ဖို့ ကူညီပေးခဲ့တယ်လို့ ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက်စာမျက်နှာပေါ်ရေးသားကြပါတယ်။

ဘီဘီစီစုံစမ်းကြည့်ချက်အရ လွိုင်ကော်တက္ကသိုလ်ရှိတဲ့ ဒေါဥခူးရပ်ကွက်၊ နာနတ်တောရပ်ကွက် အပါအဝင် ထေးဌားလျားရွာဘက်ကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်နိုင်နေပြီး အဲဒီနေရာက ဒေသခံတွေ စစ်တိမ်းရှောင်ကြပြီလို့ သိရပါတယ်။

ဒါပေမဲ့ နောင်ယား (၁) ၊ နောင်ယား (၂) ရပ်ကွက်တွေဘက်ကတော့ နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်တာမရှိသလို ဒေသခံတွေလည်းထွက်မရဖြစ်နေတယ်လို့ ပိတ်မိနေဆဲပြည်သူတွေက ပြောကြပါတယ်။

“ကျွန်တော်တို့ဘက်က ထွက်လို့မရသေးဘူး။ မိသားစုက ကလေးတွေလည်းရှိနေတော့ အိမ်ထဲမှာပဲနေ နေတယ်။ ဗုံးခိုကျင်းတူးဖို့ကလည်း တိုက်ဖြစ်နေတော့ မြေကြီးမရှိဘူးလေ”

“လက်နက်ကြီးကျနိုင်တဲ့နေရာကလူတွေ လိုက်နာရမယ့်သတိပေးချက်ဆိုပြီး အသိပေးထားတာတွေ အတိုင်း‌နေ နေတယ်” လို့ နိုဝင်ဘာ ၁၄ ရက်အထိ လွိုင်ကော်မြို့ထဲမှာ ရှိနေတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒီလို မြို့ခံတွေပိတ်မိနေတုန်းမှာပဲ နှစ်ဖက်တိုက်ပွဲတွေက ဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေ အကြိမ်ရေဒါဇင်နဲ့ချီ မနားတမ်းအသုံးပြုနေတယ်လို့ KNDF ရော ဒေသခံတွေကပါ ပြောကြပါ တယ်။

“လက်နက်ကြီးတွေက အိမ်ခေါင်မိုးတွေပေါ် တဝုန်းဝုန်းကျနေတာလေ၊ နားတွေကိုအူနေတာပဲ။ အိမ်တွေ ပေါ် လက်နက်ကြီးကျလို့ဒဏ်ရာရသူတွေရှိပေမဲ့ ကိုယ့်ဘာသာကုနေရတယ်လို့ ကြားတယ်”

“အချင်းချင်းပြန်ကြည့်ဖို့က ကျွန်တော်တို့လည်းအပြင်မထွက်ရဲဘူးလေ။ ပစ္စည်းဥစ္စာကမသေမချင်းပြန်ရှာ လို့ရတယ်။ အသက်ရှင်ဖို့အရေးကြီတယ်”

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား မြို့သိမ်းရေး၊ မြို့ဆက်ထိန်းရေး အပြင်းအထန်တိုက်ပွဲဖြစ်နေတဲ့ မြို့တော်လွိုင်ကော်မှာ ကျန်ရစ်နေဆဲ လွိုင်ကော်မြို့ခံတစ်ဦးက သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။