ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဆိုတာဘာလဲ၊ ဘာတွေ လုပ်ဆောင်မလဲ
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ တော်လှန်ရေး အင်အားစုတွေထဲ ပြည်နယ် အဆင့် အုပ်ချုပ်ရေး ယန္တရား ဖြစ်တဲ့ ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို ကရင်နီပြည်နယ်မှာ ဖွဲ့စည်းကြောင်း အများကို အသိပေး ထုတ်ပြန်ပါတယ်။
ပြည်နယ်တွင်း လက်နက်ကိုင် အင်အားစု အသီးသီး စုပေါင်းထားတဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ KSCC ကနေ ပေါ်ပေါက်လာတဲ့ အစီအမံ ဖြစ်တာကြောင့် ဒီ အုပ်ချုပ်ရေး ကောင်စီဟာလည်းပဲ ပြည်နယ်တွင်း တော်လှန်ရေး အင်အားစု အသီးသီးကို လွှမ်းခြုံ ကိုယ်စားပြုတယ်လို့ IEC က ဇွန် ၁၂ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ဆိုပါတယ်။
KSCC ကနေ အတည်ပြု ပြဌာန်းထားတဲ့ ကြားကာလ အစီအမံအရ ပြည်နယ် အစိုးရ ဖွဲ့စည်းဖို့ ဦးတည် ပုံဖော်တဲ့ ကနဦး အဆင့် အနေအနေနဲ့ အခုလို IEC ဆိုတဲ့ အုပ်ချုပ်ရေး ယန္တရား စတင် ပေါ်လာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
NUG နဲ့ တိုင်ပင် ဆွေးနွေးတာတွေ လုပ်ခဲ့သလို၊ တခြားပြည်နယ်တွေ အသီးသီးက တော်လှန်ရေး အင်အားစုတွေနဲ့ကြားမှာလည်း နှီးနှောတိုင်ပင်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်နယ် တစ်ခုချင်းစီရဲ့ အခြေအနေပေါ် မူတည်လို့ တပြိုင်နက်တည်း အုပ်ချုပ်ရေး ကောင်စီတွေ ဖွဲ့စည်းကြောင်း ကြေညာတာတွေ မလုပ်နိုင်ပေမယ့်၊ ချင်းနဲ့ ကရင်တို့ အပါအဝင် တခြား နေရာ ဒေသတွေမှာလည်း အလားတူ ကြားကာလ အုပ်ချုပ်ရေး ကောင်စီတွေ ဖွဲ့ဖို့ စိုင်းပြင်းနေကြတယ်လို့ နားလည်ရပါတယ်။
NUG နဲ့ ဘယ်လို ဆက်စပ်လဲ
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ရဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ထဲမှာလည်း ပြည်နယ် အစိုးရတွေကို အဲဒီ ပြည်နယ်က သူတွေ ဖွဲ့ပိုင်ခွင့် ရှိတယ်လို့ ဆိုထားပါတယ်။
ဒါ့ကြောင့် အခုလို ပေါ်ပေါက်လာတဲ့ ပြည်နယ် အုပ်ချုပ်ရေး ကောင်စီ IEC ကို NUG ရဲ့ လက်အောက်ခံ ယန္တရား အစိတ်အပိုင်း ဆိုတာထက် အဲဒီ ဒေသက သက်ဆိုင်ရာ အဖွဲ့အစည်း အင်အားစု အသီးသီး စုစည်းကြလို့ ကိုယ့်ပြည်နယ်တွင်းမှာ တော်လှန်ရေးကာလ စနစ်တကျ အုပ်ချုပ်ရေး ယန္တရား တစ်ရပ် စတင် ထားရှိလာတဲ့ သဘော အဖြစ် နားလည်နိုင်ပါတယ်။
ကရင်နီပြည်မှာ အခုလို ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ထူထောင်လာတဲ့ အခါ NUG အစိုးရကလည်း ဝမ်းမြောက်ကြောင်း ကြိုဆိုပြီး ဒါဟာ အခြားတိုင်းဒေသတွေအတွက် စံနမူနာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်နယ်တွင်းမှာတော့ လက်နက်ကိုင် အဖွဲ့ အမျိုးမျိုး ရှိနေပြီး ထိန်းချုပ် နယ်မြေ အသီးသီးမှာ ကိုယ်စီ ဖော်ဆောင်နေကြတဲ့ အုပ်ချုပ်ရေး ပုံစံတွေ ရှိသလို အားကောင်းတဲ့ အဖွဲ့ ဆိုရင်လည်း အစိုးရ ဖွဲ့စည်းပုံ ပုံစံမျိုး အထိ ထားရှိနှင့်ပြီး ဖြစ်ပါတယ်။
ဒါ့ကြောင့် တစ်ခုတည်းသော ပြည်နယ် အစိုးရ အဖြစ် တစည်းတလုံးတည်း ပေါ်ပေါက်လာဖို့ ဆိုရင်တော့ အဲဒီ ထိန်းချုပ်နယ် အသီးသီးမှာ အားလုံး သဘောတူ လက်ခံတဲ့၊ အတူ ပူးပေါင်း လုပ်ဆောင်ကြမယ့် ခိုင်မာတဲ့ သဘောတူမှုတွေ ရလာဖို့ လိုမှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးထိ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ IEC ဘက်ကလည်း ဆိုပါတယ်။
IEC ဟာ ကရင်နီထဲက အင်အားစု အားလုံးကို ကိုယ်စားပြုလား
ကရင်နီထဲမှာလည်း ကယန်း၊ ကယော၊ ပဒေါင်တို့လို မျိုးနွယ်စု အသီးသီးလည်း ရှိနေတဲ့ အတွက် အဲဒီ မျိုးနွယ်စု အသီးသီး ကိုယ်စားပြု ပါဝင်နိုင်ခွင့်ကိုလည်း ပိုမို ကြိုးစားပုံဖော် ပေးဖို့ လိုတယ် ဆိုပြီး central European တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံ ကျောင်းဆင်း မသီရိက သုံးသပ်ပါတယ်။
ကရင်နီ IEC ရဲ့ လက်ရှိ ဖွဲ့စည်းမှုကို ကြည့်ရင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကို ဦးဆောင်နေတဲ့ ခူဦးရယ်က IEC ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး၊ KNDF ကို ဦးဆောင်တဲ့ ခွန်းဘီးထူးက ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထားတာ တွေ့ရပါတယ်။
ကရင်နီထဲမှာ ရှိတဲ့ အင်အားစု အားလုံး ၁၀၀ ရာခိုင်နှုန်း ပါဝင်လာအောင် မလုပ်ဆောင် နိုင်သေးပေမယ့်၊ အများစုတော့ ပါဝင်လာပြီလို IEC ဒုဥက္ကဋ္ဌ ခွန်းဘီးထူးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
IEC ရဲ့ ရည်မှန်းချက်ထဲမှာ စစ်ရေးကဏ္ဍ၊ ကာကွယ်ရေး ကဏ္ဍလည်း ပါဝင်တဲ့ အတွက် ပြည်နယ်တွင်းက လက်နက်ကိုင် အင်အားစု အားလုံး အနေနဲ့ ပြည်သူတွေကို အကာအကွယ်ပြု ပေးနိုင်ရေး ဘယ်လိုမျိုးတွေ အတူ လက်တွဲ လုပ်သွားမလဲ ဆိုတာကိုလည်း IEC က ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အဲဒီ အထဲမှာ လက်နက် ခဲယမ်းမီးကျောက် ပိုမို စနစ်တကျ တပ်ဆင်ရေး အပါအဝင် စစ်ရေး ကိစ္စတွေ ပါဝင်ပြီး၊ ဘဏ္ဍာငွေကြေး ရန်ပုံငွေတွေကို ဘယ်လိုမျှဝေ သုံးစွဲ သွားမလဲ ဆိုတာကို IEC အနေနဲ့ ပွင့်လင်း မြင်သာစွာ လုပ်ဆောင်မယ်လို့လည်း ခွန်းဘီးထူးက ဆိုပါတယ်။
IEC ရဲ့ လက်အောက်မှာ စစ်ကောင်စီနဲ့ လက်ရှိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF လည်း ပါဝင်ပါတယ်။
KNDF ရဲ့ ပြောဆိုချက်အရ လက်ရှိမှာ ကာကွယ်ရေးမူဝါဒ မူကြမ်းရရှိပြီဖြစ်ပြီး ဒီမူဝါဒချမှတ်ပြီးရင် အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ ညွှန်ကြားမှုအောက်ကနေ စနစ်တကျ တိုက်ပွဲဝင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စစ်ရေးအရ နောက်တဆင့်တက်ဖို့ ပြင်ဆင်နေတယ်လို့လည်း KNDF ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံက ဘီဘီစီကို ပြောထားပါတယ်။
အဲဒီလို စစ်ရေး ကဏ္ဍတင်မက တရားဥပဒေစိုးမိုးရေး ကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးနဲ့ စစ်ဘေးရှောင် ကူညီရေးလို စာနာမှု ဆိုင်ရာ အကျပ်အတည်း ဖြေရှင်းဆောင်ရွက်ရေး စတဲ့ ကဏ္ဍ အသီးသီးမှာ IEC က တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။
ပြည်နယ်တွင်း CDM လုပ်လာတဲ့ ရဲတွေ အပါအဝင် ရဲ အင်အား အနည်းဆုံး အယောက် ၃၀၀ ဝန်းကျင်နဲ့ လည်ပတ်လှုပ်ရှားနေတဲ့ ရဲစခန်း ၉ ခု ရှိနှင့်ပြီး ဖြစ်ပါတယ်။ တခါ၊ ပညာရေး ကဏ္ဍမှာလည်း ပြီးခဲ့တဲ့နှစ်က အခြေအနေကို ကြည့်ရင် အခြေခံပညာအဆင့် ကလေးသူငယ်ပေါင်း အယောက် ၃ သောင်း ဝန်းကျင်ရဲ့ ပညာရေးကို တော်လှန်ရေး အင်အားစုတွေ တာဝန်ယူခဲ့တယ်လို့ ဆိုပါတယ်။ ကျန်းမာရေး ကို ကြည့်ပြန်ရင်လည်း တော်လှန်ရေး အင်အားစုတွေရဲ့ ဆေးရုံ ဆေးခန်းတွေဟာ ခွဲစိတ်ကုသမှု ပေးနိုင်တဲ့ အထိ စောင့်ရှောက်မှု ပေးနိုင်တယ်လို့ ဆိုပါတယ်။
ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်တယ်ဆိုတိုင်း ဗုံးကြဲ ခံရနိုင်တဲ့ အန္တရာယ်
ကရင်နီပြည်မှာတင်မက အညာဒေသတခွင် အပါအဝင် လက်နက်ကိုင် တော်လှန်ရေး နယ်မြေတွေမှာ ဒေသန္တရ အုပ်ချုပ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်တယ် ဆိုတိုင်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ သာဓက အများအပြား ရှိပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၂ လပြည့်သွားတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက် ခံရတဲ့ ဖြစ်ရပ်မှာ ဆိုရင်လည်း ပြည်သူ့ အုပ်ချုပ်ရေး ယန္တရား ရှိနေတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တာမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ အပါအဝင် လူတွေ အစုလိုက်အပြုံလိုက် သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။
အခု ကရင်နီပြည်ရဲ့ IEC ဖွဲ့စည်းရတဲ့ ရည်မှန်းချက်တွေထဲ ထိပ်တန်း အဆင့်က ပါဝင်နေတဲ့ အကြောင်းအရာကတော့ အများပြည်သူရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်မယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ဒီတော့ အခုနက ပြောတဲ့ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍတွေ ဖော်ဆောင်ထားရှိတာကို လေကြောင်းရန် အပါအဝင် စစ်ကောင်စီထိုးစစ်တွေကနေ အကာအကွယ်ပြု ပေးနိုင်ဖို့ အတိတကျ စနစ်ယန္တရားတွေ ရှိနေပြီလား၊ လူထုကြားထဲ အသိပညာပေးထားတာတွေ၊ လက်တွေ့ ဖော်ဆောင်တာတွေ ရှိနေပြီလားလို့ ဇွန် ၁၂ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ဘီဘီစီက မေးခဲ့ပါတယ်၊
တော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း အဲဒီလို ပစ်မှတ်ထား တိုက်ခိုက်ခံရမှု အကြိမ်ကြိမ် ရှိခဲ့ပြီ ဖြစ်တာမှာ IEC မဖွဲခင်ကတည်းက ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ KSCC ကနေ လေကြောင်းရန်ကာကွယ်ရေး အပါအဝင် ပြည်သူတွေ ဘေးကင်းလုံခြုံရေး အစီအမံတွေ၊ လက်တွေ့ လိုက်နာကျင့်သုံးရမယ့်နည်းတွေ အတော်အသင့် ချမှတ်ထား လုပ်ဆောင်ထားနှင့်ပြီး ဖြစ်တယ်လို့ IEC တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အတွင်းရေးမှူး ၂ ဗညားခွန်အောင်က ဖြေဆိုပါတယ်။
လုံခြုံရေး ဆိုင်ရာ ကိစ္စချင်းရာတွေ ဖြစ်တဲ့ အတွက် ဘယ်လို ဘယ်ပုံမျိုးတွေ လုပ်နေလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ IEC က ထုတ်ဖော် မပြောပါဘူး။ ဒါပေမယ့်၊ လေကြောင်း တိုက်ခိုက်မှု အန္တရာယ် တင်မက မြေပြင်ထိုးစစ်တွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေရဲ့ ရန်ကပါ အကာအကွယ်ပြုနိုင်ဖို့နဲ့ စားနပ်ရိက္ခာ မပြတ်တောက်ရအောင်ကအစ ပြည်သူကို အကာအကွယ် ပေးမယ့် အသေးစိတ် အစီအစဥ်တွေ ရှိကြောင်း ကတိပြု ပြောဆိုနိုင်တယ်လို့ ဗညားခွန်အောင်က ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပစ်မှတ်ထားမှု အပြင်းအထန် ခံနေရပြန်တဲ့ ကရင်နီစစ်မျက်နှာ
ကရင်နီပြည်ထဲ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ IEC ဖွဲ့စည်းကြောင်း ကြေညာတဲ့ ဇွန်လ ၁၂ ရက်အထိ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်နေပြီး အရပ်သား ပြည်သူ ၂၀ ကျော်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားရပါတယ်။
တခါ၊ ဖယ်ခုံမြို့နယ်အနောက်ခြမ်းမှာပါ စစ်ရေးတင်းမာနေတယ်လို့ KNDF ထံက သိရပါတယ်။
ရှမ်းကယားနယ်စပ်က မိုးဗြဲနဲ့ဖယ်ခုံ မှာ ဖြစ်ခဲ့တဲ့ အဲဒီ တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က နှစ်ရက်အတွင်း ၆ ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မိုးဗြဲမြို့ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဇွန်လ (၁၁) ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေ နဲ့ ပစ်ကူပေးခဲ့ပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03)က တပ်ဖွဲ့ဝင် နှစ်ဦး နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး က ရဲဘော် တစ်ဦး သေဆုံးတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
ကရင်နီဒေသဟာ အခု ၂၀၂၃ ခုနှစ် ခြောက်လတာအတွင်း အဆိုးရွားဆုံးအနေနဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေခံနေရတာဖြစ်ပြီး စစ်ရှောင်ပြည်သူ အနည်းဆုံး ၂သိန်း ဝန်းကျင်ရှိနေပြီလည်း ဖြစ်ပါတယ်။