“သံလွင်အရှေ့ခြမ်းလွတ်မြောက်ရေး” အတွက် ရည်မှန်းနေတဲ့ မယ်စဲ့ တိုက်ပွဲတွေ

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ စစ်စခန်းက သူတို့အဆို ဗျူဟာကုန်း တခုပဲ ရှိတော့တယ်လို့ ဒေသတွင်း အခြေ အနေကို သိထားတဲ့ သတင်း ရင်းမြစ်တခုက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီဘက်က မယ်စဲ့မြို့နယ်ကို လက်လွှတ်ရရင် ဖားဆောင်းမြို့ရဲ့ (သံလွင်မြစ်) အရှေ့ဘက်အခြမ်း နယ်မြေတွေကို လွှမ်းမိုးနိုင်မှု ဆုံးရှုံးသွားမှာပါ။

မယ်စဲ့မြို့နယ်ဟာ ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့ပြီး နောက်ပိုင်းမှာ နယ်ခြား စောင့်တပ် - BGF ဖြစ်သွားတဲ့ ကလလတ (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး - KNPLF) အခြေစိုက်ရာ ဒေသတွေထဲက တခုပါ။

ဒီမြို့နယ်ရဲ့ တောင်ဘက်က ထိုင်းနိုင်ငံဖြစ်ပြီး အရှေ့တောင်ဘက်က ကရင်အမျိုးသား အစည်းအရုံး - KNU တပ်မဟာ ၅ နယ်မြေနဲ့ ထိစပ်နေပါတယ်။ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်တို့ မှာ ကလလတ - KNPLF ရဲ့ တခြားစိုးမိုးနယ်မြေရှိသလို၊ ကရင်နီအမျိုးသားများ တိုးတက်ရေးပါတီ - KNPP/ KA၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် - KNDF တို့ စိုးမိုး လှုပ်ရှားနေကြတဲ့ နယ်မြေတွေ ရှိပါတယ်။

မယ်စဲ့ဟာ အရေးကြီးတယ်လို့ သတ်မှတ်ထားပုံရတဲ့ စစ်ကောင်စီဘက်က လေ ကြောင်းကနေ တန်ပြန် တိုက်ခိုက်နေသလို၊ ရဟတ်ယာဉ် တွေနဲ့လည်း စစ်ကူပို့ နေပါတယ်။

မယ်စဲ့မြို့နယ်အတွင်းမှာသာမက နယ်ချင်း ဆက်နေတဲ့ သံလွင်မြစ် တဖက်ကမ်း ဖားဆောင်းမြို့ပေါ်က စစ်ကောင်စီတပ်ကိုလည်း တိုက်ဖို့ ဆိုင်နေကြပြီလို့ ပုန်ကန် တော်လှန်နေတဲ့ လက်နက်ကိုင် အင်အားစုတွေဘက်က ပြောပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြတဲ့ ဒီတိုက်ပွဲတွေမှာ အပစ်ရပ်ထားတဲ့ ကလလတ - KNPLF က တပ်တွေလည်း ပါဝင်သလို၊ ကရင်နီအမျိုးသားများ တိုးတက်ရေးပါတီ - KNPP/ KA၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် - KNDF စတဲ့ တပ်တွေလည်း ပါဝင်ပြီး၊ ကရင်အမျိုးသား အစည်း အရုံး - KNUရဲ့ KNLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ PDF တပ်တွေလည်း ပူးပေါင်း နေကြ တာ ပါ။ KNU၊ KNPLF၊ KNPP နဲ့ KNDF တို့ ပါဝင်တာမို့ 4K တပ်ပေါင်းစုနဲ့ PDF တွေလို့ အမည်ပေးနေကြပါတယ်။

အပစ်ရပ် ကလလတ (KNPLF) ဟာ ၂၀၀၉ ခုနှစ်ကတည်းက အဲဒီကာလ စစ်အစိုးရရဲ့ စီမံမှု အတိုင်း နယ်ခြားစောင့်တပ် - BGF အဖြစ် ပြောင်းခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ အပြင် ကရင်နီပြည် အခြေစိုက် အဖွဲ့တွေဖြစ်တဲ့ KNPP နဲ့ KNPLF တို့အကြား ရှည်ကြာလှတဲ့ ပဋိပက္ခတွေ ရှိခဲ့တာကြောင့် အခုလို စစ်ကောင်စီကို ပြန်တိုက်တာ၊ သူတို့ ပူးပေါင်း တိုက်ခိုက်ကြတာတွေကို အလှည့်အပြောင်းကြီးတခု အဖြစ် သုံးသပ် နေကြပါတယ်။

တပတ်ကျော်လာပြီဖြစ်တဲ့ မယ်စဲ့တိုက်ပွဲ

ဇွန်လ ၁၃ ရက်နေ့ မနက်မှာ စစ်ကောင်စီတပ်တွေ ထိုင်ထားတဲ့ BP (Border Post) ၁၄ စခန်း၊ BP ၁၅ (မယ်လနွယ်စခန်း)၊ တောင်လှ စခန်း၊ မယ်စဲ့မြို့မ ရဲစခန်းနဲ့ မယ်စဲ့ ဗျူဟာ ကုန်းတွေကို တော်လှန်ရေးအင်အားစုတွေဘက်က တပြိုက်နက်တည်း တိုက်ခိုက် ခဲ့ကြပြီး ဗျူဟာကုန်းက လွဲလို့ တခြားနေရာ အားလုံးကို စီးမိခဲ့ကြပါတယ်။

စစ်ကောင်စီတပ်ဘက်က အသေအဆုံး ဆယ်နဲ့ချီ ရှိတယ်၊ ထိုင်းဘက်ကို ထွက်ပြီး ခိုလှုံ တာတွေရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်လာ ပေမယ့် ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲတွေ အတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ လာရောက် တိုက်ခိုက် ခဲ့သလို နောက်နေ့ ဇွန်လ ၁၄ ရက်နေ့မှာ ဗျူဟာကုန်းကို အားဖြည့်ဖို့ သူတို့ တပ်ဖွဲ့ဝင် သစ်တွေကို ရဟတ်ယာဥ်နဲ့ လာပို့ခဲ့ပါတယ်။

ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အင်အားစုတွေ အများအပြား ရှိတဲ့အတွက် စစ်ကောင်စီတပ်တွေအဖို့ ရိက္ခာနဲ့ လက်နက်ပစ္စည်းထောက်ပို့ရာမှာ ဖြစ်စေ၊ လူအင်အား ဖြည့်တင်းရာမှာ ဖြစ်စေ ရဟတ်ယာဉ်ကို အသုံးပြုနေရတာက နှစ်နဲ့ချီတဲ့ကာလ အထိရှိလာနေပါပြီ။

သူတို့အင်အားထပ် မဖြည့်ခင်က အဲဒီဗျူဟာကုန်းမှာ စစ်ကောင်စီ တပ်အင်အား ၁၀၀ ဝန်းကျင် ရှိတယ်လို့ ဆန့်ကျင်တော်လှန်ရေး အင်အားစုတွေက ခန့်မှန်းထားကြပါ တယ်။

ဒီတိုက်ပွဲတွေ ဖြစ်လာဖို့ ကလလတ - KNPLF ဟာ ဒေသတွင်းအင်အားစုတွေနဲ့ ကာလ အတော်ကြာကြာ ကတည်းက ဆက်သွယ်ညှိနှိုင်းပြင်ဆင်ခဲ့ပါတယ်။

4K တပ် ပေါင်းစု နဲ့ PDF တွေချမှတ်ထားတဲ့“သံလွင်အရှေ့ခြမ်း လွတ်မြောက်ရေး စီမံချက်” ရဲ့ တစိတ်တဒေသ အဖြစ် ဒီတိုက်ပွဲတွေကို ဖော်ဆောင်နေတာလို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ တပတ်ကျော် ကတည်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေက မယ်စဲ့မြို့နယ် အတွင်းမှာ မစဲသွားသေးသလို ဒေသခံ ပြည်သူ ၄,၀၀၀ ကျော် သူတို့ နေအိမ်တွေက နေ ထွက်ပြေးနေကြရပြီး ထိုင်းနိုင်ငံဘက်ကို တချို့ရောက်ကာ တချို့လည်း ထိုင်း ဘက်က ဝင်ခွင့်မပေးတဲ့အတွက် နယ်စပ်က တောတွေ ထဲမှာပဲ ပိတ်မိနေကြတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့တွေနဲ့ စစ်‌ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြော ပါတယ်။

ကလလတ ကနေ BGF၊ BGF ကနေ ကလလတ

ကလလတ - KNPLF ဟာ ၁၉၉၄ ခုနှစ်မှာ (အဲဒီ အချိန်က) စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူစဉ်က သူတို့ အင်အား ၁,၆၀၀ လောက် ရှိတယ်လို့ ဆိုခဲ့ပါတယ်။ ဒီအင်အားဟာ တပ်ဖွဲ့ဝင်ရဲဘော်တွေနဲ့အတူ သူတို့ အိမ်ထောင်စုဝင် တွေရဲ့ အရေ အတွက်လည်း ပါဝင်နိုင်ပါတယ်။

၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် - BGF (Border Guard Force) အဖြစ် သူတို့ ပြောင်းရ တော့ တပ်ရင်း ၁၀၀၄ နဲ့ တပ်ရင်း ၁၀၀၅ ဆိုပြီး ဖြစ်လာပါတယ်။ တပ်ရင်း တခုက မယ်စဲ့မြို့နယ်ထဲက ဟိုစဲ့မြို့မှာ အခြေစိုက်ပြီး တရင်းက ဘောလခဲမြို့နယ် ထဲက ရွာသစ်မြို့မှာ အခြေစိုက်ပါတယ်။ ကယားပြည်နယ် မြို့တော် လွိုင်ကော်မှာ သူတို့ရုံးတွေ၊ မိသားစု အိမ်တွေရှိသလို တခြားမြို့တချို့မှာလည်း သူတို့ရုံးတွေကို ဖွင့်လှစ်ထားခဲ့ဖူးပါတယ်။ လောလောဆယ် အဖွဲ့ကို ဦးဆောင်သူကတော့ ဥက္ကဋ္ဌ ဦးထွန်းကျော်ပါ။

အခု မယ်စဲ့တိုက်ပွဲတွေမှာ BGF တပ်ရင်း ၂ ရင်းလုံးက သူတို့ရဲ့ မူရင်း ကလလတ တပ်ရင်း နာမည်တွေ ဖြစ်တဲ့ KNPLF ၄၈၇၈ တပ်ရင်း၊ KNPLF ၇၈၉၄ တပ်ရင်း စသဖြင့် အမည် ပြောင်းလဲ လိုက်ပြီဆိုတဲ့ သတင်းတွေထွက်နေသလို၊ “BGF တပ်ရင်း ၁၀၀၅ က အကုန်အစင် ကူးပြောင်းလိုက်တာမျိုး မဟုတ်သေးဘူး” လို့လည်း ဆိုကြပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ ဆယ်စုနှစ် ၃ စု နီးပါးရှိလာပြီ ဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခု အနေနဲ့ တစ်ဖက်ကနေ တစ်ဖက်ကို ပြန်ကူးပြောင်းဖို့ သိပ်မလွယ်ကူ တဲ့ပုံရပါတယ်။

ဒါပေမဲ့ သူတို့ အဖွဲ့အစည်းအနေနဲ့ စစ်ခေါင်းဆောင်တွေအပေါ် သ‌ဘောထားက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း “အရင်ကနဲ့ မတူဘဲ သိသိသာသာ ပြောင်းလဲလာသလို” ၊ ကရင်နီပြည် အတွင်းက တခြားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ “နိုင်ငံရေးအရ၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာ ကြာပြီ” လို့ သူတို့ အဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

ကလလတ - KNPLF အဖွဲ့အစည်း တည်ထောင်သူတွေဟာ ဗမာပြည် ကွန်မြူနစ် ပါတီနဲ့ မဟာမိတ်ဖွဲ့ခဲ့ကြပြီး ၁၉၇၈ ခုနှစ် မတိုင်မီကထိ KNPP အဖွဲ့တခုတည်းကပါ။ သူတို့ ခွဲထွက်ကြပြီးတဲ့နောက် ဖိအားမျိုးစုံကို ရင်ဆိုင်ခဲ့ရကာ KNPP နဲ့ KNPLF အကြား တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးကြပြီး နှစ်ဖက်လုံးက လူအသေအဆုံးတွေ ရှိတဲ့အထိ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

မနှစ် ၂၀၂၂ ဒီဇင်ဘာလထဲမှာတင် ဘောလခဲမြို့နယ် ရွာသစ်မြို့ တစ်ဖက်ကမ်း ရွာတရွာ ကနေ ဟွေပုံလောင်း စခန်းဘက်ကို သွားတဲ့ သူတို့ တပ်ဖွဲ့ဝင် ၉ ယောက်နဲ့ ရွာသား ၃ ယောက်တို့ကို KNPP/ KA တပ်ရင်း ၂ နဲ့ KNDF တပ်ရင်း ၂၁ တို့က သတ်ဖြတ်ခဲ့တယ် လို့ ကလလတ - KNPLF က စာထုတ်ခဲ့သလို KNDF ဦးဆောင်အဖွဲ့ ကလည်း အဲဒီ အရေးအပေါ် အလေးထား ဆောင်ရွက်ပေးခဲ့ပါတယ်။

အခု ဇွန်လဆန်း ၃ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကော်မီတီက အတွင်း ရေးမှူး (၂) ဗညားခွန်အောင်က “အရင်က ဖြစ်ခဲ့တာတွေ ရှိခဲ့ ပေမယ့် အခု အချိန်က လူထု‌တော်လှန်‌ရေး ဖြစ်တယ်၊ လူထုကို မျက်နှာမူတဲ့ တော်လှန်ရေး ဖြစ်တဲ့ အတွက်ကြောင့် (သူတို့တွေ စစ်ကောင်စီကို) ပူးပေါင်း တိုက်ခိုက်ကြတာ ဖြစ်တယ်” လို့ ဘီဘီစီကို ပြောပါတယ်။

ကရင်နီ ဒေသအတွင်းက တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင် လာကြတာကို ကြည့်ပြီး “စစ်အာဏာရှင် စနစ် ဆန့်ကျင်တဲ့ ကရင်နီလူမျိုးစုံ ဆန့်ကျင် တော်လှန်ရေး သမိုင်းမှာ အချိုးတကွေ့” ကို ရောက်လာတာလို့ သုံးသပ်ကြပါတယ်။