ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံတဝန်းက စစ်မျက်နှာပြင်တွေအကြောင်း စစ်ခေါင်းဆောင် ဘာပြောလဲ
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၂၉ ရက်မှာ နေပြည်တော်မှာ အစည်းအဝေးခေါ်လိုက်ပြီး နိုင်ငံတဝန်းမှာ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာပြင်တွေအကြောင်း ကို စစ်ကောင်စီဝင်တွေကို ရှင်းပြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်တိုင်လက်နက်ထုတ်လုပ်နိုင်နေတဲ့အခြေအနေတွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ အကြောင်း အဓိကထား ပြောသွားတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စစ်တပ်စခန်းတွေ ဘာကြောင့် ဆုံးရှုံးရလဲ ဆိုတာကိုပါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးနဲ့ တိုက်ခိုက်ခံရတဲ့ကာလအတွင်း ပထမဆုံးခေါ်ယူတဲ့ စစ်ကောင်စီအစည်းအဝေးလည်း ဖြစ်ပါတယ်။
သာလွန်အင်အားသုံးပြီး ပြည်ပ ပညာရှင်တွေအကူအညီ နဲ့ စစ်သုံးအဆင့် ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ကပြောခဲ့ပြီး တအာင်းတပ် TNLA ဗိုလ်မှူးချုပ် တာဘုန်းကျော်က ‘’သူပြောသလိုသာသုံးနိုင်ရင် နေပြည်တော်ကိုတောင် သိမ်းနိုင်နေပြီ’’ လို့ တုံ့ပြန်ပါတယ်။
အင်အား ၆၅၀၀၊ Drop Bomb ၂၅၀၀၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ဒေသက တပ်လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရမှုမှာ ပြည်ပက Drone ပညာရှင်တွေအပါအဝင် စုစုပေါင်းအင်အား ၆၅၀၀ ခန့် ပါဝင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လည်း ပါဝင်တိုက်ခိုက်ခဲ့တယ် လို့ စစ်ခေါင်းဆောင်ကပြောခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကလည်း မြောက်ပိုင်းမှာ သူတို့ပါ ဝင်တိုက်တဲ့အကြောင်း ထုတ်ပြောထားပါတယ်။
သာလွန်အင်အားနဲ့ တိုက်ခိုက်ခံရတယ် လို့ စစ်ခေါင်းဆောင်က ပြောပြီး စစ်သုံးအဆင့် ဒရုန်းတွေ နဲ့ Drop Bomb တွေ အသုံးပြုတိုက်ခိုက်ခဲ့တာကို တွေ့ရတယ်လို့ဆိုပါတယ်။
နိုဝင်ဘာ ၂၉ ရက်အထိ စာရင်းတွေအရ Drop Bomb အသုံးပြုမှုမှာ အလုံးပေါင်း ၂၅၀၀၀ ကျော်ခန့် ရှိပြီး ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
‘’ကျွန်တော်တို့အဲဒီလိုသာ သုံးနိုင်ရင် သူ နေပြည်တော်မှာတောင် အခုလိုအစည်းအဝေးလုပ်နိုင်မှာမဟုတ်ဘူး’’ လို့ ကိုးကန့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ဘီဘီစီကို ပြောပါတယ်။
၂၀၀၉ ခုနှစ် ၊၂၀၁၅ ခုနှစ် ၊ ၂၀၁၆ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်တွေမှာ MNDAA နဲ့ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်ခဲ့ပေမဲ့ စစ်တပ်က အခုလို အချိန်တိုအတွင်း စစ်စခန်းတွေ ရာဂဏန်းအထိ လက်လွှတ်ခဲ့ရတာ မျိုး မရှိခဲ့ပါဘူး။
ကိုးကန့်ဒေသထဲက စစ်စခန်း ၁၈၀ ကျော် ကို MNDAA က တစ်လအတွင်းမှာ သိမ်းပိုက်ထားနိုင်ပြီလို့ လီကျားဝင်းက ပြောပါတယ်။
‘’ကိုးကန့်ဒေသထဲမှာဆို လောက်ကိုင်ရယ် တာရွှေထန်ရယ်ပဲ ကျန်တော့မယ်။’’ လို့ သူက ပြောပါတယ်။
MNDAA အနေနဲ့ လောက်ကိုင်မြို့ကို စတင်တိုက်ခိုက်နေပြီလည်း ဖြစ်ပါတယ်။
နိုဝင်ဘာ လကုန်ပိုင်းမှာ ကုန်းကြမ်းအခြေစိုက် အမှတ်(၁၂၅) ခြေလျင်တပ်ရင်းကို MNDAA က သိမ်းပိုက်လိုက်ပြီးနောက်မှာ ကိုးကန့်ဒေသရဲ့ မြောက်ပိုင်းတစ်ခုလုံးကို MNDAA က အလုံးစုံ ထိန်းချုပ်နိုင်သွားပြီပဲဖြစ်ပါတယ်။
စစ်ရေးအရ အရေးပါတဲ့ ကုန်းကြမ်းမြို့အဝင်မှာ ခလရ(၁၂၅) ကို ၁၉၉၂ ခုနှစ်ကတည်းက တပ်တည်ထားပြီး ရဟတ်ယာဉ်ပါ ဆင်းသက်နိုင်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ တခြားတပ်မတွေက စစ်သည်တွေကို ရဟတ်ယာဉ်နဲ့ ခလရ(၁၂၅) အတွက် စစ်ကူစေလွှတ်ခဲ့ပေမဲ့ လက်လွှတ်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။
ရှမ်းမြောက်က တပ်စခန်းတွေ လက်လွှတ်ခဲ့ရတာက ဒရုန်းတိုက်ခိုက်မှုအတွင်း တပ်မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအရ နေရာတချို့ စွန့်ခွာပေးခဲ့ရတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
‘’နယ်စပ်ဒေသဖြစ်တာကြောင့် တစ်ဖက်နိုင်ငံက အထင်အမြင်မလွဲမှားအောင် ကန့်သတ်ထိန်းသိမ်း ဆောင်ရွက်ရပြီး အရပ်သူအရပ်သားအပြစ်မဲ့ပြည်သူတွေ မထိခိုက်အောင်လည်း ဆောင်ရွက်ခဲ့ရတာတွေရှိတယ်’’ လို့ သူကပြောပါတယ်။
စစ်ကောင်စီပြောတဲ့ လက်နက်ကိုင် ၇ ဖွဲ့
နေပြည်တော်ရဲ့ မြောက်ပိုင်းစစ်မျက်နှာပြင်က ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ အကြောင်းအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ဝ တပ်ဖွဲ့ UWSA တို့ အကြောင်းကိုပါ စစ်ကောင်စီထဲမှာ ဆွေးနွေးခဲ့ကြပါတယ်။
တောင်ပိုင်းစစ်မျက်နှာပြင်ဘက်က ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့နဲ့ တိုက်ပွဲအခြေအနေတွေကို ပြောခဲ့ကြပါတယ်။
KIA ဌာနချုပ် လိုင်ဇာ နဲ့ လိုင်စင်ပို့(စ်) မှာ လက်နက်ခဲယမ်းစက်ရုံတွေရှိတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
စစ်ကောင်စီက ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ ရင်ဆိုင်နေရချိန်မှာ KIA နဲ့ PDF ဟာ စစ်ကိုင်းတိုင်းထဲက ထီးချိုင့်၊ ကန့်ဘလူ၊ ကောလင်း၊ တမူး နဲ့ ခမ်းပတ်မြို့တွေသာမက ချင်းပြည်နယ်အတွင်းက ဟားခါး နဲ့ လိုင်လင်းပီမြို့တွေကိုပါ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အကြောင်းကိုလည်း စစ်ကောင်စီထဲမှာ ဆွေးနွေးခဲ့ကြပါတယ်။
ဝ တပ်ဖွဲ့ဟာ စစ်တပ် နဲ့ အနှစ် ၃၀ ကြာ တိုက်ပွဲမဖြစ်ခဲ့ပေမဲ့ ကိုယ်ပိုင်လက်နက်ထုတ်လုပ်မှုကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာတာ တွေ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ အောက်တိုဘာ ၂၇ ရက်မှာစတင်တဲ့ တိုက်ပွဲတွေ အပစ်ရပ်ကြဖို့ UWSA က တိုက်တွန်းထားပြီး ဝ ဒေသထဲကို စစ်ရေးအရဝင်ရောက်တိုက်ခိုက်ကျူးကျော်မှု မှန်သမျှကိုတော့ ပြတ်ပြတ်သားသားလက်တုံ့ပြန်မယ်လို့ နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့အပြင် နေပြည်တော်ကိုပါ ပုံမှန်လာရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ဝ တပ်ဖွဲ့အကြောင်းကိုပါ စစ်ကောင်စီက ဆွေးနွေးခဲ့လို့ စစ်ကောင်စီအနေနဲ့ ဝ တပ်ဖွဲ့ကိုပါ သံသယမကင်းဖြစ်နေနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။
‘’ ၁၀၂၇ စစ်ဆင်ရေးမှာ နမ့်တစ်(UWSA ထိန်းချုပ်နယ်မြေ)ကို ကိုးကန့်တွေ အသုံးပြုဖို့ခွင့်ပေးခဲ့တယ်လို့ တပ်က သံသယရှိနေပုံရတယ်’’ လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှာပါဝင်တဲ့ တအာင်းတပ် TNLA အနေနဲ့ မန္တလေး-လားရှိုး-သိန္နီလမ်းကြောင်းပေါ်က နောင်ချို နဲ့ သိန္နီ မြို့တွေကို တိုက်ခိုက်ခဲ့သလို လားရှိုးမြို့ကိုလည်း နှောင့်ယှက်ပစ်ခတ်ခဲ့တဲ့အကြောင်း စစ်ကောင်စီမှာ ဆွေးနွေးကြပါတယ်။
၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ TNLA ဟာ ၁၀၅ မိုင် ကုန်သွယ်ရေး စခန်း နဲ့ မူဆယ်မြို့က ပြည်သူ့စစ်စခန်းတွေ နဲ့ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
TNLA ရဲ့ ရည်ရွယ်ချက်ဟာ ပလောင်ဒေသရရှိရေး လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော် အေအေ နဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြပြီး ၂၀၂၁ ခုနှစ် မတ် ၁ ရက်မှာ နီပွန်ဖောင်ဒေးရှင်းရဲ့ စေ့စပ်စီစဉ်ပေးမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ပြီး အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတာကိုပါ ရုပ်သိမ်းပေးခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး MNDAA နဲ့ ပူးပေါင်းတိုက်ခိုက်လို့ သစ္စာမရှိဘူး လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ချင်းပြည်နယ်အတွင်းက ဟားခါး နဲ့ လိုင်လင်းပီမြို့တွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အထဲ အေအေ ပါဝင်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
စစ်မျက်နှာပြင်တွေများနေတဲ့ စစ်ကောင်စီဟာ အရှေ့မြောက်ဒေသက တိုက်ပွဲတွေသာမကဘဲ အရှေ့ပိုင်းတိုင်း နဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွေထဲက တိုက်ပွဲတွေအကြောင်းကိုပါ စစ်ကောင်စီအစည်းအဝေးမှာ ထည့်သွင်းပြောဆိုပါတယ်။
လွိုင်ကော်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း ဖြစ်ပါတယ်။
KNDF ဟာ လူသူလက်နက်ခဲယမ်း ကြိုတင်စုဆောင်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က လက်နက်အလက် ၅၀၀ နဲ့ ခဲယမ်းတွေကို ဟိုပုံးမြို့နယ်အတွင်းမှာ ဖမ်းမိခဲ့တဲ့အကြောင်းကို စစ်ကောင်စီက ဥပမာ ပေးပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ကလည်း လက်နက်မျိုးစုံ အလက် ၁၃၀ ၊ ကျည်မျိုးစုံ ၁၃၀၀၀ ကျော်၊ လက်ပစ်ဗုံး ၇၆၀၀ ကျော်၊ လက်နက်ငယ်ပြောင်းပို ၅၀၀ ချောင်း နဲ့ တခြားခဲယမ်းတွေကို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းမိတဲ့လက်နက်ခဲယမ်းတွေဟာ မိုင်းကိုင်နယ်မြေထဲမှာ လှုပ်ရှားနေတဲ့ SSPP/SSA နယ်မြေကတစ်ဆင့် ရောက်ရှိလာတဲ့အကြောင်း ဖမ်းဆီးမိခဲ့သူတွေရဲ့ ထွက်ဆိုချက်တွေအရ သိရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းရုံး KNU နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအကြောင်းလည်း စစ်ကောင်စီမှာ ဆွေးနွေးခဲ့ကြပါတယ်။
ဒီဇင်ဘာ ၁ ရက်မနက်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးက ကော့နွဲ့စခန်းကို တပ်မဟာ(၆) ဦးစီးတဲ့ ပူးပေါင်းတပ်က သိမ်းပိုက်လိုက်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) က ထုတ်ပြန်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ သုံးတဲ့အကြောင်း ဒေသခံတွေထံကသိရပါတယ်။
စစ်မျက်နှာပြင်တွေများနေတဲ့ စစ်ကောင်စီ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတဝန်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေအကြောင်း သူ့ရဲ့ စစ်ကောင်စီဝင်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။
တပ်ရင်းလိုက် လက်နက်ချတဲ့အကြောင်း စစ်ခေါင်းဆောင်က အသေးစိတ်မပြောခဲ့ပေမဲ့ တပ်စခန်းတွေ ဆုံးရှုံးနေရတာက စစ်ကောင်စီအစည်အဝေးထဲမှာ ဖုံးဖိမရတဲ့အခြေအနေဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်က စတင် ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကြောင့် နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရလို့ စစ်ဆင်ရေးဆောင်ရွက်ချိန်မှာ အထူးကန့်သတ်ထိန်းသိမ်းဆောင်ရွက်ခဲ့ရတယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောလာပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး နောက်ကွယ်မှာ အင်အားစုစည်း တည်ဆောက်တာ၊ လက်နက်ခဲယမ်းတွေ အပြိုင်အဆိုင်ထုတ်တာ၊ PDF တွေကိုသင်တန်းပေးတာ၊ လက်နက်ခဲယမ်းတွေ ရောင်းချပေးနေတာတွေ လုပ်နေတယ် လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
‘’ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်တာ’’ လို့ သူကပြောပါတယ်။
‘’သောင်းကျန်းသူချေမှုန်းရေးကို ဖိဖိစီးစီးဆောင်ရွက်သွားမယ်’’ လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပေမဲ့ နိုင်ငံရေးအကဲခတ်တွေကတော့ မလွယ်ကူဘူး လို့ သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ တစ်လအတွင်းက ဆုံးရှုံးသွားတဲ့ တပ်စခန်းတွေကို စစ်ကောင်စီက ပြန်လည် မသိမ်းယူနိုင်သေးဘဲ တပ်စခန်းတွေထပ်ဆုံးရှုံးနေတာကို အကဲခတ်တွေက ထောက်ပြပါတယ်။
ကိုးကန့်တပ်ပြောခွင့်ရ လီကျားဝင်းကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က တိုက်ခိုက်မှုတွေကို ပြည်ပကပါဝင်နေတယ်လို့ စစ်ခေါင်းဆောင်က ပုံဖော်ပြီး ပြည်သူလူထုရဲ့ထောက်ခံမှုကို လိုချင်နေတာလို့ ဘီဘီစီကို ပြောပါတယ်။