လေးကေ့ကော်တိုက်ပွဲခွင်ပိုကျယ်လာသလို ထိုင်းဘက်ကို ခိုလှုံလာတဲ့ ဒုက္ခသည် ထောင်ချီရှိလာနေ

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ အနီးတဝိုက်က ရွာတချို့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတာတွေပါဝင်တဲ့ တိုက်ပွဲတွေ ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက် ကြာသပတေးနေ့မှာ ဖြစ်နေတာနဲ့အတူ စစ်ဘေးကို ရှောင်ရတဲ့ ဒုက္ခသည်တွေ အရေအတွက်က တိုက်ပွဲစဖြစ်တဲ့နေ့ကထက် အတော် ပိုများလာပါတယ်။

ထိုင်းဘက်ခြမ်းကို ကြာသပတေးနေ့ တနေ့တည်းမှာ ရောက်လာတဲ့ ဒုက္ခသည် အရေအတွက် ၁၃၀၀ ကျော် ရှိနေပြီး နောက်ထပ်လည်း ထပ်ဝင်လာဖို့ အခြေအနေ ရှိနေတယ်လို့ ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။

မြဝတီမြို့သောင်ရင်းမြစ် တဖက်ကမ်းမှာရှိတဲ့ မဲဆောက်မြို့နယ်ထဲက "မဲ့ကိုကင်း အရပ်ကို ရောက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ အစပိုင်းမှာ ကမ်းနားက နွားတင်းကုပ် နေရာတွေမှာ ခိုလှုံနေခဲ့ရပေမယ့် ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက နောက်ပိုင်းမှာ အဲဒီရပ်ကွက်က ထိုင်းစာသင်ကျောင်း တခုမှာ သူတို့ကို နေရာပေးလိုက်တယ်"လို့ ဒုက္ခသည်တွေကိုတွေ့ဖို့ သွားခဲ့တဲ့ ကရင်အမျိုးသားမီဒီယာက သတင်းထောက် မန်းမျိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

ဒုက္ခသည်တွေထဲ အသက်အရွယ်ကြီးတဲ့ အမယ်အို၊ အဖိုးအိုတွေ၊ နို့စိုအရွယ် ကလေးတွေ အများအပြား ပါဝင်တာကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

"ဆောင်းတွင်းချိန်မို့ သူတို့ကြုံနေရတဲ့ ဒုက္ခက အအေးထဲမှာ ပိုဆိုးနိုင်တယ်"လို့လည်း သူက ဖြည့်ပြောပါတယ်။

သူတို့ကို မဲဆောက်မှာရှိတဲ့ မြန်မာနိုင်ငံသား ဒေသခံတွေ၊ မီဒီယာတွေ ကိုယ်တိုင် တွေ့ဆုံနိုင်ဖို့ ထိုင်းအာဏာပိုင်တွေက ခွင့်မပြုသေးပေမယ့် လောလောဆယ် နေထိုင်ခိုလှုံစရာနဲ့ လိုအပ်တဲ့ အစားအစာတွေကို ဖြည့်ဆည်းထားပေးကြောင်းသိ ရပြီး၊ မနက်ဖြန်ကျမှ ကူညီချင်သူတွေအနေနဲ့ ဒုက္ခသည်တွေကို တွေ့ခွင့်ရလိမ့်မယ် လို့ အများက မျှော်လင့်နေကြပါတယ်။

Karen Information Centre (KIC) ကလည်း "ထိုင်းဘက်ခြမ်းကို ဒီနေ့ ရောက်လာ တဲ့ ဒုက္ခသည် ၁၃၀၀ ကျော်ရှိလာပြီး၊ ထိုင်းဘက်ကို ပြေးဖို့ လာခဲ့ကြသူတွေက အနည်းဆုံး ၂၀၀၀ ကျော်လောက် ရှိနေတယ်"လို့ ဘီဘီစီကို ပြောပြပါတယ်။

တိုက်ပွဲနေရာပိုကျယ်လာသလို မြန်မာဘက်ခြမ်းမှာလည်း စစ်ရှောင်ပြေးနေရ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တွေကြား ကြာသပတေးနေ့ကဖြစ်တဲ့ တိုက်ပွဲတွေဟာ လေးကေ့ကော်မြို့သစ်ထဲမှာတင်မကဘဲ အနီးအနားမှာရှိတဲ့ ပဟိကလော်ရွာနားမှာလည်း ဖြစ်လာနေတာပါ။

လက်နက်ငယ်တွေနဲ့သာမက ၂ မိုင်လောက်အကွာအဝေးကို ပစ်လို့ရတဲ့ ၆၀ မမ မော်တာတွေ အပါအဝင် လက်နက်ကြီးတွေပါ အသုံးပြုတဲ့ တိုက်ပွဲတွေ ဖြစ်လာသလို တိုက်ပွဲဖြစ်တဲ့နေရာတခုမှာ မီးလောင်လို့ မီးခိုးလုံးတွေ တက်လာနေတဲ့ မြင်ကွင်းကိုလည်း ထိုင်းဘက်ကမ်းကနေတောင် လှမ်းတွေ့နေရပါတယ်။

မြဝတီအထွက် ၃ မိုင်ကျော်လောက်မှာ ရှိတဲ့ "မဲ့ထော်သလေးရွာဘက်အထိ လက်နက်ကြီး ကျည်တွေကျလာတယ်" လို့ စစ်ဘေးရှောင်နေရသူ တယောက်က ဘီဘီစီကို ပြောပါတယ်။

မြဝတီကနေ တောင်ဘက် ၉ မိုင်အကွာလောက်မှာ ရှိတဲ့ လေးကေ့ကော်ကြားမှာ မဲ့ထော်သလေးရွာနဲ့ ပဟိကလောရွာတွေ အပါအဝင် ရွာပေါင်း ၇ ရွာလောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေးကေ့ကော်မြို့မှာ တိုက်ပွဲတွေက ဆက်ရှိနေပြီး "KNLA ဘက်က ဒီနေ့ မြို့တွင်းက နယ်မြေတချို့ ရှင်းလင်းလို့ ရသလောက်မှာ စစ်ကောင်စီဘက်က လက်နက် ၅ လက် သိမ်းဆည်းရမိခဲ့တယ်"လို့ KNLA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တခုက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က လေးကေ့ကော်မြို့သစ်ဘက်မှာဖြစ်တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်အဆင့် တယောက်၊ တပ်ကြပ် ၂ ယောက်နဲ့ ရဲဘော် ၂ ယောက် စုစုပေါင်း ၄ ယောက် သေဆုံးပြီး စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ တယောက်၊ ဗိုလ်ကြီး တယောက် နဲ့ ရဲဘော် ၂ ယောက် ဒဏ်ရာတွေရထားတယ်လို့ လည်း ဒေသခံတယောက်က ဘီဘီစီကိုပြောပါတယ်။

လေးကေ့ကော်မြို့ကလူတွေလည်း အနီးအနားရွာတွေကို ပြေးပြီး စစ်ဘေးရှောင် ကြရသလို၊ ဒေသတဝိုက် မတည်ငြိမ်တော့တဲ့ ရွာတချို့က လူတွေလည်း စစ်ဘေး ရှောင်ကြရတာမို့ မြန်မာပြည်တွင်းမှာပဲ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေလည်း ထောင်နဲ့ ချီပြီးရှိနေတယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့အုပ်ချုပ်ရေးအောက်မှာ ရှိပြီး ငြိမ်းချမ်းရေးမြို့လို့ လူသိများတဲ့ လေးကေ့ကော်မှာ ခိုလှုံနေကြတဲ့ လှုပ်ရှားတက်ကြွသူတွေကို စစ်ကောင်စီ တပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့နောက်ပိုင်း တင်းမာမှုတွေ ဖြစ်လာကာ အခုလို တိုက်ပွဲတွေဖြစ်လာတဲ့အထိ ရောက်လာခဲ့တာပါ။