ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုတွေပေးဖို့ မျှော်ကြသူတွေ
ထိုင်း - မြန်မာနယ်စပ်က မြန်မာဘက်သောင်းရင်းမြစ်တလျှောက်မှာနေထိုင်နေကြတဲ့ လေးကေ့ကော် ဒေသတဝိုက်က စစ်ရှောင်တွေကို ဇွန်လအတွင်းမှာပဲ ကုန်းမြင့်နေရာတွေကို အကုန်လုံးနီးပါးပြောင်းရွှေ့ နေထိုင်ဖို့ စီစဉ်နေကြပြီလို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
"ပြီးခဲ့တဲ့ မေလတုန်းက သောင်ရင်းမြစ်ရေတက်ပြီး တဲ ၁၀ လုံးလောက် မျောသွားတယ်လေ၊ အဲ့ဒါကြောင့် စစ်ရှောင်တွေကို ရွှေ့နေတာ။ ရသေ့ဂူက စစ်ရှောင်တွေဆိုလည်း သေ့ဘောဘိုးရွာဘက်က ပြောင်းခင်းတွေထဲ ပြောင်းပေးနေပြီ" လို့ ကိုယ်တိုင်လည်း စစ်ရှောင်ခဲ့ရဖူးတဲ့ သေ့ဘောဘိုးရွာသားက အခုသူစစ်ရှောင် ကူညီရေးပြန်လုပ်ပေးနေတဲ့ အကြောင်း ဘီဘီစီကိုပြောပြပါတယ်။
သူဟာ လေးကေ့ကော်တိုက်ပွဲမစခင်ကတော့ ကရင်အမျိုးသားကျောင်းအတွက် ကျောင်းဆရာအဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသကို စစ်ကင်းမဲ့ဇုန်လို့သတ်မှတ်ထားပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လလယ်ထဲမှာတော့ စစ်ကောင်စီဘက်ကနေ ဒီဒေသကိုဝင်ရောက် စစ်ဆေးမှုတွေလုပ်တာကတဆင့် ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်လာခဲ့ပြီးနောက် သူတို့ သေ့ဘောဘိုးတစ်ရွာလုံးလည်း စစ်တိမ်းရှောင်ခဲ့ရပါတယ်။
"ထိုင်းဘက်ကလည်း မြစ်ကိုကူးပြီး အဲဒီဘက်အဝင်က အများကြီးလက်မခံဘူး။ မိသားစုက တစ်နေရာပြေး၊ ကျွန်တော်က ကျောင်းသားတွေနဲ့ အတူပြေးရတော့ အခက်အခဲက ပြောမနိုင်ဘူးပဲ " လို့ သေ့ဘောဘိုးဒေသခံက လူလတ်ပိုင်းအရွယ် ကျောင်းဆရာက သူ့ရဲ့ စစ်ရှောင်အတွေ့အကြုံကို ဆက်ပြောပြပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှာရှိတဲ့ လေးကေ့ကော်အပါအဝင် မယ်ထော်သလေး၊ ဖလူးကြီး၊ ဖလူးလေး၊ မယ်ဝါးခီ၊ သေ့ဘောဘိုး၊ မော်ခီး၊ မင်းလက်ပံစတဲ့ အနည်းဆုံး ၁၀ ရွာနီးပါးက စစ်ရှောင်သောင်းနဲ့ချီ သောင်ရင်းမြစ်တလျှောက်နဲ့ ထိုင်းဘက်ကို စစ်ရှောင်ခဲ့ကြရတာပါ။ တိုက်ပွဲခေတ္တပြန်ငြိမ်သက်သွားချိန်မှာ တော့ ထိုင်းဘက်က စစ်ရှောင်တွေကို ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ကို ပြန်ပို့ခဲ့ပါတယ်။
သောင်ရင်းမြစ်ကမ်းဘေးနံမှာ လက်ရှိအချိန်အထိ စစ်ရှောင်သောင်းဂဏန်းဝန်းကျင်ဆက်ရှိနေဆဲဖြစ်ပြီး လာမယ့် မိုးတွင်းကာလမှာ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ဖို့ ကုန်းမြင့်နေရာတွေကို ထပ်မံစစ်ရှောင် နေထိုင်ဖို့ အခုလို ပြောင်းရွှေ့နေကြတာဖြစ်ပါတယ်။
"ဒီစစ်ရှောင်တွေရဲ့ လိုအပ်ချက်ကို ပြည်တွင်းကကူညီဖို့က လမ်းခရီးတလျှောက် စစ်ကောင်စီက အစစ်အဆေးများတော့ သိပ်မတွင်ကျယ်ဘူး။ နယ်စပ်နဲ့က ပိုနီးတော့ ထိုင်းနိုင်ငံကနေ ထောက်ပံ့ပေး နိုင်မလားဆိုတာ မျှော်လင့်ထားကြတယ်။"
"ကျွန်မတို့ရဲ့ အခုနောက်ဆုံးထုတ်ထားတဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်းထားတယ်" လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ဒါရိုက်တာ နော်ထူးထူးက ဘီဘီစီကို ပြောပါတယ်။
စစ်ရှောင်အနေနဲ့ အကူအညီတွေကို လက်လှမ်းမမီရတဲ့အကြောင်းအရင်းတွေဟာ စစ်ကောင်စီက အကူအညီပေးဖို့ငြင်းဆန်တာ အပါအဝင် နိုင်ငံတကာနယ်စပ် ဒေသတွေကို ဖြတ်ကျော်ခွင့်ရရှိဖို့ အဟန့်အတား တွေရှိနေတာကြောင့်ဖြစ်တယ်လို့ KHRG ရဲ့ "ငြင်းပယ်ခံပြည်သူများ၏ ဘဝများ" အစီရင်ခံစာမှာ ဖော်ပြထားပါသေးတယ်။
အထူးသဖြင့် စစ်ရှောင်ပြည်သူတွေကို အဓမ္မနေရပ်ပြန်လည်ပို့ဆောင်တာလည်း ပါဝင်တယ်လို့ ပြောထားပါတယ်။
အခုရင်ဆိုင်နေရတဲ့ လူသားချင်းကူညီထောက်ပံ့မှုဆိုင်ရာအကူအညီထောက်ပံ့ရေး အကြပ်အတည်း ကို ဖြေရှင်းနိုင်ဖို့ စစ်ကောင်စီရော အိမ်နီးချင်းနိုင်ငံတွေက အစိုးရတွေအနေနဲ့ပါ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေနဲ့ လူအခွင့်အရေးဆိုင်ရာသဘောစာချုပ်တွေမှာပါရှိတဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့လိုအပ်နေတယ်လို့ ဒီအစီရင်ခံစာက ထောက်ပြထားပါတယ်။
ဒီလိုအခြေအနေတွေကြားမှာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက စစ်ရှောင်ပြည်သူတွေအတွက် ထိုင်းနိုင်ငံကတဆင့် ပြည်တွင်းကို နယ်စပ်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ ဘယ်လောက်ထိ မျှော်လင့်လို့ရနိုင်ပါမလဲ။
ထိုင်းနိုင်ငံရဲ့ မြန်မာ့အရေးအပေါ် သဘောထားဘယ်လိုရှိလဲ
အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းရေးအပေါ် ထိုင်းအာဏာပိုင်တွေ သဘောထားကတော့ စစ်ကောင်စီကို တိုင်းပြည်ရဲ့အစိုးရအဖြစ်အသိအမှတ်ပြုထားတယ်လို့ ထိုင်းမြန်မာဆက်ဆံရေးအကြောင်း ကျွမ်းကျင်သူ ထိုင်းနိုင်ငံသား Dr Sunait-chutintaranond က ထောက်ပြပါတယ်။
"အခြေခံအားဖြင့် နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုအနေနဲ့ အနုတ်သဘောဆောင်တဲ့အကျိုးဆက်တွေကို ထိုင်းဘက်က ပိုပြီးစိုးရိမ်တယ်။ နဂိုထဲက မြန်မာအစိုးရနဲ့ထိုင်းက ဆက်ဆံရေးကောင်းရှိပါတယ်" လို့ ထိုင်းနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ ချူလာလောင်ကွန်းတက္ကသိုလ်က အငြိမ်းစား ပါမောက္ခ တစ်ဦးလည်းဖြစ်၊ ထိုင်း - မြန်မာဆက်ဆံရေးကိုလေ့လာသူတစ်ဦးလည်းဖြစ်တဲ့ Dr Sunait-chutintaranondက သူ့အမြင်ကို ပြောပါတယ်။
စွမ်းအင်ကဏ္ဍမှာ ထိုင်းနိုင်ငံက မြန်မာ့သဘာဝဓာတ်ငွေ့တွေ ဝယ်ယူလုပ်ကိုင်တဲ့ အချက်အလက်တွေအပြင် နှစ်နိုင်ငံစီးပွားရေး အကျိုးတူလုပ်ဆောင်မှုတွေ ရှိနေတာကြောင့်ပါ နှစ်ဖက်အစိုးရဆိုတဲ့ရှု့မြင်မှုမျိုးနဲ့ ရပ်တည်နေတယ် လို့ဆိုပါတယ်။
"ထိုင်းအနေနဲ့ မြန်မာ့အရေးအပေါ်မှာ ဖြေရှင်းနိုင်ဖို့ အဖြေမရှိဘူး။ သူ့တစ်နိုင်ငံထဲအနေနဲ့လည်း လှုပ်ရှားမှာမျိုး မလုပ်ဘူး၊ အာဆီယံအဖွဲ့ဝင်တွေနဲ့အတူ အာဆီယံရဲ့လှုပ်ရှားမှုအတိုင်းသာ ထိုင်းကလုပ်ဆောင်မှု ရှိပါလိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာလည်း ဒီမိုကရေစီအင်အားစုတွေဘက်ကရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထိုင်းနိုင်ငံအနေနဲ့ တရားဝင်အသိအမှတ်ပြုဖို့မရှိနိုင်သေးဘူးလို့ အခိုင်အမာ ပြောပါတယ်။
ထိုင်းနိုင်ငံဘက်မှာလည်း အခုအချိန်မှာ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးဆောင်တဲ့အစိုးရတစ်ရပ်ဖြစ်နေတာကြောင့်လည်း ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ နယ်စပ်ဖြတ်ကျော်စစ်ရှောင်တွေအပေါ်မှာ ကူညီမှုတွေဟာ ထိထိရောက်ရောက်မရှိဘူးလို့ မြန်မာတက်ကြွလှုပ်ရှားသူတွေဘက်က တုံ့ပြန်ပြောကြပါတယ်။
"နိုင်ငံတကာအကူအညီတွေဆိုလည်း ပိတ်ဆို့ခံရတာ အခုထိကို စနစ်တကျသွားလှူလို့မရသေးဘူး။ ပြောရမယ်ဆိုရင် တရားဝင်အစိုးရကနေ ထောက်ပံ့ကူညီတဲ့အနေအထားမတွေ့ရသေးဘူး၊ တက်ကြွလှုပ်ရှား သူတွေအပေါ်မှာလည်း ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ ပြတ်သားရှင်းလင်းတဲ့ မူဝါဒကိုလည်း အခုထိစိတ်ချ လက်ချယုံကြည်လို့မရနေဘူး"
စစ်အာဏာသိမ်းဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည်က ထိုင်းအစိုးရရဲ့ မူဝါဒနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ကလည်း မြန်မာ့အရေးဆောင်ရွက်ဖို့ပထမဆုံးအနေနဲ့ ထိုင်းအထူးသံတမန်အဖြစ် မစ္စ Pornpimol Kanchanalak ကိုပြီးခဲ့တဲ့ဧပြီလအတွင်းမှာ ခန့်အပ်ခဲ့ပါတယ်။
သူဟာထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးတစ်ဦးလည်းဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာ ဇွန် ၁၁ရက်တုန်းက ပြုလုပ်ခဲ့တဲ့ ရှန်ဂရီလာလုံခြုံရေးဆိုင်ရာအစည်းအဝေးမှာ မြန်မာ့အရေး နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြရာမှာ မစ္စ Pornpimol ကတော့ နိုင်ငံတကာအနေနဲ့ လာမယ့်ရွေးကောက်ပွဲ အပေါ်မှာ စိုးရိမ်မှုရှိတာကို အသိအမှတ်ပြုပေမဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ပြောဆိုချက် တွေကိုလည်း သိမှတ်ရမယ့်အချက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ကိုပြစ်တင်ဖယ်ကျဉ်တာဟာ cancel culture ဆိုတဲ့ အလေ့အထထဲမှာပိတ်မိသွား စေလိမ့်မယ်ဆိုတဲ့ သတိပေးပြောဆိုချက်တွေလည်း ထည့်သွင်းဆွေးနွေးခဲ့ပါသေးတယ်။
"ဒီတော့ ထိုင်းနိုင်ငံဟာ စစ်တပ်ရဲ့ရပ်တည်ချက်နဲ့ သိပ်မကွာနေဘူး။ မြန်မာပြည်သူရဲ့ တော်လှန်တန်ဖိုးကို နားမလည်နေဘူးဆိုတာ ထင်ထင်ရှားရှားမြင်ရတယ်" လို့ မသဥ္ဇာရွှန်းလဲ့ရည်က သူ့အမြင်ကို ဆက်ပြောပါ တယ်။
ဇွန်လဒုတိယအပတ်ထဲမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေး မစ္စတာဒဲရက်ရှိုလေးဟာ ထိုင်းနိုင်ငံကို လာရောက်ခဲ့ပြီး တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့တာကြောင့် ဒါဟာ မြန်မာ့အရေးအတွက် တစုံတရာ မျှော်လင့်လို့ရတဲ့အခြေအနေတစ်ခုလို့ နိုင်ငံရေးစောင့်ကြည့်သူတွေက ဆိုကြပါတယ်။
အခုလိုတွေ့ဆုံမှုမှာ ထိုင်းအစိုးရနဲ့ အသေးစိတ်ဆွေးနွေးမှုတွေရှိခဲ့တာကြောင့်ထိုင်းဘက်က စိုးရိမ်ချက်တွေကို အမေရိကန်ဘက်က သိရှိနိုင်မှာဖြစ်သလို နိုင်ငံတကာရေးရာအရလည်း အရေးပါတယ်လို့ ပြောကြတာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်အနေနဲ့ထိုင်းကိုလာပြီးတဲ့နောက် ထိုင်းဘက်က ရပ်တည်ချက်ပြောင်းလဲလာနိုင်မလားဆိုတာနဲ့ပတ်သက်ပြီး မစ္စတာဒဲရက်ရှိုလေးနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ မသဥ္ဇာရွှန်းလဲ့ရည်ကို ဘီဘီစီက မေးကြည့်ခဲ့ရာ အခုလိုဖြေကြားပါတယ်။
"ထိုင်းအနေနဲ့က လက်ရှိမှာရွေးချယ်စရာသိပ်မရှိဘူး။ အမေရိကန်က ဒီ့ထက်ပိုတိုးလာမယ့် မြန်မာ့စစ်တပ်ကိုပေးမယ့်ဖိအားတွေက ထိုင်းနိုင်ငံကိုလည်း သက်ရောက်မှုရှိနိုင်တယ်။ ဒါကြောင့် တချိန်မှမဟုတ် တချိန်မှာ ဘယ်ဘက်ကိုရပ်တည်မလဲဆိုတဲ့ရွေးချယ်ရမယ့်အနေအထားကို ရောက်အောင်ကို သွားရမယ်လို့ မြင်တယ်"
ဒါကြောင့် ထိုင်းနိုင်ငံနဲ့သံတမန်နည်းအရ သဘောတူညီချက်တွေနဲ့ချိတ်ဆက်နားလည်မှုရဖို့ လုပ်ဆောင်ရာမှာ နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်ဖို့ လုပ်ဆောင်တာဟာ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်တယ်လို့ နိုင်ငံရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီကတဆင့်အကူအညီပေးရေးကို ကန့်ကွက်
အာဆီယံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်တွေကို မေလထဲမှာပဲ စီစဉ်လာကြပါတယ်။ ဒီအစီအစဉ်ဟာ စစ်ကောင်စီက တဆင့် ပြည်တွင်းလမ်းကြောင်းတွေကနေ ထောက်ပံ့ဖို့လုပ်ဆောင်တဲ့အပေါ် စစ်ရှောင်ကူညီရေးအရပ်ဘက် အဖွဲ့အစည်းတွေက တညီတညွတ်တည်း ကန့်ကွက်နေကြပါတယ်။
AHA Center ကတဆင့်လှူဒါန်းမယ့် ဒီအစီအစဉ်ဟာ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ရခိုင်၊ ကယား၊ ရှမ်း၊ ပဲခူးစတဲ့ ဒေသတွေကို ပေးပို့ဖို့စီစဉ်နေပြီး စစ်ကောင်စီဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။
" ဒီလိုသူတို့ကတဆင့်မှ ဒီဒေသတွေမှာရှိတဲ့ စစ်ရှောင်တွေကို ကူညီဖို့ဆိုတာ ဘယ်လောက်ထိ ဖြစ်နိုင်မှာလဲ။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးလုပ်နိုင်မှ အဆင်ပြေလိမ့်မယ်" လို့ အမှန်တကယ် လိုအပ်နေသူတွေဆီ အကူအညီတွေရောက်ရှိဖို့ ကရင်လူ့ အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ နော်ထူးထူးက ဘီဘီစီကို ပြောပါတယ်။
အခုအခါမှတော့ တိုင်းရင်းသားဒေသတွေက စစ်ရှောင်တွေဆီ ကူညီထောက်ပံ့တဲ့ လမ်းခရီးမှာ စစ်ကောင်စီတပ်တွေရဲ့ အမျိုးမျိုးစစ်ဆေး တင်းကြပ်နေမှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကရင်ဒေသသတ်မှတ်ချက်အရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသ တွေမှာ စစ်ရှောင်နှစ်သိန်းရှိနေပြီလို့ ဒီ KHRG အစီရင်ခံစာမှာ ပြောထားပါတယ်။
အခုလိုစစ်ရှောင်တွေရှိနေတဲ့ နေရာတွေကို လက်တွေ့ကူညီထောက်ပံ့မှုတွေရောက်နိုင်ဖို့အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့သဘောတူညီချက်ရရှိဖို့ ကြိုးစားသင့်တယ်လို့လည်း နယ်မြေခံစစ်ရှောင်ကူညီသူတွေက ထောက်ပြကြပါတယ်။
"ကျွန်မတို့ဒေသတွေဘက်က ထိုင်းကနေနယ်စပ်ဖြတ်ကျော်ပြီး ထောက်ပံ့နိုင်ရင်တကယ်ကို စစ်ရှောင်တွေဆီ ရောက်နိုင်မယ်၊ ဒါကြောင့်ကျွန်မတို့အသံတွေနားထောင်ပေးဖို့လိုတယ်" လို့ KHRG ဒါရိုက်တာ နော်ထူးထူးက ဆက်ပြောပါတယ်။
ထိုင်း - မြန်မာနယ်စပ်ဖြစ်တဲ့ သောင်ရင်းမြစ်တလျှောက်ရှိနေတဲ့ စစ်ရှောင်တွေကတော့ စစ်ရှောင်ကာလ ခြောက်လကျော်လာပြီဖြစ်ပြီး စားဝတ်နေရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက်ပါ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ရှိတဲ့နေရာကိုသူတို့က လူသားချင်းစာနာထောက်ထားမှုလာကူညီမယ်ဆိုတာမှာ လက်မခံရဲဘူး။ သူတို့ကို အယုံအကြည်လည်းမရှိဘူးဗျ"
အခုနှစ် မေ ၁၈ရက်နေ့တုန်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ သေ့ဘောဘိုးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းအဖွဲ့တို့ သိမ်းပိုက်ပြီးနောက် စစ်ရှောင်အဖြစ် ငါးလကျော်ကြာပြီးမှ နေအိမ်ပြန်လည်နေထိုင်နေပြီဖြစ်တဲ့ သေ့ဘော်ဘိုးဒေသခံတစ်ဦးက သူ့အမြင်ကို အခုလို ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။
"အိမ်ကိုပြန်ရောက်ရောက်ချင်း လက်နက်ကြီးတွေထိမှန်ပြီး ကျည်ပေါက်ရာတွေနဲ့ ပျက်စီးနေတဲ့ အိမ်ကြီးကို ကြည့်ပြီး ခံစားချက်က ပြောမပြတတ်ဘူးဗျာ၊ လူရှိရင်တော့သေမှာကျိန်းသေပဲ"
လေးကေ့ကော်ဒေသတဝိုက်မှာနေရပ်ပြန်နိုင်သူဟာ အနည်းငယ်သာရှိနေသေးပြီး တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့ ဒေသဖြစ်တာကြောင့် နေအိမ်တွေမှာ မရှိကြတဲ့ အမှန်လိုအပ်သူတွေဆီအထိပါ ထိထိရောက်ရောက်ကူညီပေးနိုင်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရဖို့အတွက်ပါ နယ်မြေခံအရပ်ဘက် အဖွဲ့အစည်းတွေကတဆင့်သာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေရဖို့ မျှော်လင့်ကြတယ်လို့ သေ့ဘောဘိုးဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။