နယ်စပ်လမ်းကဘဝများ- ယူနီဖောင်းနဲ့ မပျော်တော့သူတွေ အကြောင်း

၂၀၂၁ ခုနှစ် အလွန်ပူအိုက်သော ဖေဖော်ဝါရီလ တစ်ရက်၊ ရန်ကုန်မြို့က ထောင်ချီတဲ့လူထုဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွင်းခံခဲ့ရတဲ့ အဲ့ဒီနေ့က တာဝန်အပြီးမှာ သူဟာ CDM လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့က သူဘာတွေကြုံခဲ့ရတယ်ဆိုတာကို မေးတဲ့အချိန်မှာတော့ သူဟာ စကားတွေ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေခဲ့ပါတယ်။

ဒီဆန္ဒပြပွဲတွေကို လုံခြုံရေးယူခဲ့ရတာဟာ သူ့ဘဝအတွက် အရိပ်မည်းတစ်ခုလို ပြန်တွေးမိချိန်တိုင်း ဇောချွေးပြန်စေတယ်လို့ သူက ပြောပါတယ်၊

"ဆန္ဒပြနေသူတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တယ်ဗျ၊ လုံခြုံရေးထွက်တော့လည်း အိမ်တွေ ဘာတွေဝင် စစ်ဆေးရတော့ ကိုယ်ထိလက်ရောက်တွေ ကျူးလွန်ခဲ့တယ်ဗျာ။ ကျူးလွန်ခဲ့ပြီးတော့ ကျွန်တော်မဖြစ်ဘူး တပ်ထဲပြန်သွားချိန်မှာ ကျွန်တော်" လို့ဆိုကာ စကားသံတိတ်သွားပြီး သက်ပြင်းရှည်ကြီး ချလိုက်သူကတော့ အသက် ၃၀ ဝန်းကျင်သာရှိဦးမယ့် CDM ရေတပ်သား ကိုသိန်း (အမည်လွှဲ)ပဲ ဖြစ်ပါတယ်။

အဖြူရောင်အောက်ခံပေါ်မှာ အဝါနုရောင် အပွင့်တွေထပ်ထားတဲ့ ရှပ်အကျီဝတ်ထားတဲ့ ကိုသိန်းဟာ လှည်းတန်း ဆန္ဒပြပွဲဖြိုခွင်းမှုကိုကြုံခဲ့ပြီး အဲဒီအကြောင်း စကားစပေါ်လာတိုင်း ဆံပင်တိုတိုညှပ်ထားတဲ့ သူ့ခေါင်းမှာချွေးတွေ ပြန်နေတာကို တွေ့ရပါတယ်၊

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဝန်းကျင်က စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြပွဲတွေ လှည်းတန်းမှာ အားကောင်းခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က လှည်းတန်းမှာ ဆန္ဒပြသူတွေ ပစ်ခတ်ခံရပြီး လူငယ်နှစ်ဦး သေဆုံးခဲ့ပါတယ်။

ကျိုက်ထိုမြို့ဇာတိ ကိုဇင်လင်းထက် အသက် ၂၀ နှစ်ဟာ ရန်ကုန်လှည်းတန်း လူထုသပိတ်ဖြိုခွင်းမှုမှာ နောက်စေ့ကျည်ထုတ်ချင်းပေါက်ကာ မျက်လုံးကျွတ်ထွက် ဒဏ်ရာနဲ့သေဆုံးခဲ့ပါတယ်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မြန်မာစာအထူးပြု အဝေးသင်ကျောင်းသားတစ်ဦးဖြစ်သူ ကိုညီညီအောင်ထက်နိုင်ကတော့ ရင်ဘတ်ကျည်ဆန် ထိမှန် ဒဏ်ရာနဲ့ အထက ၅ ကမာရွတ်ရှေ့မှာ သေဆုံးခဲ့ပါတယ်။

ရင်ဘတ်က ဒဏ်ရာကို လက်နဲ့ဖိပြီး ကျောင်းနံရံကို မှီပြီးထိုင်နေတဲ့ ညီညီအောင်ထက်နိုင်ရဲ့ ဓာတ်ပုံဟာ မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာ့မီဒီယာတွေအထိ ပျံ့နှံ့သွားခဲ့ပါတယ်။

လှည်းတန်းလမ်းဆုံနဲ့ ရန်ကုန်တက္ကသိုလ်တစ်ဝိုက်ဟာ အာဏာသိမ်းဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ အားကောင်းခဲ့တဲ့ နေရာဖြစ်ခဲ့ပြီး ညီညီအောင်ထက်နိုင်တို့လို လူငယ်တွေ ဦးခေါင်း၊ မျက်လုံးတွေကို ကျည်မှန်ကာ လမ်းမထက်မှာတင် အသက်သေဆုံးခဲ့ရတဲ့ သွေးစွန်းမြေနေရာလည်း ဖြစ်ခဲ့ပါတယ်။

အာဏာမသိမ်းခင် ဇန်နဝါရီလကုန်ထဲက သူတာဝန်ထမ်း‌‌ဆောင်နေတဲ့ ရန်ကုန်၊ သီလဝါ သန်လျင် ရေတပ်သင်္ဘောကျင်းဌာနချုပ်ဘက်မှာ အာဏာသိမ်းနိုင်တဲ့ အရိပ်အယောင်တွေ တွေ့ခဲ့ရတယ်လို့ ကိုသိန်းက ဘီဘီစီကို ပြောပါတယ်။

"ဇန်နဝါရီ ၃၁ ရက်မှာ တပ်တွင်းတပ်ပြင် ပေးမထွက်ဘူး။ ဖေဖော်ဝါရီ ၁ရက် လိုင်းဖြတ်တယ်၊ ဘာဖြစ်တာလဲပေါ့။ ဖေဖော်ဝါရီ ၂ ရက်ကျ လုံခြုံရေးထွက်ဖို့ဆိုပြီး တပ်အင်အားတွေ စုတယ်"လို့ စက်မှုလက်မှု ရေတပ်သား ကနေ ရန်ကုန်တက္ကသိုလ်ရှေ့ ဆန္ဒပြ ပွဲလုံခြုံရေးလိုက်ရတဲ့ တပ်ဖွဲ့ဝင်အဖြစ် လုပ်‌ဆောင်ခဲ့ရပုံကို ရှင်းပြပါတယ်။

"သေနတ်တစ်လက်ပေးတယ်၊ ကျည်ဆန်ကတော့ တစ်‌ယောက်ကို နှစ်ဆယ်၊ နှစ်ဆယ်နဲ့ လေးဆယ်ပေးတယ်" လို့ လုံခြုံရေးထွက်ဖို့ ကျည်အစစ်တွေ အသုံးပြုခိုင်း ခဲ့တဲ့အကြောင်း ကိုသိန်းက ပြောပါတယ်။

လူသောင်းနဲ့ချီပါဝင်နေတဲ့ ဆန္ဒပြလူအုပ်ကြီးဟာ ရုတ်ရုတ်သဲသဲဖြစ်လာခဲ့ရင် ပစ်ဖို့အမိန့်ပေးထားတယ်လို့ လည်း သူက ဆိုပါတယ်။

"မိုးပေါ်ထောင်ပစ်လို့တောင် အမိန့်မပေးခဲ့ဘူး။ မြေကြီးကိုပစ်ဆိုတော့ ဒါဟာ မဖြစ်နိုင်တဲ့အခြေအနေလေ။ ပြည်သူတွေ အသက်အန္တရာယ်ရှိတယ်၊ ကျည်ဆန်က သူ့ရဲ့အရှိန်နဲ့ အရှေ့ကိုသွားမှာပဲလေ" လို့ ကိုသိန်းတစ်ယောက် ကျည်အစစ်တွေပေးထားတဲ့ သေနတ်တစ်လက်ကိုင်ခဲ့ရချိန် သူ့အတွေးတွေကို လေသံခပ်မာမာနဲ့ ပြန်ပြောပြခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်းမှုကို လူထုသန်းနဲ့ချီ တစ်ပြည်လုံးအနှံ့ဆန္ဒပြပွဲတွေရှိနေချိန် မူရင်းတာဝန်နဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ တပ်ဖွဲ့ဝင်တွေကို လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတာဝန်တွေ ပေးခဲ့တာကို အထင်အရှား ညွှန်ပြလို့ နေပါတယ်။

"ကျွန်တော့်တော့ ဘာမှ မလုပ်ခဲ့ပါဘူး။ သည်းမခံနိုင်တဲ့အဆုံး လုံခြုံရေးမထွက်ဘူး၊ တပ်ကို ပြန်မယ်လို့ အထက်ကိုတင်ပြတယ်။"

လုံခြုံရေးထွက်ရတဲ့ မွန်းကြပ်မှုတွေကို မခံစားနိုင်တော့တဲ့နောက် မူလတာဝန်ကို ပြန်ထမ်းဆောင်ဖို့ တပ်တွင်း ပြန်ဖို့ကြိုးစားခဲ့တဲ့အကြောင်း ကိုသိန်းက ဆက်ပြောပြခဲ့ပါတယ်။

ရေတပ် စက်မှုလက်မှုတပ်မှာ လုပ်သက် ၃ နှစ် ရှိနေပြီဖြစ်တဲ့ ကိုသိန်းဟာ တပ်ထဲပြန်ရောက်ချိန်မှာတော့ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ပြောဆိုချက်တွေကြောင့် အရာရှိဆီ အတိုင်ခံလိုက်ရပြီး ဗဟိုကင်းအချုပ်ထဲကို နှစ်ပတ်ရောက်သွားပါတော့တယ်။

ဗဟိုကင်းကနေ ပြန်လွတ်ပြီးချိန် ၂၀၂၁ခုနှစ်၊ ဇွန်လ ၁ ရက် မနက် ၆ နာရီလောက်မှာတော့ နည်းပညာဌာနက တစ်ယောက်၊ အရာရှိ ဗိုလ်တစ်ယောက်နဲ့ ကိုသိန်းအပါ သုံးယောက် တပ်ကို စွန့်ခွာခဲ့ကြပါတယ်။

"တပ်က ထွက်ပြီးမှ မိဘတွေကို သတိပေးလိုက်တာဗျ။ လွတ်မြောက်နယ်မြေတစ်ခု ရောက်ချိန်ကျ အိမ်ကို သူတို့ရောက်လာကြတယ်။ အစ်ကိုကို တပ်စခန်းထဲ ခေါ်သွားခဲ့တယ်"လို့ တပ်ကိုစွန့်ခွာတာကြောင့် မိသားစုဝင်တွေဆီပါ ရိုက်ခတ်ခဲ့တဲ့အကြောင်း ကိုသိန်းက ခပ်တိုတို ပြောပါတယ်။

"၇ လပိုင်းမှာ အိမ်ကအမွေပြတ် ကြေညာတယ်၊ အစ်ကိုကတော့ နှိပ်စက်ခံရတယ်ကြားတယ်။ လွတ်မလွတ် မသိဘူး၊ အိမ်နဲ့ အဆက်အသွယ် မလုပ်တော့ဘူး" လို့ ကိုသိန်းက သူ့ရဲ့မိသားစုဝင်တွေရဲ့ နောက်ဆက်တွဲ သတင်းမသိရတော့တဲ့အကြောင်း ခပ်တိုတိုသာ ဖြေခဲ့ပါတယ်။

ကိုသိန်းတို့လို စစ်တပ်အပြင် မိသားစုတွေကိုပါ စွန့်ခွာလာသူတွေ အာဏာသိမ်းတစ်နှစ်ကျော် ကာလအတွင်း အများကြီး ရှိပါတယ်။

စစ်အာဏာသိမ်းတာ တစ်နှစ်ကျော်ကြာလာချိန်မှာ တပ်မတော်သား CDM တွေချည်း စုဖွဲ့ထားတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့တစ်ဖွဲ့ထဲမှာတင်တပ် CDM အင်အား သုံးရာကျော်ရှိနေပြီလို့ ပြောပါတယ်။

စစ်ကောင်စီကို စွန့်ခွာလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ စာရင်းမှာတော့ အင်အားအနည်းဆုံး ၃၀၀၀ ကျော်အထိ ရှိနေပြီး အဖွဲ့အစည်းအားလုံးရဲ့ စာရင်းချုပ်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ရင်ခွင်ကော်မတီမှာတော့ ဒီထက် ပိုမိုများပြားတဲ့စာရင်းနဲ့ ပူးပေါင်းမှုတွေရှိနေပါတယ်။

ဒီစာရင်းအချက်အလက်အသေးစိတ်ကိုတော့ ဘီဘီစီဘက်က သီးခြားမသိခဲ့ရပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ဧပြီလအတွင်းက အမျိုးသားညီညွတ်အစိုးရရဲ့ တစ်နှစ်ပြည့် ထုတ်ပြန်စာတွေမှာတော့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် CDM အင်အား ၁၀,၀၀၀နီးပါး ရှိလာပြီလို့ ပြောထားပါတယ်။

လက်ရှိတပ် CDM တွေရဲ့အနေအထားကို ကြည့်မယ်ဆိုရင် ကြည်းတပ်က အများဆုံးဖြစ်နေပြီး လေတပ်၊ ရေတပ်၊ ဆေးတပ်အပြင် အမျိုးသမီးစစ်သည်ကအစ ပါဝင်ပါတယ်။ အဲဒီထဲမှာ ရေတပ် CDM ပါဝင်မှုဟာ ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းအရ အယောက် ၄၀ ကျော်သာ ရှိပါတယ်။

ဒါပေမဲ့ အင်အား ၃၀,၀၀၀ လောက်သာရှိတဲ့ ရေတပ်ကနေ အခုပမာဏ CDM ပါဝင်လာတာဟာ နည်းတယ် လို့ ဆိုလို့မရဘဲ တခြားကြည်း၊လေတပ်တွေနဲ့ ကွာခြားမှု မရှိဘူးလို့ ‌ရေတပ် CDM ကိုမင်းအောင် (အမည်လွှဲ) က အခိုင်အမာ ပြောပါတယ်။

"တကယ်တော့ ရေတပ် CDM က အရမ်းများပါတယ်၊ CDM မဟုတ်ဘဲ တပ်ကနေပြေးပြီးတော့ ကိုယ့်ဘာသာ ဖျောက်နေသူတွေရှိတယ်၊ ဟိုင်းကြီးမှာနေချိန်ကတည်းက ကျွန်တော့်ရှေ့က ထွက်သွားတဲ့သူတွေအများကြီး" လို့ ကိုမင်းအောင်က စစ်ကောင်စီကို စွန့်ခွာကြတဲ့ ရေတပ် CDM အခြေအနေကို ရှင်းပြပါတယ်။

ဒီလို ရေတပ် CDM တွေအကြောင်းရှင်းပြနေတဲ့ ကိုမင်းအောင်ကတော့ ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၀ ရက်ကစပြီး CDM ပါဝင်လာခဲ့တာဖြစ်ပြီး မကြာခင် CDM သက်တမ်း တစ်နှစ်ပြည့်တော့မှာပါ။

ဆံပင်တိုတို ခပ်ပါးပါးညှပ်ထားပြီး လမ်းလျှောက်တိုင်း မတ်မတ် လျှောက်နေတဲ့ သူ့ဟန်ပန်ဟာ စစ်သားတစ်ယောက်ရဲ့ အရိပ်အယောင်တွေ အခုအချိန်ထိထင်ထင်ရှားရှား တွေ့နေရဆဲပါ။

ကိုမင်းအောင် ကိုယ်တိုင်ကလည်း စစ်တပ်ကို ကိုယ့်သဘောဆန္ဒနဲ့ ဝင်ခဲ့သူဖြစ်ပြီး သူဝတ်ဆင်ရတဲ့ ရေတပ် ယူနီဖောင်းကိုလည်း တစ်ချိန်လုံး ဂုဏ်ယူနေခဲ့တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

"ယူနီဖောင်းဝတ်ပြီး စမတ်ကျကျနဲ့ ပညာသည်အုပ်စုအနေနဲ့ နေရမယ့် အနေအထား ကိုယ့်ဘာသာ လုံးဝ ဂုဏ်ယူတာပေါ့။ နောက်ပိုင်း အခုလိုဖြစ်တယ်၊ တပ်ကလူတွေကို ပြည်သူတွေက မခေါ်မပြောကြတော့ ကိုယ့်ဘာသာ မလုံသလို ယူနီဖောင်းက မသန့်ရှင်းတော့သလို ဖြစ်လာတယ်။ တပ်မှာ မပျော်တော့ဘူး" လို့ သူ့ခံစားချက်ကို ပြောပါတယ်။

ဒီဂုဏ်ယူစိတ်တွေဟာ အာဏာသိမ်းပြီးနောက်တော့ လိပ်ပြာမလုံတဲ့ အခြေအနေအထိ တရှိန်ထိုးပြောင်းလဲခဲ့သလို မိဘတွေကိုယ်တိုင်က CDM ဝင်ဖို့ တိုက်တွန်းခဲ့တဲ့ ထူးခြား အနေအထားလည်း ဖြစ်လာပါတယ်။

ဟိုင်းကြီးကျွန်းရောက် ရေတပ်သား CDMဘယ်လိုဝင်လာလဲ

မနှစ်က အာဏာသိမ်းစအချိန်မှာ လုပ်သက် တစ်နှစ်ခွဲကျော်သာရှိသေးတဲ့ ရေတပ်သားကိုမင်းအောင်ဟာ ဟိုင်းကြီးကျွန်း၊ ပမ္မဝတီ ရေတပ်ဌာနချုပ်မှာ ရောက်နေခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီပစ်ခတ်လို့ ပထမဆုံး အသက်သေဆုံးခဲ့ရတဲ့ နေပြည်တော်က မမြသွဲ့သွဲ့ခိုင် သေဆုံးခဲ့ချိန်မှာတောင် ဒါဟာ အာဏာသိမ်းမှုဖြစ်စဉ်တွေအတွင်း အစွန်းအထင်း ရှိမှာပဲလို့ သူတွေးခဲ့ပါတယ်။

"ကျွန်တော် လုပ်စရာရှိတာ ဆက်လုပ်နေခဲ့သေးတယ်ဗျ၊ ၅ လပိုင်း ပတ်လည်မှာ အရမ်းကို ဆိုးလာပြီ။ ကျွန်တော့် မိဘတွေကလည်း တွန်းအားပေးတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း CDM ဝင်ချင်တာနဲ့၊ ရန်ကုန်ရောက်တာနဲ့ ကျွန်တော်ဝင်ခဲ့တာ။"

ဟိုင်းကြီးကျွန်းကနေ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က ပင်မဆက်သွယ်ရေးဌာနချုပ်ကို တာဝန်ပြောင်းရွှေ့ ခံရချိန် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM ပါဝင်ဖြစ်ခဲ့တဲ့ အကြောင်း ကိုမင်းအောင်က အခုလို ပြောပါတယ်။

"ဟိုင်းကြီးကျွန်းဘက်ရောက်ချိန် တပ်ထဲမှာက ဖုန်းသုံးတယ်ဆိုပေမဲ့ တစ်ဖက်က မှိုင်းတိုက်တာရှိတယ်၊ အာဏာထိန်းတာပေါ့။ မိဘတွေက သတင်းမှန်ပေးတယ်။ တကယ် CDM ဝင်မယ်ဆိုတော့လည်း မိသားစု ထိခိုက်နိုင်မလားက တွေးရပြန်တယ်" လို့ CDM မဝင်ခင် ဒွိဟဖြစ်ခဲ့ရတဲ့ သူ့အတွေးတွေအကြောင်း ကိုမင်းအောင်က ဆက်ပြောပါတယ်။

နောက်ထပ် တစ်ချက်က NUG အစိုးရအနေနဲ့ မြေပြင် စိုးမိုးမှုမရှိသေးတဲ့ အချိန်ဖြစ်တဲ့အတွက်လည်း ဒီစွန့်စားမှုအတွက် အများကြီးတွေးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာမှ CDM ကို ကူညီသူတွေနဲ့ တွေ့ခဲ့ပြီး မြန်မာပြည်တောင်ပိုင်းကို ထွက်ခွာခဲ့တယ်လို့ သူကပြောပါတယ်။

ရေတပ်ဖွဲ့ဝင်တွေဟာ မြေပြင်မှာ ပါဝင်ရမှုနည်းတဲ့အပြင် ပင်လယ်ပြင်သွားနေရတာ ရှိနေတာကြောင့် ကိုမင်းအောင်လို မြေပြင်ဌာနချုပ်ပြန်ရောက်မှ ရုန်းထွက်ဖို့လုပ်ရတဲ့ အနေအထားမျိုးတွေ ရှိတယ်လို့ CDM စစ်သားအသိုင်းအဝိုင်းက ပြောပါတယ်။

ကိုသိန်းတို့လို ချစ်ရတဲ့မိသားစုကို စွန့်လွှတ်ရသူတွေ၊ ဂုဏ်ယူရတဲ့ ယူနီဖောင်းကို စွန့်ပစ်လိုက်တဲ့ ကိုမင်းအောင်လို CDM စစ်သည်တွေကတော့ အဆိုးဆုံးအခြေအနေတွေအထိ တွေးတောပြီးမှ CDM ဝင်လာခဲ့ရတာလို့ ဖြေကြပါတယ်။

တပ်CDM ဘဝကလွယ်ကူလား

တပ်က စွန့်ခွာချိန် လိုက်လံဖမ်းဆီးမှုတွေကြားက ထွက်ပြေးတိမ်းရှောင်ရတဲ့ အခြေအနေ၊ လုံခြုံတဲ့ တစ်နေရာ ဒုတိယနိုင်ငံ မြန်မာနယ်စပ်ဒေသတွေ ရောက်ချိန်မှာလည်း တရားမဝင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်အကိုင်မရတဲ့ အနေအထားအပြင် ဘက်ပေါင်းစုံက အခက်အခဲတွေကို တခြား CDM တွေနည်းတူ တပ်CDM တွေလည်း ခါးစည်း ခံနေကြရပါတယ်။

"ထွက်လာကတည်းက သေလူလို့ သတ်မှတ်ထားတော့ အခက်အခဲက ရှိတာကို ကျော်ဖြတ်ရမယ်။ နောင်တမရှိဘူး"လို့ ကိုမင်းအောင်က သူ့ရဲ့ယုံကြည်ချက်ကို ပြောပါတယ်။

"ရန်ကုန်မှာနေတဲ့အချိန် သူခိုးလို၊ ဝရမ်းပြေးလို ပုန်းခိုနေခဲ့ရတယ်။ ကြောက်နေရတယ်။ လွတ်မြောက်နယ်မြေ ကျတော့ အလုပ်က မလုပ်ရဲဘူး။ ဒုက္ခမျိုးစုံကြုံရပေမဲ့ အဆုံးထိက တိုက်ရမှာပဲ" လို့ သူ့ဆုံးဖြတ်ချက် အကြောင်း ကိုသိန်းက ပြောပြပါတယ်။

ကိုမင်းအောင်နဲ့ ကိုသိန်းတို့လို ၂၀၂၁ ခုနှစ်အာဏာသိမ်းစ ကာလကစပြီး စစ်ကောင်စီကို စွန့်ခွာပြီး အခက်အခဲတွေကို တောင့်ခံနေသူတွေ၊ လက်နက်ပြန်ကိုင်ကာ တိုက်ပွဲဝင်သူ၊ ကဏ္ဍအစုံမှာ ကျရာတာဝန်ယူနေတဲ့ တပ် CDM က အများစုဖြစ်ပြီး Non CDM ပြန်ဝင်သွားတဲ့ တပ်မတော်သား မရှိသလောက်ရှားတယ်လို့ ပြည်သူ့ပန်းတိုင်ကနေ သိရပါတယ်။

ဒီလို အာဏာသိမ်းစကနေ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ NUG က ခုခံတော်လှန်စစ်စဖို့ ကြေညာပြီးနောက် စစ်ကောင်စီကို စွန့်ခွာသူတွေ တစ်စတစ်စ များလာရာကနေ အခု၂၀၂၂ ခုနှစ် ပထမငါးလတာ ကာလအတွင်း တပ်တွင်းလုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပြီလို့ တပ်CDM အသိုင်းအဝိုင်းက ပြောပါတယ်။ ဒါပေမဲ့လည်း CDM ပါဝင်ဖို့ တပ်တွင်းက ဆက်သွယ်သူတွေ ရှိနေဆဲဖြစ်ပြီး ခေါ်ထုတ်ဖို့ ခက်ခဲနေတဲ့ အနေအထားလို့ ဆိုပါတယ်။

"သြစတြေးလျက တပ်CDM တွေ ခေါ်တော့ ဒီဟာကလည်း တပ်တွင်း အတော်သတင်း ပျံ့ပါတယ်။ ဒီဂယက်ကြောင့် ထွက်လာမယ်ဆိုတာ ရှိမယ်ထင်တယ်။ တပ်တွင်းကနေ ဘယ်လိုလမ်းကြောင်းနဲ့ ထွက်ရမလဲ မေးသူတွေရှိတယ်" လို့ CDM သက်တမ်းတစ်ခုရှိ လာပြီဖြစ်တဲ့ ကိုမင်းအောင်က သူ့ဆီ ဆက်သွယ်လာမှုအခြေအနေတွေကို ပြောပြပါတယ်။

ယူနီဖောင်းဝတ် ရေတပ်သားကနေ အရပ်ဘက်ကို ပြောင်းလဲခဲ့ရတဲ့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုတွေထဲက အစိတ်အပိုင်းတချို့ကို ကိုသိန်းနဲ့ ကိုမင်းအောင်တို့ ပြောပြခဲ့တယ် ဆိုတာ ဘီဘီစီရဲ့ မေးမြန်းမှုကို ဖြေဆိုနေချိန် သူတို့ရဲ့ စိတ်လှုပ်ရှားနေတဲ့ ဟန်အမူအရာကနေ သိသိသာသာတွေ့နေခဲ့ရပါတယ်။

ဘဝသစ်ကို ရှေ့ရှုနေရပြီဖြစ်ပြီး သူတို့ ဆက်လက်ရှင်သန်ရပ်တည်ရေး မသေချာတဲ့ အခြေအနေက စောင့်ကြိုနေပေမဲ့ သူတို့ကတော့ သူတို့နှစ်သက်ခဲ့တဲ့ ယူနီဖောင်းတွေကို စွန့်ထားခဲ့ရပြီ ဖြစ်ပါတယ်။