မမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်ရာမှာ ကျည်အစစ်သုံးခဲ့သလား

    • ရေးသားသူ, ခရစ္စတိုဖာဂိုင်းလ်စ်နဲ့ ဂျက်ဂွဒ်မန်း
    • ရာထူးတာဝန်, BBC News

ဖေဖော်ဝါရီလ ၉ ရက် နေပြည်တော်က ဆန္ဒပြမှုအတွင်းမှာ အသက် ၁၉ နှစ်အရွယ် ဆန္ဒပြသူတစ်ဦး ပစ်ခတ်ခံရပြီးတဲ့နောက် သက်သေအထောက်အထားတွေ စစ်ဆေးဖို့အတွက် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဓာတ်ပုံတွေ အသုံးပြုပြီး မှုခင်းဆေးဖက်ကျွမ်းကျင်သူ တွေနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

"ရဲတွေက ကားတွေနဲ့ ရှေ့တိုးလာတယ်။ ဆန္ဒပြသမားတွေ နောက်ဆုတ်ခဲ့ကြတယ်။ ကျွန်မတို့က လမ်းဘေးက ကြည့်နေတာပါ"

ဆန္ဒပြသမားတွေကို ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ညီမဖြစ်သူရဲ့ ဦးခေါင်းနောက်ပိုင်း အပစ်မခံရခင် အခြေအနေကို ဆန္ဒပြသူ မမြသတိုးနွယ်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပြီး အခုတော့ အသက်ရှင်စရာ အခွင့်အလမ်းအလွန်နည်းနေပြီလို့ ဆရာဝန်တွေက ပြောပါတယ်။ ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံတဝန်း ဒီမိုကရေစီတောင်းဆိုတဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေမှာ ဒီအမျိုးသမီးငယ်လေး ပစ်ခတ်ခံရမှုဟာ အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ပါတယ်။

ပစ်ခတ်ခံရမှုဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုနဲ့ သွေးသံတရဲရဲနဲ့ သတိမေ့မျောနေတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဓာတ်ပုံကိုလည်း လူမှုကွန်ရက်မှာ ကျယ်ကျယ်ပျံ့ပျံ့ မျှဝေနေကြပါတယ်။

အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လမ်းမပေါ်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် အရပ်သားတစ်ဦး ပစ်ခတ်ခံရမှုဟာ မြန်မာနိုင်ငံသား အများအပြားကို ဒေါသထွက်စေခဲ့ပါတယ်။

ကုလသမဂ္ဂကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုတွေကို စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ဘက်ကတော့ ဆန္ဒပြပွဲတွေအတွင်း ကျည်အစစ်တွေကို အသုံးပြုခဲ့တာ မဟုတ်ပဲ ရာဘာကျည်ကိုသာ အသုံးပြုခဲ့တာ ဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါဆိုရင် ဗီဒီယိုထဲမှာ တွေရတဲ့ အမျိုးသမီးငယ်အကြောင်း ဘာတွေ သိနိုင်မလဲ။ သူ့ကို အပစ်ခံရတဲ့အချိန်မှာ သူ ဘာလုပ်နေတာပါလဲ။ ဆန္ဒပြသမားတွေကို ကျည်ဆန်တွေနဲ့ ပစ်ခတ်ဖြိုခွင်းတာတွေ ရှိခဲ့ပါလား။

လူမှုကွန်ရက်ပေါ်မှာ မျှဝေနေတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုကို ကြည့်ပြီး မှုခင်းဆေးဘက် ကျွမ်းကျင်သူတွေနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒီပစ်ခတ်မှုအနီးတဝိုက်မှာ ရှိနေတဲ့ သက်သေအထောက်အထားတွေကိုလည်း ဘီဘီစီက ဆန်းစစ်ခဲ့ပါတယ်။

"အဲဒီအချိန်မှာ သူအပစ်ခတ်ခံလိုက်ရတာပါ"

အွန်လိုင်းပေါ်မှာ အတော်လေး ပြန့်နေတဲ့ ပစ်ခတ်ခံရချိန်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ လူတစ်စုဟာ ဘတ်စ်ကားမှတ်တိုင်နောက်ကွယ်မှာ ရှိနေတာကို တွေ့ရပါတယ်။

အဲဒီလူတွေထဲမှာ အကျီအနီရောင် ဝတ်ဆင်ထားပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေတာတွကိုလည်း မြင်ရပါတယ်။

အနီးအနားက လမ်းမပေါ်မှာတော့ အဓိကရုန်း နှိမ်နင်းရေး ဒိုင်းတွေ၊ အကာအကွယ်တွေနဲ့ နံပါတ်တုတ်တွေ ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တွေ့ရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မီးသတ်ပိုက်တွေသုံး စတင် လူစုခွဲပြီး ရှေ့တက်လာတဲ့ အချိန်မှာတော့ အဲဒီဗီဒီယိုထဲမှာ သေနတ်ပစ်ခတ်သံတွေကိုလည်း ကြားရပါတယ်။

သိပ်မကြာခင်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေကို ကျောပေးထားတဲ့ အကျီၤအနီရောင် ဝတ်ဆင်ထားသူ အမျိုးသမီးတဦး ရုတ်တရက် မြေပြင်ပေါ် လဲကျသွားတာ ဗီဒီယိုထဲမှာတွေ့ရပါတယ်။

"အွန်လိုင်းမှာ ပျံ့နေတဲ့ ဗီဒီယိုထဲကအတိုင်းပဲ ကျွန်မတို့က နောက်ဘက်နားမှာ ကွယ်ပြီးနေနေတာပါ။ ပစ်ခတ်သံတွေကြားတော့ မိုးပေါ်ထောင်ပစ်နေတယ်လို့ ထင်ခဲ့တာ" လို့ အစ်မဖြစ်သူ မမြသတိုးနွယ်က မီဒီယာသမားတွေကို ဖြေကြားခဲ့ပါတယ်။

"အဲဒီအချိန်မှာ ညီမလေး ပစ်ခတ်ခံခဲ့ရတာပါ။ သူ ဒေါသထွက်ပြီး လဲကျသွားတယ်လို့ပဲ ထင်တာပါ။ လူတွေက ဆွဲထူ ဆွဲထူဆိုပြီး ဆိုင်ကယ်ဦးထုပ်ကို ဆွဲချွတ်လိုက်တဲ့အချိန်ကျမှ ခေါင်းနောက်မှာ သွေးတွေ ပန်းလာတော့မှ သူအပစ်ခံရမှန်း သိတာပါ။ အဲကျတော့မှ လူအုပ်က သူ့ကို အဝေးကို ခေါ်သွားကြတော့တာပါ။"

ပစ်ခတ်မှု ဘယ်မှာ ဖြစ်ခဲ့တာလဲ။

ပစ်ခတ်မှုဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ အရည်အသွေး သိပ်မကောင်းတဲ့အပြင် ရှုထောင့်တစ်ခုကပဲ ရိုက်ကူးထားတာကြောင့် ဒီအမျိုးသမီး အပစ်ခံခဲ့ရတဲ့ နေရာကိုတော့ ချက်ချင်း အတိအကျ မသိရပါဘူး။

ဒါပေမဲ့ အဲဒီနေ့မှာ ရိုက်ကူးထားတဲ့ တခြား ဗီဒီယိုဖိုင်တွေက ရတဲ့ လမ်းပုံစံတွေ၊ လမ်းဘေးဆိုင်းဘုတ်ကြီးတွေကို အပြန်အလှန် တိုက်စစ်ကြည့်တဲ့အခါမှာတော့ ဒီပစ်ခတ်မှု ဖြစ်ခဲ့တဲ့ တည်နေရာကို အတိအကျ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဘီဘီစီက ကြည့်ခဲ့တဲ့ တခြားဗီဒီယိုဖိုင်တွေမှာတော့ တောင်ညိုလမ်းကနေ ချီတက်လာတဲ့ ရဲတပ်ဖွဲ့ဟာ ဘတ်စ်ကားမှတ်တိုင်နဲ့ တတန်းထဲလောက်ရှိတဲ့ လမ်းမပေါ်က ဆန္ဒပြလူအုပ်နဲ့ ရင်ဆိုင်တွေ့ခဲ့ကြပါတယ်။

အဲဒီနေရာဟာ အစားအသောက်၊ အဝတ်အထည်နဲ့ အိမ်သုံး ကုန်ပစ္စည်းတွေ ရောင်းတဲ့ သပြေကုန်းဈေးနားမှာ ဖြစ်ပါတယ်။

ပစ်ခတ်မှု ဘယ်အချိန်မှာ ဖြစ်ခဲ့လဲဆိုတာကိုလည်း ခန့်မှန်းတွက်ဆနိုင်ခဲ့ပါတယ်။ ဗီဒီယိုတွေထဲမှာတွေ့ခဲ့ရတဲ့ အဆောက်အအုံတွေရဲ့ အရိပ်တွေနဲ့ နေရဲ့ လမ်းကြောင်းကိုကြည့်ပြီးဒေသစံတော်ချိန် ၁၂ နာရီ နဲ့ ၁၃:၃၀ ကြားမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ သိနိုင်ပါတယ်။

လူမှုကွန်ရက်အသုံးပြုသူတွေဟာ Index ကုမ္ပဏီထုတ် Dunk မော်ဒယ်အမျိုးအစား ဆိုင်ကယ်ဦးထုပ်ပေါ်မှာ ကျည်ဆန်ပေါက်တစ်ခု ဖြစ်နိုင်တဲ့ အပေါက်တစ်ခုကို ထောက်ပြပြီး ဓာတ်ပုံတွေ မျှဝေခဲ့ကြပါတယ်။

အဲဒီအပေါက်ဟာ တံဆိပ်အပေါ်နားက ဆိုင်ကယ်ဦးထုပ်ရဲ့ အနောက်ပိုင်းမှာ တွေ့ခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ် ရုပ်သံဖိုင်နဲ့ ကိုက်ညီမှု ရှိပါတယ်။

မူခင်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ကိတ် ဟီဝင်စ် (Kate Hewins) ကို ဘီဘီစီက ဒီဓာတ်ပုံ ပြသကြည့်တဲ့အခါမှာတော့ သူက အရာဝတ္ထုပစ္စည်းတခု ဆိုင်ကယ်ဦးထုပ်ထဲကို ထိုးဖောက်ဝင်ရောက်သွားခဲ့တယ်။ အဲဒီအရာဝတ္ထု ဖောက်ထွင်းဖြတ်သန်း သွားပြီးချိန်မှာ အဲဒီအပေါက်ဟာ တစိတ်တပိုင်း ပြန်ပိတ်သွားခဲ့တယ်လို့ ပြောပါတယ်။

ရာဘာကျည်ဆန်ဆိုရင် ဒီလောက်ထိဖြစ်စရာ အကြောင်းမရှိဘူးလို့လည်း သူက ဆိုပါတယ်။

"ဓာတ်ပုံတွေကို ကြည့်ခြင်းအားဖြင့် ဈေးကွက်ထဲမှာ ဝယ်လို့ရနိုင်တဲ့ ရာဘာကျည်ဟာ ဒီဓာတ်ပုံထဲမှာတွေ့ရသလို ဆိုင်ကယ်ဦးထုပ်ကို ဖောက်ထွင်းနိုင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။"

လူမှုကွန်ရက်ပေါ်မှာ မျှဝေထားတဲ့ နောက်ထပ်ဓာတ်ပုံတစ်ပုံမှာတော့ ဆိုင်ကယ်ဦးထုပ်ထဲက သွေးတွေဟာ အပြင်ဘက်က အပေါက်နဲ့ တဆက်တည်း ဖြစ်နေတာကို တွေ့ရတာကြောင့် ဆိုင်ကယ် ဦးထုပ်ကို ထိုးဖောက်ဝင်ရောက်သွားတယ်လို့ ယူဆစရာဖြစ်ပါတယ်။

ဒီအထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် ကျည်ဆန်ကြောင့် အခုလို ဖြစ်တာလို့ ယူဆလို့ရနိုင်ကြောင်း ဒေါက်တာ ဟီဝင်စ်က သုံးသပ်ပါတယ်။

"တခြားအကြောင်းအရာ ရှိနိုင်မယ် မထင်ဘူး။ သေစေနိုင်တဲ့ လက်နက်မသုံးခဲ့ဘူးဆိုတာ မဖြစ်နိုင်ဘူး။"

"သူ လဲကျတဲ့ ပုံစံဟာ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တယ်လို့ ယူဆနိုင်တယ်။ အသက်အန္တရာယ်မထိခိုက်နိုင်တဲ့ လက်နက်ကြောင့် ထိတ်လန့်ပြီး လဲကျသွားတာမျိုး မဟုတ်ဘူး။

မမြသွဲသွဲ့ခိုင်ကို မထိမှန်ခင် တခြားမျက်နှာပြင်တခုကနေ ကျည်ဆန်ပြန်ကန် ထွက်လာတာမျိုးကိုလည်း ဗီဒီယိုထဲမှာ မတွေ့ရပါဘူး။ ဒါမျိုးမဖြစ်ခဲ့ဘူးလို့တော့ ယတိပြတ်မပြောနိုင်သေးပါဘူး။ တခုခုထိပြီးမှ ပြန်ကန်ထွက်လာမျိုးဟာ အရှိန်သိပ်မပြင်းပါဘူး။

"ဒါကတော့ တိုက်ရိုက် အပစ်ခံခဲ့ရတဲ့ ပုံမျိုးပါ" လို့ ဒေါက်တာ ဟီဝင်စ်က ပြောပါတယ်။

နေပြည်တော် ဆေးရုံက အမည်မဖော်လိုတဲ့ ဆရာဝန်တဦးကလည်း ကျည်တစ်တောင့်ဟာ အမျိုးသမီးရဲ့ ဦးခေါင်းနောက်ပိုင်းကို ဖောက်ဝင်သွားခဲ့တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။

ဘယ်သူက ပစ်ခဲ့တာလဲ

ဗီဒီယိုမှာ တွေ့ရတာကတော့ ဒီအမျိုးသမီးဟာ ရဲတပ်ဖွဲ့ဝင်တွေတန်းစီနေတဲ့ ဘက်ကို ကျောပေးထားတာတွေ့ရပါတယ်။ သူ့ရဲ့ ဦးထုပ်ကို ထိမှန်ခဲ့တဲ့ ကျည်ဆန်လာရာ လမ်းကြောင်းဟာ ရဲတပ်ဖွဲ့ဘက်က ပစ်လိုက်တဲ့ လမ်းကြောင်းနဲ့ အကြမ်းဖျင်း ကိုက်ညီမှု ရှိပါတယ်။

ဖေ့ဘွတ်ခ် အသုံးပြုသူ လူငယ်တွေက ဦးဆောင်ပြီး ပစ်ခတ်သူကို လူမှုကွန်ရက်ပေါ်ကနေ တဆင့် ရှာဖွေခဲ့ကြပါတယ်။

စက်သေနတ်တစ်လက် ကိုင်ထားတဲ့ ရဲအရာရှိတစ်ဦးရဲ့ ဓာတ်ပုံကို မျှဝေပြီး အဲဒီလူ ပစ်ခတ်တာဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေ အများအပြား ထွက်ပေါ်ခဲ့ပြီး အဲဒီသူကို အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။

အဲဒီရဲအရာရှိရဲ့ ဓာတ်ပုံကို ဆန္ဒပြပွဲမှာ ရိုက်တာ သတင်းဌာနရဲ့ ဓာတ်ပုံသမားတစ်ယောက်က ရိုက်ခဲ့တာပါ။

ဒါပေမဲ့ ဆန္ဒပြပွဲမှာ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲအရာရှိဟာ သူတစ်ဦးတည်း မဟုတ်တာတာကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

ဒါပေမဲ့ ဘီဘီစီအနေနဲ့ အဲဒီရဲအရာရှိ ဘယ်သူဆိုတာ အတိအကျ မပြောနိုင်သလို ဆန္ဒပြသမားတွေကို သူ ပစ်ခဲ့သလားဆိုတာကိုလည်း တပ်အပ်မပြောနိုင်ပါဘူး။

ဒါပေမဲ့ လူမှုကွန်ရက်အသုံးပြုသူတွေကတော့ ဒီရဲအရာရှိက ဘယ်သူလဲဆိုတာ ဖော်ထုတ်ခဲ့ကြပါတယ်။

ဒီပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာခင်မှာပဲ အမျိုးသားနှစ်ဦးရဲ့ နာမည် ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးဟာ ဓာတ်ပုံထဲက လက်နက်ကိုင်ဆောင်ထားတဲ့ ရဲအရှိဖြစ်တယ်လို့ လူမှုကွန်ရက်သုံးစွဲသူတွေက စွပ်စွဲခဲ့ကြပါတယ်။

ဖေ့ဘွတ်ခ်အကောင့်တွေက မိသားစုဓာတ်ပုံတွေ တင်ခဲ့ကြပြီး လူထောင်ချီက မျှဝေခဲ့ကြပါတယ်။ "အလိုရှိသည်" ဆိုတဲ့ ပိုစတာ စာသားတွေကိုလည်း ဖန်တီးပြုလုပ်ခဲ့ကြပါတယ်။

လူမှုကွန်ရက်မှာ အဲဒီလို အမည်တပ်ခံခဲ့ရတဲ့ အမျိုးသားနှစ်ဦးထဲက တစ်ဦးကတော့ သူဟာ "သတင်းတု သတင်းမှားတွေ" ရဲ့ သားကောင်ဖြစ်ခဲ့ရပြီး ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

နောက်တစ်ယောက်ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာကိုတော့ အွန်လိုင်းမှာ မတွေ့ရတော့ပါဘူး။

အင်စတာဂရမ်မှာ သူတစ်ယောက်တည်းရိုက်ထားတဲ့ ဓာတ်ပုံကိုတော့ လူထောင်ချီက ဒေါသတကြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

ဆန္ဒပြသမားတွေအတွက် သူရဲကောင်း

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက် ခံခဲ့ရပြီးနောက်ပိုင်း အင်တာနက် ပြန်ရချိန်မှာ ဆန္ဒပြသမားတွေဟာ ဒီမိုကရေစီတောင်းဆိုတဲ့ သတင်းစကားတွေကို အကြီးအကျယ် မျှဝေခဲ့ကြပါတယ်။

ဒီပစ်ခတ်ခဲ့မှုနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ ဗီဒီယိုဖိုင်တွေကို #WhatsHappeningInMyanmar မြန်မာပြည်မှာလက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ၊ #Feb9Coup ဖေဖော်ဝါရီလ ၉ ရက် အာဏာသိမ်းမှု စတဲ့ Hashtags တွေနဲ့အတူ လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ကြပါတယ်။

ဒီဓာတ်ပုံတွေ မျှဝေမှုကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စိုးရိမ်မှု ပိုတိုးလာခဲ့ပါတယ်။

ဒီပစ်ခတ်မှု ဗီဒီယိုကို ဆန်းစစ်လေ့လာနေတဲ့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) အဖွဲ့ကြီးက ဗီဒီယိုထဲမှာ မမြသွဲသွဲ့ခိုင်ဟာ အကြမ်းဖက် လုပ်ဆောင်မှုတွေကို ပါဝင်ဆောင်ရွက်တာ၊ ဒါမှမဟုတ် ခြိမ်းခြောက်တာတွေ လုပ်တာမျိုး မတွေ့ရသလို သူ့လက်ထဲမှာလည်း ဘာမှမရှိဘူးဆိုတာကို တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသမားတွေကို အင်အားသုံး ဖြိုခွင်းတယ်ဆိုတဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အစ်မ မမြသတိုးနွယ်ကတော့ သူ့အနေနဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပြီး ဆန္ဒပြပြည်သူတွေကိုလည်း သတင်းစကားတစ်ခု ပါးလိုက်ပါတယ်။

"ကျွန်မကတော့ ဆက်ပြီးတော့ တော်လှန်သွားမှာပါ။ ကျွန်မညီမလေး ဒီလိုဖြစ်ရကျိုးနပ်အောင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖြစ်သွားအောင် တိုင်းသူပြည်သူတွေကော ပြည်သူလူထုအားလုံး ဆက်ပြီး တော်လှန်ပေးကြပါ။ ဒီအကြောင်း ကမ္ဘာကသိအောင်လည်း ကြေညာပေးကြပါ။ နိုင်ငံတကာက ကူညီပေးကြပါလို့လည်း တောင်းဆိုချင်ပါတယ်။"