ထရမ့်မဲဆွယ်စည်းရုံးရေးအတွက် ဒေါ်လာ သန်း ၅၀ လှူခဲ့တဲ့ ဘီလျံနာ ဘယ်သူလဲ

မယ်လန်ဟာ ရောဘတ် အက်ဖ် ကနေဒီ နဲ့ ထရန့်ရဲ့ မဲဆွယ်စည်းရုံးရေးအတွက် အများဆုံးလှူဒါန်းသူလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မယ်လန်ဟာ ရောဘတ် အက်ဖ် ကနေဒီ နဲ့ ထရန့်ရဲ့ မဲဆွယ်စည်းရုံးရေးအတွက် အများဆုံးလှူဒါန်းသူလည်းဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အချမ်းသာဆုံးမိသားစုတွေထဲက တစ်ခုရဲ့ အမွေဆက်ခံသူ အသက် ၈၀ ကျော် ဘီလျံနာတစ်ဦးဟာ ဒေါ်နယ်ထရမ့်ရဲ့ ၂၀၂၄ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက် အဓိကငွေကြေးပံ့ပိုးသူ ဖြစ်လာပါတယ်။

မေ ၃၁ ရက်မှာ ဒေါ်လာ သန်း ၅၀ (ပေါင် ၃၉ ဒသမ ၅ သန်း) လှူဒါန်းမှုနဲ့အတူ အသက် ၈၁ နှစ်အရွယ် တင်မိုသီ မယ်လန်ဟာ ဒီ ရွေးကောက်ပွဲရာသီအတွင်း သမ္မတဟောင်းကို ငွေကြေးအများဆုံးလှူဒါန်းခဲ့တာဖြစ်ပါတယ်။

ပတ်စ်ဘတ်အခြေစိုက် မယ်လန်ဘဏ်လုပ်ငန်းမိသားစုရဲ့ အမွေဆက်ခံသူ မယ်လန်ဟာ တစ်သီးပုဂ္ဂလလကိုယ်စားလှယ်လောင်း ရောဘတ်အက်ဖ်ကနေဒီရဲ့ မဲဆွယ်စည်းရုံးရေးအတွက် အများဆုံးလှူဒါန်းသူလည်းဖြစ်ပါတယ်။

သူ့ရဲ့နိုင်ငံရေးလှူဒါန်းမှုတွေအကြောင်း သိချင်တာမို့ ဘီဘီစီဟာ မစ္စတာမယ်လန်ကို ဆယ်သွယ်ခဲ့ပါတယ်။

ဝိုင်ယိုမင်းအခြေစိုက် မယ်လန်ဟာ လူတွေနဲ့ရောရောနှောနှော မနေတတ်မနေတတ်ဘဲ သီးခြားနေတတ်သူလို့ သိကြပြီး လူတွေအာရုံစိုက်မယ့်အရာတွေ၊ တခြားအမေရိကန်ဘီလျံနာတွေရဲ့ လူမှုအသိုင်းအဝိုင်းတွေကို ရှောင်တတ်ပါတယ်။

တင်မိုသီ မယ်လန် ဘယ်သူလဲ

မစ္စတာမယ်လန်ရဲ့ အဘိုး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း အန်ဒရူး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ္စတာမယ်လန်ရဲ့ အဘိုး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း အန်ဒရူး

အမေရိကန်ပြည်ထောင်စုကို ၁၈၁၈ ခုနှစ်မှာ ရောက်လာပြီး အိမ်ခြံမြေ နဲ့ ဘဏ်လုပ်ငန်းတွေ လုပ်ပြီး ချမ်းသာကြွယ်ဝလာတဲ့ အိုင်ယာလန်ဇာတိရွှေ့ပြောင်းတစ်ယောက်ဖြစ်သူ သောမတ်စ် မယ်လန် ရဲ့မျိုးရိုးကနေ မစ္စတာမယ်လန် ဆင်းသက်လာတာလို့ Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။

မစ္စတာမယ်လန်ရဲ့ အဘိုး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း အန်ဒရူးအပါအဝင် မယ်လန်မိသားစုဟာ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၁၄ ဘီလီယံကျော် ရှိပါတယ်။ မယ်လန်မိသားစုဟာ အမေရိကန်ပြည်ထောင်စုမှာ ချမ်းသာမှုအဆင့်အရတွက်ချက်ရင် အဆင့် ၃၄ မှာ ရပ်တည်နေတဲ့ မိသားစုလို့ Forbes က ခန့်မှန်းပါတယ်။

၁၉၄၂ ခုနှစ်မှာမွေးဖွားခဲ့တဲ့ မယ်လန်ဟာ ယေးလ်တက္ကသိုလ်ကိုတက်ရောက်ခဲ့ပြီး မြို့ပြစီမံကိန်းဘာသာရပ်ကို လေ့လာခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူ့ဖခင်က ယေးလ်တက္ကသိုလ် ရဲ့ အဓိကအလှူရှင်တစ်ဦးဖြစ်ပြီး ဗြိတိန်ပြင်ပမှာ ဗြိတိန်အနုပညာလက်ရာတွေကို အများဆုံးစုစည်းထားတဲ့ ''ဗြိတိန်အနုပညာအတွက် ယေးလ်ဗဟိုဌာန'' ကိုတည်ထောင်နိုင်ဖို့ ရန်ပုံငွေထုတ်ပေးခဲ့သူဖြစ်ပါတယ်။

၁၉၈၁ ခုနှစ်မှာ မစ္စတာမယ်လန်ဟာ ဂီးဖို့ပို့ဆောင်ရေးလုပ်ငန်းစု(Guilford Transportation Industries) ကို တည်ထောင်ခဲ့ပါတယ်။ ကွန်နပ်တီးကပ်ပြည်နယ်က သူ့မွေးရပ် ဂီးဖို့ကို အစွဲပြုထားတဲ့ ဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီဟာ ကနေဒါကနေ နယူးအင်္ဂလန်ကိုဖြတ်ပြီး အမေရိကန်ပြည်ထောင်စုက အတ္တလန္တိတ်အလယ်ပိုင်းဒေသအထိကိုပေါက်တဲ့ ရထားလမ်းသုံးလမ်းကို တာဝန်ယူခဲ့ပါတယ်။

ရထားလမ်းတွေအပေါ် အာရုံစိုက်ထားတဲ့ ကုမ္ပဏီဟာ ပန်အမေရိကန်ကမ္ဘာ့လေကြောင်းလိုင်း(Pan American World Airways) ကို ၁၉၉၈ ခုနှစ်မှာ ဝယ်ယူခဲ့ပါတယ်။

ပန်အမေရိကန်ဟာ နာမည်ကျော်အမှတ်တံဆိပ်ဖြစ်ပေမယ့် ဒေဝါလီခံတာကြာခဲ့ပြီ ဖြစ်ပါတယ်။

မယ်လန်က လေယာဉ်မောင်းရတာကို နှစ်သက်သဘောကျပြီး လေယာဉ်မှူးခန်းထဲမှာ နာရီ ၁၁,၅၀၀ ကျော်အချိန်ပေးခဲ့ပါတယ်။

Pan Am ရဲ့ပိုင်ရှင်ဖြစ်သလို လေယာဉ်မောင်းနိုင်တဲ့ အရည်အချင်းလည်းရှိတာမို့ သူဟာခရီးသည်တင်လေယာဉ်ကို မောင်းနိုင်သူအထိ ဖြစ်လာပါတယ်။

သူက Pan Am ဆိုတဲ့ အမေရိကန်အဖွဲ့အစည်းကို မပျက်စီးအောင် ထိန်းသိမ်းနိုင်ခဲ့တယ် လို့ ၂၀၂၅ ခုနှစ်မှာ ထွက်ဖို့ရှိတဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိအနှစ်ချုပ်မှာ ဖော်ပြထားပါတယ်။

သူဟာ အန်ဒရူး ဒဗလျူ မယ်လန်ဖောင်ဒေးရှင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲခွင့်ရှိသူအဖြစ် ၂၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ ရာထူးက အနားယူခဲ့ပါတယ်။

အဲဒီနောက် သုံးနှစ်အကြာ ၂၀၀၅ ခုနှစ်မှာ မယ်လန်ဟာ မွေးရပ် ကွန်နပ်တီးကပ်ကနေ ဝိုင်ယိုမင်းကို ထွက်ခွာလာခဲ့ပါတယ်။

ဝိုင်ယိုမင်းမှာ နေထိုင်ချိန်ကစလို့ လူ့အများ အာရုံစိုက်နိုင်တာတွေကိုရှောင်ရှားကာ မီဒီယာတွေနဲ့လည်း အဆက်အသွယ်မလုပ်သလောက် နေခဲ့ပါတယ်။

မယ်လန်ရဲ့ နိုင်ငံရေးအမြင်

ထရန့်ထောက်ခံသူ မယ်လန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထရန့်ထောက်ခံသူ မယ်လန်

ထရမ့်ရဲ့မဲဆွယ်စည်းရုံးရေးအတွက် မလှူဒါန်းခင်ကလည်း မယ်လန်ဟာ ကွန်ဆာဗေးတစ်ကိုယ်စားလှယ်လောင်းတွေရဲ့ လှုပ်ရှားမှုတွေအတွက် လှူဒါန်းခဲ့တဲ့ သမိုင်းကြောင်းရှိနေပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ အငြင်းပွားစရာ ရွှေ့ပြောင်းဆန့်ကျင်ရေးဥပဒေကြမ်း SB 1070 ကို ခုခံဖို့အတွက် တရားရုံးစရိတ်အဖြစ် အရီဇိုးနားပြည်နယ်ကို မယ်လန်ဟာ ဒေါ်လာ ၁ ဒသမ ၅ သန်း လှူဒါန်းခဲ့ပါတယ်။

တက္ကဆပ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ရဲ့ မက္ကစီကို နယ်စပ်တလျှောက် တံတိုင်းဆောက်လုပ်ရေးအတွက် ငွေကြေးထုတ်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဒီစီမံကိန်းအတွက် ဒေါ်လာ ၅၃ သန်း ထောက်ပံ့ခဲ့ပါတယ်။

သူဟာ ရှေးရိုးစွဲအမြင်ရှိကွန်ဆာဗေးတစ်ကိုယ်စားလှယ်လောင်းတွေကို ကူညီနိုင်ဖို့အတွက် ရီပတ်ဘလီကန်ပါတီနဲ့ မဟာမိတ်ပြုထားတဲ့ နိုင်ငံရေးလှုပ်ရှားမှုကော်မတီတွေကို ငွေကြေးလှူဒါန်းခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ သူကိုယ်တိုင်ထုတ်ဝေခဲ့တဲ့ ကိုယ်ရေးမှတ်တမ်းမှာ မယ်လန်ဟာ သူ့ရဲ့နိုင်ငံရေးအမြင်တွေကို ဖော်ပြခဲ့ပါတယ်။ လူမှုဖူလုံရေးအစီအစဉ်တွေကို ကျွန်စနစ် ပြန်အသက်သွင်းမှု လို့ သူက ခေါ်ဆိုခဲ့ပါတယ်။

ဒါ့အပြင် လူမည်းမဲဆန္ဒရှင်တွေဟာ မဲပေးတဲ့အတွက် ပစ္စည်းတွေအခမဲ့ရပြီး အလဲအလှယ်သဘောဆန်တယ်လို့ မယ်လန်က ရေးသားခဲ့ပါတယ်။ သူ့ရဲ့ လှူဒါန်းမှုတွေဟာ ရိုးသားကြိုးစားပြီး မာနကြီးတဲ့ သာမန်လူတွေက ထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့လည်း သူက ကြွေးကြော်ခဲ့ပါတယ်။

အပြန်အလှန်အဖြစ် လူမည်းအမေရိကန်တွေဟာ ပိုပြီးရန်လိုလာပြီး အန်ကယ်ဆမ် (အမေရိကန်အစိုးရ)သစ်ရဲ့ ကျွန်တွေဖြစ်လာတယ်လို့လည်း သူကပြောပါတယ်။

ဒါပေမဲ့ မစ္စတာမယ်လန်ဟာ တိုးတက်တဲ့အမြင်ရှိတဲ့ နယူးယောက် ကိုယ်စားလှယ် အလက်ဇန်းဒါး အိုကာလျှို-ကော်တက်စ်အတွက် ဒေါ်လာ ၂၇၀၀ လှူဒါန်းမှုအပါအဝင် ဒီမိုကရက်တွေကိုလည်း ငွေကြေးအနည်းငယ် မကြာခဏလှူဒါန်းတတ်ပါတယ်။

ကော်တက်စ်က လှူဒါန်းငွေကို ပြန်ပို့ပေးခဲ့ပေမယ့် မစ္စတာမယ်လန်က အဲဒီချက်လက်မှတ်ကို ငွေပြန်မထုတ်ခဲ့ဘူးလို့ ဘလွန်ဘတ်သတင်းကို ၂၀၂၀ ပြည့်နှစ်မှာ ပြောခဲ့ပါတယ်။

ရှားရှားပါးပါးပြုလုပ်တဲ့ အဲ့ဒီတွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာမယ်လန်က ထရမ့်ကို ချီးကျူးခဲ့ပြီး “ ထရမ့်က ပေးထားတဲ့ကတိကို တည်အောင်လုပ်တယ်၊ ပေးထားတဲ့ကတိတွေတည်အောင်လည်း အကောင်အထည်ဖော်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

‘’ထရမ့်ရဲ့ မှတ်သားစရာအကောင်းဆုံးအောင်မြင်မှုကတော့ ကုန်သွယ်ရေး၊ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာ့နိုင်ငံတွေကြား အထူးသဖြင့် တရုတ်ကြားမှာ ချိန်ခွင်လျှာညီအောင် ပြန်လုပ်နိုင်ခဲ့တာပဲ” လို့ မစ္စတာမယ်လန်က ပြောပါတယ်။

အမ်မလီယာ အားဟတ်ကို ပြန်တွေ့အောင် မယ်လန်ကြိုးပမ်းခဲ့ပုံ

၁၉၃၇ ခုနှစ်မှာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး ပျံသန်းနေတုန်း ပျောက်ဆုံးသွားတဲ့ နာမည်ကျော်အမေရိကန်လေယာဉ်မောင်း အမ်မလီယာ အားဟတ်ရဲ့ ရုပ်ကြွင်းနဲ့ လေယာဉ်ကို ရှာဖွေနေတဲ့ အဖွဲ့တစ်ဖွဲ့ကို မစ္စတာမယ်လန်က ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ တစ်သန်းလှူဒါန်းခဲ့ပါတယ်။

ရလဒ်မထွက်ခဲ့တဲ့ လေယာဉ်ရှာဖွေရေး ခရီးစဉ်မှာ မစ္စတာမယ်လန်ပါဝင်ခဲ့တယ်လို့ သမိုင်းဝင်လေယာဉ်ပြန်လည်ရှာဖွေရေး နိုင်ငံတကာအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ရစ် ဂီလက်စ်ပီက အမေရိကန်မီဒီယာဌာန NOTUS ကို နောက်ပိုင်းမှာ ပြောပြခဲ့ပါတယ်။

‘’ကျွန်တော်တို့ ဘာမှ ရှာမတွေ့ခဲ့ကြပါဘူး၊ ဒါပေမဲ့ သူက တစ်ချက်မငြီးဘူး၊ ခရီးစဉ်တစ်လျှောက်လုံးပါလာတယ်၊ ကိုယ်တိုင်ဝင်လုပ်တာသိပ်မရှိပါဘူး၊ သင်္ဘောပေါ်မှာထိုင်ပြီး စာဖတ်နေတာပါပဲ’’ လို့ မစ္စတာ ဂီလက်စ်ပီကပြောပါတယ်။

တစ်နှစ်အကြာမှာတော့ မစ္စတာမယ်လန်က အဲဒီအဖွဲ့က သူငွေမပေးခင်ကတည်းက လေယာဉ်ကိုရှာတွေ့ထားပြီးသား လို့ ပြောပြီး အဖွဲ့ကို တရားစွဲခဲ့ပါတယ်။

ဒါပေမဲ့ တရားသူကြီးကတော့ မစ္စတာမယ်လန်ရဲ့ အကျိုးဆောင်တွေက လေယာဉ်ရှာတွေ့တဲ့အကြောင်း သက်သေမပြနိုင်ဘူးလို့ အဖွဲ့ဘက်ကနေ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။