ဖက်ဆစ်တော်လှန်ရေးဖခင်ကြီး အလံနီ သခင်စိုးရဲ့ အဘိဓမ္မာ အချိုးအကွေ့ ၀င်္ကပါ

လက်ဝဲဝါဒနဲ့ ကွန်မြူနစ်ပါတီ အောင်မြင်အောင် မြန်မာပြည်မှာ သခင်စိုး အဓိကအားထုတ်ခဲ့
ဓာတ်ပုံ ပုံစာ, လက်ဝဲဝါဒနဲ့ ကွန်မြူနစ်ပါတီ အောင်မြင်အောင် မြန်မာပြည်မှာ သခင်စိုး အဓိကအားထုတ်ခဲ့
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

သခင်စိုးကို အလံနီကွန်မြူနစ်ပါတီခေါင်းဆောင်၊ ဇနီးမယားများသူဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ မြန်မာလူမှုကွန်ရက်မှာ အသိများပေမယ့် မြန်မာပြည်မှာ လက်၀ဲ၀ါဒပြန့်ပွားအောင် ဦးဆောင်ဖြန့်ဖြူးခဲ့သူ၊ ဖက်ဆစ်တော်လှန်ရေးရဲ့ နိုင်ငံရေးခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေကို သိမီသူ နည်းသွားပြီ ဖြစ်ပါတယ်။

သခင်စိုးဟာ မြန်မာပြည်မှာ လက်၀ဲ၀ါဒ ပြန့်ပွားအောင် အဓိကဖြန့်ဖြူးခဲ့တဲ့ နဂါးနီစာအုပ်အသင်းကို သခင်နု၊ သခင်ထွန်းအေးတို့နဲ့ လက်တွဲတည်ထောင်ခဲ့ပြီး ၁၉၄၂ ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်ကို ကူးစက်ချိန်မှာလည်း အင်းစိန်ထောင်ထဲကနေ အင်းစိန်စစ်တမ်းရေးပြီး အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဖက်ဆစ်ကို တိုက်ထုတ်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။

အင်းစိန်စစ်တမ်းရေးပြီး အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဖက်ဆစ်ကို တိုက်ထုတ်ဖို့ လှုံ့ဆော်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်းစိန်စစ်တမ်းရေးပြီး အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဖက်ဆစ်ကို တိုက်ထုတ်ဖို့ လှုံ့ဆော်ခဲ့

ဒုတိယကမ္ဘာစစ်အပြီးမှာတော့ သေရဲတာ အလံနီ၊ သတ်ရဲတာ အလံနီဆိုတဲ့ လက်၀ဲစွန်းလမ်းစဥ်ကို လိုက်ပြီး ဗြိတိသျှနဲ့ စေ့စပ်ပြီး လွတ်လပ်ရေးယူတဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းစဥ်ကို ဆန့်ကျင်ခဲ့ပါတယ်။ အဲဒီနောက် မတရားအသင်း ကြေညာခံရပြီး အဖမ်းခံရသလို တောခိုပြီး လက်နက်ကိုင်လမ်းစဥ်ကို ကျင့်သုံးခဲ့ပါတယ်။ ၁၉၇၀ မှာ တောထဲကနေ လက်နက်ချပြီးနောက် ဗိုလ်နေ၀င်း အစိုးရရဲ့ တရားရုံးကနေ သခင်စိုးကို ဆင်စွယ်ရွာ လူသတ်မှုအတွက် သေဒဏ်ချခဲ့သလို သေဒဏ်က လွတ်ငြိမ်း ချမ်းသာခွင့်ရပြီးနောက်မှာတော့ ဗိုလ်နေ၀င်းရဲ့ စစ်ဆိုရှယ်လစ်လမ်းကြောင်းကို ချီးကျူးခဲ့ပါတယ်။

ဒါကြောင့် သခင်စိုးရဲ့ နိုင်ငံရေးလမ်းကြောင်းဟာ အကွေ့အကောက် အတိမ်းအစောင်းတွေ များပြီး မတည်ငြိမ်တဲ့အတွက် မြန်မာပြည် နိုင်ငံရေးမှာ ခေါင်းဆောင်နေရာကောင်းကောင်းကို မရဘဲ စွန့်ဦးတီထွင်သူအနေနဲ့ပဲ အပြီးသတ်ခဲ့ရပါတယ်။ သခင်စိုး ကွယ်လွန်တာ အနှစ် ၃၀ ကျော်ပြီးနောက်မှာတော့ မြန်မာပြည်မှာ လက်နက်ကိုင်တော်လှန်ရေး တခေတ်ဆန်းပြီး သခင်စိုးပါ၀င် ထူထောင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟောင်းကနေ လက်ဝဲတပ်အသစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပြန်ပေါ်လာခဲ့ပါတယ်။

ရေနံစက်ရုံက စာရေးဆရာ

ဘီအိုစီကုမ္ပဏီ ရေနံလှောင်ကန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘီအိုစီကုမ္ပဏီ ရေနံလှောင်ကန်

သခင်စိုးဟာ သခင်သန်းထွန်း၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းနဲ့ ဗိုလ်လက်ျာစတဲ့ လူလတ်တန်းစား ပညာတတ် လက်၀ဲခေါင်းဆောင်တွေနဲ့ မတူဘဲ အလုပ်သမား လူတန်းစားက လာတဲ့ ပစ္စည်းမဲ့ ခေါင်းဆောင်ဖြစ်ပြီး အစိုးရ ရာထူး တခါမှ မရဖူးတဲ့ ကွန်မြူနစ်ခေါင်းဆောင် ဖြစ်ပါတယ်။

သန်လျင်က ဘီအိုစီရေနံချက်စက်ရုံမှာ ၁၄ နှစ်ကြာ ဓာတ်ခွဲခန်းမှူး လုပ်ခဲ့ပြီး အလုပ်သမားရေး စိတ်၀င်စားခဲ့တဲ့ ကိုစိုးဟာ တို့ဗမာအစည်းအရုံးကို ၀င်ပြီး နိုင်ငံရေးသမား ဖြစ်လာသလို သခင်ဘသောင်းနဲ့ သခင်သိန်းမောင်ဆိုတဲ့ သခင်ခေါင်းဆောင်ကြီး နှစ်ယောက်ဆီမှာ တပည့်ခံခဲ့ပေမယ့် ပညာမရဘဲ နိုင်ငံရေးကို ကိုယ်တိုင်လေ့လာဆည်းပူးယူရင်း လက်၀ဲသမား ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်က မြန်မာပြည်မှာ ပိတ်ထားတဲ့ ရှားပါးတဲ့ လက်ဝဲစာအုပ်တွေကို ရတဲ့နေရာကနေ သခင်စိုး ရှာဖွေဖတ်ရှုခဲ့သလို နေ့ညမနားဘဲ ဖတ်ခဲ့ကြောင်း သခင်စိုးရဲ့ သခင်စိုးမှာ ပါရှိပါတယ်။ ဆရာစံရဲ့ စာမူခငွေနဲ့ လက်၀ဲစာအုပ်တွေ ၀ယ်ယူပြီး သတင်းစာဆရာ ဦးထွန်းဖေ ဖွင့်လှစ်တဲ့ ဂဠုန်ဆရာစံ အထိမ်းအမှတ် ပိဋကတ်တိုက်မှာလည်း သူနဲ့ တခြားသခင်တွေ လက်ဝဲစာပေကို လေ့လာခဲ့ကြပါတယ်။

အတန်းပညာ ခုနစ်တန်းသာ ရှိခဲ့ပေမယ့် သန်လျင်ဘီအိုစီမှာ အလုပ်လုပ်ရင်း အစ်ကိုဖြစ်သူဆီကနေ အင်္ဂလိပ်စာ သင်ကာ ကားလ်မတ်ရဲ့ အရင်းကျမ်းကို နားလည်အောင် အခေါက်ခေါက်ဖတ်ခဲ့ပါတယ်။ မြန်မာသီချင်းကြီး ၀ါသနာပါပြီး ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ ရခဲ့တဲ့ သခင်စိုးဟာ ဆရာစံ အရေးတော်ပုံ ကျဆုံးပြီးနောက်ပိုင်း ကိုယ်လက်ကြံ့ခိုင်ရေးဘက်ကို ပိုလိုက်စားလာပြီး သံလျင်ကနေ ရွှေဘိုကို ကုန်းကြောင်းလျှောက်၊ စက်ဘီးစီးတာတွေ လုပ်ခဲ့ပါတယ်။

နဂါးနီနဲ့ အနုပဋိလောမ

ကိုလိုနီခေတ် ဆင်းရဲနိမ့်ကျမှုတွေကြောင့် အမျိုးသားရေးဝါဒ ပေါ်ထွန်းလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုလိုနီခေတ် ဆင်းရဲနိမ့်ကျမှုတွေကြောင့် အမျိုးသားရေးဝါဒ ပေါ်ထွန်းလာ

ကိုလိုနီခေတ်မှာ ဗြိတိသျှနဲ့ လက်ဝေခံ အိန္ဒိယ၊ တရုတ်အရင်းရှင်တွေရဲ့ အမြတ်ထုတ်မှုကြောင့် မြန်မာပြည်မှာ မြန်မာငွေရင်းအားနည်းပြီး လူအများစု ဆင်းရဲခေတ်နောက်ကျခဲ့တဲ့အတွက် မကျေနပ်သူ လူငယ် နိုင်ငံရေးသမားတွေ လက်၀ဲသမား ဖြစ်လာခဲ့ကြပြီး ဒီထဲမှာ သခင်ခေါ် တို့ဗမာအစည်းအရုံး၀င်တွေ အများကြီး ပါပါတယ်။ ဒီသခင်တွေကပဲ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ခေါ် ပြည်သူ့အရေးတော်ပုံ ပါတီတွေကို တည်ထောင်ခဲ့ကြသလို နဂါးနီစာအုပ်အသင်းကို တည်ထောင်ပြီး လက်၀ဲစာပေတွေ ဖြန့်ဖြူးခဲ့ပါတယ်။ နဂါးနီမှာ အဓိက ဦးဆောင်လှုပ်ရှားသူတွေထဲမှာ သခင်နုနဲ့ သခင်စိုးတို့ ပါကြပြီး နဂါးနီထုတ် စာအုပ်တွေကြောင့် မြန်မာပြည်မှာ လက်၀ဲ၀ါဒ၊ အမျိုးသားရေး၀ါဒတွေ အားကြီးလာကြောင်း အန္နာအဲလော့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်ခင်မင် (ဓနုဖြူ) စတဲ့ စာပေသမိုင်းပညာရှင်တွေက ရေးခဲ့ပါတယ်။

ကွန်မြူနစ်ပုန်ကန်မှု ကြုံရတဲ့ စစ်ပြီးခေတ် မြန်မာကျေးလက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွန်မြူနစ်ပုန်ကန်မှု ကြုံရတဲ့ စစ်ပြီးခေတ် မြန်မာကျေးလက်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နဂါးနီထုတ် သခင်စိုးရဲ့ ဗမာ့တော်လှန်မှုနဲ့ ဆိုရှယ်လစ်ဝါဒ စတဲ့ စာအုပ်တွေဟာ ဒုတိယကမ္ဘာစစ် အတွင်းက နယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေးတွေကို မီးမွှေးပေးခဲ့တဲ့ စာအုပ်တွေဖြစ်သလို စစ်ပြီးခေတ် ကွန်မြူနစ် တော်လှန်ရေးတွေကို မွေးထုတ်ပေးခဲ့တဲ့ အစောပိုင်း တော်လှန်ရေး စာအုပ်တွေလည်း ဖြစ်ပါတယ်။ သခင်စိုးဟာ အပြောင်းအလဲဟူသမျှကို စနစ်ကျတဲ့ ဘုံ၀ါဒမှန်ပြောင်းနဲ့ ကြည့်တတ်သူဆိုပြီး ဗမာ့တော်လှန်မှုစာအုပ်ကို တည်းဖြတ်သူ သခင်ဗဟိန်း ရေးခဲ့သလိုပဲ လက်ဝဲစာပေကို ညက်ညက်ချေဖတ်ခဲ့တဲ့ သခင်စိုးအမြင်နဲ့ ရေးတဲ့ စာအုပ်တွေကြောင့်လည်း ကိုလိုနီခေတ်နှောင်းပိုင်း မြန်မာပြည်မှာ လက်ဝဲနက္ခတ် အားကောင်းခဲ့ပါတယ်။

လက်ဝဲစာပေတွေကို ဘာသာပြန်ရာမှာ သခင်စိုးတို့ခေတ်က တီထွင်ခဲ့တဲ့ စကားလုံးတွေထဲမှာ Proletariat ကို ပြန်ဆိုတဲ့ ပစ္စည်းမဲ့ လူတန်းစား၊ Capitalist ကို ပြန်ဆိုတဲ့ ဓနရှင်၊ Cell ကို ပြန်ဆိုတဲ့ ကလာပ်စည်းနဲ့ Dialectical Materialism ကို ပြန်ဆိုတဲ့ အနုပဋိလောမရုပ်၀ါဒ စတဲ့ စကားလုံးတွေက ထင်ရှားပါတယ်။ သခင်စိုးရဲ့ သြဇာကို ဆန့်ကျင်ကြောင်း ပြတဲ့အနေနဲ့ ၁၉၆၂ နောက်ပိုင်း ဗိုလ်ချုပ်ကြီးနေ၀င်းခေတ်မှာ သိပ္ပံ၀ေါဟာရတွေကို ဘာသာပြန်ရာမှာ ဆဲလ်ကို ကလာပ်စည်းလို့ ပြန်ဆိုမှုအသုံးက တွင်ကျယ်နေပေမယ့်လည်း ဆဲလ်လို့ပဲ ပညာရှင်တွေ ပြန်ဆိုခဲ့ရပါတယ်။

၁၉၆၂ မှာ စစ်အာဏာသိမ်းအစိုးရအတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရေးဆွဲခဲ့တဲ့ မောင်ချစ်လှိုင်ကိုယ်တိုင် ၁၉၃၉ ထုတ် သခင်စိုးရဲ့ ဆိုရှယ်လစ်ဝါဒစာအုပ်ရဲ့ သြဇာလွှမ်းမိုးမှုကို ကြီးစွာခံရကြောင်း ဝန်ခံထားတယ်လို့လည်း ဂျာမနီက Myanmar-Institut ၀က်ဆိုက်မှာ ပါရှိပါတယ် ။

နဂါးနီထုတ် သခင်စိုးရဲ့ ဆိုရှယ်လစ်၀ါဒ

ဓာတ်ပုံ ရင်းမြစ်, myanmar-institut

ဓာတ်ပုံ ပုံစာ, နဂါးနီထုတ် သခင်စိုးရဲ့ ဆိုရှယ်လစ်၀ါဒ

သခင်စိုးဟာ လက်ဝဲကို စာတွေ့အပြင် ရေနံမြေအလုပ်သမားသပိတ်မှာ လက်တွေ့စည်းရုံးပြီး ဆည်းပူးခဲ့ပါတယ်။ ဒီအတွက် ထောင်အကြိမ်ကြိမ်ကျခဲ့သလို အင်းစိန်ထောင်တံတိုင်းပေါ်တက်ပြီး ရေနံမြေသပိတ်သမားတွေကို သခင်စိုး ဟောပြောခဲ့ပါတယ်။

သခင်စိုး၊ သခင်နု၊ သခင်သန်းထွန်းစတဲ့ သခင်ခေါင်းဆောင်တွေ အင်းစိန်ထောင်ထဲ ရောက်နေချိန်မှာပဲ သခင်အောင်ဆန်းနဲ့ လူငယ်တစု တရုတ်ကတဆင့် ဂျပန်ကို ရောက်သွားပြီး ဗြိတိသျှကို တိုက်ထုတ်ဖို့ ရဲဘော်သုံးကျိပ် ဖွဲ့တာတွေ ရှိလာပါတယ်။ အရင်းရှင်စနစ်ရဲ့ အဖောက်ပြန်ဆုံး ဖက်ဆစ်ဂျပန်နဲ့ လက်တွဲပြီး ဗြိတိသျှကို တိုက်ထုတ်မလား၊ ဗြိတိသျှနဲ့ ပေါင်းပြီး ဖက်ဆစ်ကို တွန်းလှန်မလား၊ ဗြိတိသျှနဲ့ ဖက်ဆစ် နှစ်မျိုးလုံးကို တိုက်ထုတ်မလား ၀ါဒရေးအရ ထောင်တွင်း ထောင်ပြင်မှာ အငြင်းပွားကြပါတယ်။ အဲဒီမှာ သခင်စိုး ဦးဆောင်ပြီး သခင်သန်းထွန်း၊ သခင်ကျော်စိန်တို့နဲ့အတူ အင်းစိန်စစ်တမ်း၊ မြင်းခြံစစ်တမ်းတွေ ရေးပြီး ဖက်ဆစ်ကို တိုက်ထုတ်ဖို့ ထောင်ထဲကနေ ဆော်သြခဲ့ပါတယ်။ သခင်နုနဲ့ တခြားသခင်အများစုကတော့ ဖက်ဆစ်နဲ့ ပေါင်းပြီး ဗြိတိသျှကို တိုက်ဖို့ အလေးသာခဲ့ကြောင်း မြန်မာ့နိုင်ငံရေးသမိုင်းထဲမှ အလံနီ စာအုပ်မှာ ရဲနီကျော်၀င်းက ရေးပါတယ်။

ကွန်မြူနစ်ကလာပ်စည်းနဲ့ တော်လှန်ရေး

အိန္ဒိယက မဟာမိတ်တွေနဲ့ ချိတ်ဆက်တော်လှန်တဲ့ သခင်စိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယက မဟာမိတ်တွေနဲ့ ချိတ်ဆက်တော်လှန်တဲ့ သခင်စိုး

၁၉၃၉ က သခင်စိုးပါ၀င်ဖွဲ့စည်းခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပထမဆုံး အတွင်းရေးမှူး သခင်အောင်ဆန်း ဘီအိုင်အေ ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ဦးဆောင်ဖွဲ့စည်းပြီး မြန်မာပြည်ထဲကို ဂျပန်တပ်တွေနဲ့အတူ ၀င်လာချိန်မှာ သခင်စိုးဟာ သိန်းဖေမြင့် ဖြစ်လာမယ့် သခင်သိန်းဖေနဲ့အတူ အိန္ဒိယကို လိုက်မသွားဘဲ မြစ်၀ကျွန်းပေါ်မှာ ဇာတ်မြှုပ်နေပြီး တော်လှန်ရေးအတွက် အားစုခဲ့ပါတယ်။

ဖျာပုံ ကျေးလက်တောရွာကနေ သခင်စိုး ရေးသားတဲ့ စာတမ်းတွေ၊ မွေးထုတ်ပေးခဲ့တဲ့ ပါတီကေဒါတွေနဲ့ ကလာပ်စည်းတွေက ဖက်ဆစ်တော်လှန်ရေးအတွက် အမြုတေတွေ ဖြစ်သလို စစ်ပြီးခေတ်မှာ အင်အားကြီးလာမယ့် ကွန်မြူနစ်ပါတီအတွက်လည်း ယာဆီမြေကောင်း ဖြစ်ခဲ့ပါတယ်။ အပေါ်ယံကြည့်ရင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ပေးတဲ့ လွတ်လပ်ရေးအောက်မှာ ၀န်ကြီး၊ အတွင်း၀န်၊ ဗိုလ်ချုပ် ဗိုလ်မှူးကြီး ရာထူးတွေနဲ့ နိုင်ငံရေးရောင်းရင်းတွေ ကောင်းစားနေကြပေမယ့် အိန္ဒိယက သခင်သိန်းဖေ၊ မြစ်၀ကျွန်းပေါ်က သခင်စိုးနဲ့ ရန်ကုန် ရွှေတောင်ကြားက ၀န်ကြီးသခင်သန်းထွန်း ကြားမှာ ဆက်သားတွေ လွှတ်ပြီး တော်လှန်ရေးအတွက် ညှိနှိုင်းတာတွေ ရှိခဲ့ကြောင်း သိန်းဖေမြင့်ရဲ့ စစ်အတွင်းခရီးသည်၊ သခင်နုရဲ့ ငါးနှစ်ရာသီ ဗမာပြည်နဲ့ အိန္ဒိယသွား လေထီးရဲဘော်တွေရဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ဂျပန်ခေတ်မှာ သခင်စိုး ခိုလှုံခဲ့တဲ့ မြစ်ဝကျွန်းပေါ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန်ခေတ်မှာ သခင်စိုး ခိုလှုံခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသရဲ့ ဒီနေ့ခေတ်မြင်ကွင်းတခု

ဂျပန်တော်လှန်ရေး နီးလာချိန် ၁၉၄၄ က စပြီး သခင်စိုးကိုယ်တိုင် ဗိုလ်ကျော်ဇောရဲ့ ပဲခူးစံပြတပ်ရင်းကို လာပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်ပင်ဆွေးနွေးသလို ဖက်ဆစ်တိုက်ဖျက်ရေးတပ်ဦးဖွဲ့ဖို့လည်း အရေးတော်ပုံပါတီ၊ တပ်မတော်တို့နဲ့ သဘောတူခဲ့ပါတယ်။ ဒါကြောင့် သခင်စိုးကို ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးရဲ့ နိုင်ငံရေးခေါင်းဆောင်၊ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးခေါင်းဆောင်နဲ့ သခင်သိန်းဖေကို ပြည်ပဆက်သွယ်ရေး တာ၀န်ခံအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

သခင်စိုးရဲ့ ဆိုရှယ်လစ်အမြင်ကြောင့် ဂျပန်နဲ့ ပေါင်းခဲ့တဲ့ သူ့နိုင်ငံရေးမိတ်ဆွေတွေကို ဖက်ဆစ်ဆန့်ကျင်ရေးလမ်းကြောင်းပေါ် ဆွဲတင်နိုင်ခဲ့ပြီး စစ်ပြီးခေတ်မှာ ဗိုလ်အောင်ဆန်းက လွတ်လပ်ရေးခေါင်းဆောင်ဖြစ်လာသလို သခင်သန်းထွန်းကလည်း ကွန်မြူနစ်ခေါင်းဆောင်ကြီး ဖြစ်လာခဲ့ကြောင်း စိုး၊ ဆိုရှယ်လစ်၀ါဒနဲ့ ချစ်လှိုင်စာအုပ်မှာ လန်ဒန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခဟောင်း ရောဘတ်တေလာက အမှာ ရေးသားခဲ့ပါတယ်။

ဆန်လုပွဲနဲ့ အလံနီအသေခံများ

ရှမ်းခေါင်းဆောင်များနဲ့ သခင်စိုး၊ သခင်သိန်းဖေ

ဓာတ်ပုံ ရင်းမြစ်, သခင်စိုး မိသားစု

ဓာတ်ပုံ ပုံစာ, ရှမ်းခေါင်းဆောင်များနဲ့ သခင်စိုး၊ သခင်သိန်းဖေ

ဒုတိယကမ္ဘာစစ်အပြီး မြေပေါ်မှာ ကွန်မြူနစ်ပါတီ တရား၀င် ထူထောင်ချိန်မှာတော့ အာဏာလုပွဲ စခဲ့ပါတယ်။ အိန္ဒိယကနေ ဘရောက်ဒါ၀ါဒခေါ် စစ်နိုင်အရင်းရှင်မဟာမိတ်တွေနဲ့ ကွန်မြူနစ်တွေ စေ့စပ်ပြီး ကွန်မြူနစ်စနစ်ကို တည်ထောင်နိုင်တယ်လို့ ယုံကြည်တဲ့၀ါဒကို သခင်သိန်းဖေ သယ်လာချိန်မှာ အစက လက်ခံကြပေမယ့် ၁၉၄၆ ကစပြီး သခင်စိုးက လက်နက်ကိုင်နည်းနဲ့ လွတ်လပ်ရေးယူပြီး ကွန်မြူနစ်နိုင်ငံ ထူထောင်ချင်တဲ့ဘက်ကို ယိမ်းခဲ့ပါတယ်။ မိန်းမမှုပွေတယ်ဆိုပြီး သခင်စိုးကို ပါတီအထွေထွေ အတွင်းရေးမှူး ရာထူးက ချတဲ့အထိ ဖြစ်လာသလို သခင်သိန်းဖေနဲ့ သခင်သန်းထွန်းကို ဘရောက်ဒါ ဝါဒသယ်မှုနဲ့ ပါတီဗဟိုကော်မတီက ထုတ်ပယ်လိုတဲ့ သခင်စိုးဆန္ဒကို မလိုက်လျောလို့ သူနဲ့ နောက်လိုက် လူနည်းစုက ပါတီခွဲထောင်ပြီး အလံနီကွန်မြူနစ်ပါတီလို့ ထင်ရှားလာပါတယ်။

ဖဆပလထဲမှာ ဆိုရှယ်လစ်တွေနဲ့ ခေါင်းဆောင်လုရင်း ကျန်ခဲ့တဲ့ သခင်သန်းထွန်းနဲ့ သခင်သိန်းဖေတို့ကို ပါတီကို သိန်းသန်းကွန်မြူနစ်၊ အလံဖြူကွန်မြူနစ် ခေါ်ပေမယ့် လွတ်လပ်ရေးရပြီးခေတ်မှာ ဗကပလို့ပဲ လူသိများခဲ့ပါတယ်။ သခင်စိုးရဲ့ အလံနီကွန်မြူနစ်အုပ်စုကတော့ လူနည်းပေမယ့် ဆန်လုပွဲ၊ သပိတ်တားပွဲတွေကြောင့် လူသိများပါတယ်။ ဗြိတိသျှအစိုးရရဲ့ အုပ်ချုပ်ရေး ဌာနချုပ် အတွင်း၀န်ရုံးကို အလံနီတွေ ပိတ်ဆို့ပြီး သပိတ်တားလို့ ပုလိပ်တွေနဲ့ ၀ိုင်းပြီး ဖြိုခွဲခံရသလို သခင်စိုးကိုလည်း ရွှေတိဂုံဘုရားပေါ်မှာ ပိတ်ဆို့ဖမ်းရာက လွတ်သွားလို့ သခင်စိုး သီလရှင် ယောင်ဆောင်ပြီး ပျောက်သွားတယ်ဆိုတဲ့ ဦးဘဂျမ်းကာတွန်းက နာမည်ကြီးခဲ့ပါတယ်။

အလံနီတွေ ၀ိုင်းပြီး ဆန္ဒပြခဲ့တဲ့ အတွင်းဝန်များရုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အလံနီတွေ ၀ိုင်းပြီး ဆန္ဒပြခဲ့တဲ့ အတွင်းဝန်များရုံး

သခင်စိုးရဲ့ စေခိုင်းချက်အရ ထောင်ကျတဲ့ အလံနီတွေ အစာငတ်ခံ ဆန္ဒပြမှုဟာ အသေခံတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ သခင်စိုးရဲ့ အလံနီသတင်းစဥ်ကနေ ဖဆပလနဲ့ သိန်းသန်းကွန်မြူနစ်တွေကို ပက်ပက်စက်စက် ပုတ်ခတ်မှုတွေကလည်း ဖဆပလရဲ့ စေ့စပ်ရေးနည်းနဲ့ လွတ်လပ်ရေးလမ်းကြောင်းကို မထိခိုက်ဘဲ အလံနီသာ အင်အားနည်းသွားခဲ့ပါတယ်။ သခင်စိုးရဲ့ လက်ရင်းတပည့်တွေ ဖြစ်တဲ့ သခင်တင်မြနဲ့ မောင်ချစ်လှိုင်တို့ကိုယ်တိုင် သခင်စိုးကို ထားခဲ့ပြီး ဗကပနဲ့ ဆိုရှယ်လစ်ဘက် ပူးပေါင်းတာတွေ ဖြစ်ခဲ့ပါတယ်။

ဗြိတိသျှနဲ့ စေ့စပ်ပြီး လွတ်လပ်ရေးယူတဲ့ ဗိုလ်ချုပ်အောင်ဆန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗြိတိသျှနဲ့ စေ့စပ်ပြီး လွတ်လပ်ရေးယူတဲ့ ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၆ မှာ ဖဆပလက ကွန်မြူနစ်တွေ အထုတ်ခံရပြီးနောက်ပိုင်း ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးတဲ့အချိန်အထိ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် နှစ်ခြမ်း ညီညွတ်ရေးက ဖြစ်မလာတဲ့အပြင် သခင်စိုးရဲ့ အလံနီပါတီကို ၁၉၄၆ နဲ့ ၁၉၄၇ မှာ မတရားအသင်း နှစ်ခါ ကြေညာတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်မှာတော့ တချိန်က ဖက်ဆစ်တော်လှန်ရေးနဲ့ လွတ်လပ်ရေး စခန်းအဆင့်ဆင့်မှာ ရှေ့တန်းက ပါခဲ့တဲ့ ကွန်မြူနစ်နှစ်ခြမ်းလုံး တောထဲရောက်သွားပါတယ်။ မြန်မာပြည်က ကွန်မြူနစ်နှစ်ပါတီလုံး တော်လှန်ရေးလမ်းကြောင်းကို ရွေးသွားတာချင်းတူပေမယ့် အများစုဖြစ်တဲ့ သခင်သန်းထွန်းရဲ့ ဗကပပါတီဟာ ၁၉၄၇ ရွေးကောက်ပွဲ ၀င်ပြိုင်တာလို ဘရောက်ဒါ၀ါဒလမ်းကြောင်းမှာ ရပ်တည်တာတွေ ရှိခဲ့ပြီး ၁၉၄၈ ကျမှ တော်လှန်ရေးလမ်းကြောင်းကို ကူးပြောင်းသွားသလို တောခိုရာမှာ မပါ၀င်တဲ့ သခင်သိန်းဖေခေါ် သိန်းဖေမြင့်နဲ့ ဗကပလည်း ရှင်ခန်းပြတ်ခဲ့ကြပါတယ်။

ကွန်မြူနစ်ခေါင်းဆောင်တွေကို ကာတွန်းဖေသိန်း သရော်

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ကွန်မြူနစ်ခေါင်းဆောင်တွေကို ကာတွန်းဖေသိန်း သရော်

သခင်စိုးဟာ မော်စီတုန်းလို နေရာမျိုး ရခဲ့ရင် အစွန်းရောက်မှုကို ပြုပြင်ပြီး ဦးဆောင်နိုင်တဲ့ခေါင်းဆောင်တယောက် ဖြစ်လာနိုင်ကြောင်း လက်၀ဲဝါဒလိုက်စားတဲ့ လက်ရှိ မြန်မာ နိုင်ငံရေးခေါင်းဆောင်ငယ်တယောက်က ပြောပါတယ်။ သခင်စိုးဟာ မော်စီတုန်းလို ချူအင်လိုင်း၊ ချူတေး၊ လျူရှောက်ချီ၊ တိန့်ရှောင်ဖိန်စတဲ့ နိုင်ငံရေး ဆွေးနွေးဘက်ကောင်းတွေ မရခဲ့ဘဲ သူ့ကို ပုဂ္ဂိုလ်ရေးအရ ဆွဲချမယ့်သူတွေနဲ့သာ ကြုံခဲ့ရကြောင်းလည်း ဆိုပါတယ်။ မြန်မာနိုင်ငံရေးမှာ ခေါင်းဆောင်တယောက် ပေါ်လာရင် ၀ေဖန်ထောက်ပြတာထက် ၀ိုင်းမြှောက်ပင့်တာမဟုတ်ရင် ထိုးချကြတာပဲ လုပ်တတ်ကြောင်းလည်း ထောက်ပြပါတယ်။

တောတွင်းက ဇနီးများနဲ့ ဆင်စွယ်ရွာ

ဗကပ ဥက္ကဋ္ဌ သခင်သန်းထွန်းနဲ့ သခင်ဇင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗကပ ဥက္ကဋ္ဌ သခင်သန်းထွန်းနဲ့ သခင်ဇင်

တောတွင်း ယောဒေသတ၀ိုက် လှုပ်ရှားတဲ့ သခင်စိုးအဖွဲ့ဟာ ဗကပလောက် အင်အားမကြီးပေမယ့် မြေပေါ် ကျောင်းသားနဲ့ နိုင်ငံရေး၊ စာပေလောကမှာ အလံနီအဆက်အသွယ်တွေ ဆက်ပြီး အားကောင်းနေဆဲ ဖြစ်ပါတယ်။ စာရေးဆရာ အောင်လင်း၊ ကဗျာဆရာ ဒေါင်းနွယ်ဆွေနဲ့ သတင်းစာဆရာ စိန်ခင်မောင်ရီဆိုတဲ့ အလံနီ သုံးယောက်ပေါင်းပြီး သိန်းဖေမြင်နဲ့ မဟာမိတ်ပြုကာ စာရေးဆရာအသင်းမှာ ဗကပ ဘက်သားတွေနဲ့ နေရာလုအင်အားပြိုင်ကြကြောင်း စာပေစာနယ်ဇင်းဘ၀ ကြုံရသမျှစာအုပ်မှာ တက္ကသိုလ်မြတ်သူက ရေးပါတယ်။

တောထဲမှာ ဗကပ၊ ရဲဘော်ဖြူတွေနဲ့ သုံးပါတီ ညီညွတ်ရေး ပျက်သွားတဲ့ အလံနီအုပ်စုဟာ ဆရာကြီးသခင်စိုးရဲ့ မတ်၀ါဒကို ကိုးကားတဲ့ လိင်မှုလွတ်လပ်ရေး အမိန့်တွေကြောင့် ကသောင်းကနင်းဖြစ်လာပြီး သခင်စိုးရဲ့ ဇနီးစာရင်းကလည်း ရှည်လျားလာပါတယ်။ သန်လျင်ရေနံချက်စက်ရုံမှာ နေခဲ့စဉ်က လှလေးစိန်နဲ့ မြလေးစိန် ညီအစ်မနှစ်ယောက်ကို တပြိုင်တည်း ပေါင်းသင်းခဲ့တဲ့ သခင်စိုးရဲ့ စစ်ပြီးခေတ် ဇနီးတွေကိုယ်တိုင် အလံနီ ရဲမေတွေ ဖြစ်ကြလို့ အဖမ်းခံရ၊ ထောင်ကျတာတွေလည်း ရှိပါတယ်။ မခင်စီ၊ မနှင်းမေ၊ မငွေစံနဲ့ မခင်စု တို့ဟာ သခင်စိုးနဲ့ စစ်အတွင်း၊ တောတွင်းကာလတွေမှာ ပေါင်းသင်းခဲ့ကြတဲ့ ဇနီးတွေပါ။

သခင်စိုးနဲ့ ကိုယ်တော်မှိုင်း နောက်ဆုံးအကြိမ်ပြန်တွေ့

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, သခင်စိုးနဲ့ ကိုယ်တော်မှိုင်း နောက်ဆုံးအကြိမ်ပြန်တွေ့

၁၉၆၀ က ယောနယ် ဆင်စွယ်ရွာမှာ စစ်တပ်သတင်းပေးဆိုပြီး အလံနီဗိုလ်ချုပ်လေး မျိုးဆွေက ရွာသား ၇၀ ကျော်ကို သတ်ဖြတ်မှုအကြောင်း သတင်းစာတွေမှာ ဟိုးလေးတကျော်နဲ့ ပါလာပြီး အလံနီသြဇာ ပိုကျဆင်းခဲ့ပါတယ်။ ၁၉၆၃ ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ချိန်မှာ သခင်စိုးကိုယ်တိုင် သွားဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ဘဲ ပြန်လာရပါတယ်။ ဒီရန်ကုန်ခရီးမှာ ပြည်သူတွေရဲ့ ဆင်းရဲကျပ်တည်းမှုကို မြင်ရလို့ သူ့ရဲ့လက်နက်ကိုင်လမ်းစဉ်အမှားကြောင့် ပြည်တွင်းစစ်ကြီး ပေါ်ပေါက်ခဲ့မှုကို သံဝေဂရခဲ့ကြောင်း သန်လျင်တင်ထွန်းရဲ့ သခင်စိုးကိုယ်ရေးအကျဉ်းမှာ ပါရှိပါတယ်။ ဒီခရီးစဉ်အတွင်း တို့ဗမာအစည်းအရုံးနာယကဟောင်းနဲ့ ငြိမ်းချမ်းရေးဖခင် သခင်ကိုယ်တော်မှိုင်းနဲ့ သခင်စိုးတို့ ပြန်ဆုံတွေ့ကြတဲ့ဓာတ်ပုံကလည်း သမိုင်း၀င်ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ပဲခူးရိုးမက ဗကပဗဟိုမှာလည်း ဖြုတ်ထုတ်သတ်နဲ့ ယဥ်ကျေးမှုတော်လှန်ရေး ဂယက်တွေကြောင့် ခေါင်းဆောင်နဲ့ နောက်လိုက်အများအပြား အသတ်ခံရသလို စစ်တပ်ရဲ့ ထိုးစစ်ကြောင့် သခင်သန်းထွန်း၊ ဗိုလ်ဇေယျနဲ့ ခေါင်းဆောင်တွေ ကျဆုံးကုန်ပါတယ်။

ဒီလို အကျဥ်းအကျပ်တွေကြားထဲ ဇနီးနဲ့ ငယ်ရွယ်သေးတဲ့ သားသမီးတွေကြောင့်လား၊ စိတ်သဘောထား အပြောင်းအလဲကြောင့်လားမသိ ၁၉၇၀ မှာ သခင်စိုး လက်နက်ချ အဖမ်းခံခဲ့ပါတယ်။ ရွာတရာကျော်က လူတသောင်းကျော်ကို သုံးပြီး အလုံးအရင်းနဲ့ ပခုက္ကူ ဆိပ်ဖြူဘက်မှာ အလံနီဌာနချုပ်ကို ဖြိုလို့ အညံ့ခံရတာ ဖြစ်ပါတယ်။

ဆိုဗီယက်ဆန့်ကျင်ရေး မြန်မာပြည်က အမေရိကန်သံရုံးဝါဒဖြန့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆိုဗီယက်ဆန့်ကျင်ရေး မြန်မာပြည်က အမေရိကန်သံရုံးဝါဒဖြန့်

ဒီလိုနဲ့ပဲ တချိန်က ဆိုဗီယက်ကွန်မြူနစ်ခေါင်းဆောင် ခရုရှက်ကို စတာလင်လမ်းကြောင်းက သွေဖည်လို့ ဆိုပြီး ဗမာပြည်တောထဲကနေ သေဒဏ်ပေးခဲ့တဲ့ သခင်စိုးဟာ အဲဒီအချိန်မှာ ဆိုဗီယက် ပြုပြင်ရေးသမားတွေနဲ့ နီးစပ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ လမ်းစဥ်ပါတီကို ထောက်ခံကြောင်း တရားခွင်ကနေ ကြေညာခဲ့ပါတယ်။

နောက်ဆုံးနရသိန်နဲ့ သခင်စိုးဆီမီးခွက်

အင်းစိန်စစ်တမ်းရေးတဲ့ သခင်စိုး အင်းစိန်ထောင်မှာ ၁၀ နှစ်နေခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်းစိန်စစ်တမ်းရေးတဲ့ သခင်စိုး အင်းစိန်ထောင်မှာ ၁၀ နှစ်နေခဲ့ရ

ဆင်စွယ်ရွာ လူသတ်မှုအပါအ၀င် တောတွင်းပုန်ကန်မှုတွေအတွက် ၁၉၇၃ မှာ သခင်စိုးကို သေဒဏ်ချခဲ့ပြီး တသက်တကျွန်းအဖြစ် လျှော့ပေါ့ပေးခဲ့ပါတယ်။ ၁၉၈၀ မှာ သံဃမဟာနာယက ဖွဲ့စည်းခြင်းအထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အထိ အင်းစိန်ထောင်မှာ ဆယ်နှစ် နေခဲ့ရတဲ့ သခင်စိုးဟာ တချိန်က သူစွဲလမ်းခဲ့တဲ့ လက်နက်ကိုင်လမ်းကြောင်းကို စွန့်ခွာပြီး ဒီမိုကရေစီနည်းနဲ့ ဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရေး ဆော်သြတဲ့ စာတမ်းတွေကို ထောင်ထဲမှာ ပြုစုခဲ့ပါတယ်။

မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မှာ သူတရားခံဖြစ်ကြောင်း တရားခွင်မှာကတည်းက ၀န်ခံခဲ့တဲ့ သခင်စိုးဟာ ဦးနေ၀င်းရဲ့ ဆိုရှယ်လစ်စနစ်ကို ထောက်ခံပြီး အားပေးခဲ့သလို ၁၉၈၈ နောက်ပိုင်းမှာလည်း သူ့တပည့်ထဲက တချို့က နိုင်ငံရေးဘောဂဗေဒကျောင်းသားများအုပ်စုစတဲ့ နာမည်တွေနဲ့ အုပ်စုတွေဖွဲ့ပြီး အစိုးရသတင်းစာတွေကနေ စစ်တပ်ရဲ့ နိုင်ငံရေးလမ်းကြောင်းကို လက်၀ဲစကားလုံးတွေနဲ့ ထောက်ခံ ရေးသားခဲ့ပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ထောက်ခံတဲ့ သခင်စိုး

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ထောက်ခံတဲ့ သခင်စိုး

သခင်စိုးက လူတိုင်း မြေယာပိုင်ဆိုင်ခွင့်အတွက် တိုက်ပွဲ၀င်ရာမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီဘောင်တွေနဲ့ မပေါင်းစပ်ခဲ့မိတဲ့အတွက် အာဏာရှင်စနစ်ဘက်ကို ရောက်ခဲ့ပြီး မအောင်မမြင်ဖြစ်ခဲ့ရကြောင်း သူ့ဘ၀မှတ်တမ်း သခင်စိုး၏သခင်စိုးမှာ ရေးပါတယ်။ စစ်တပ်အုပ်ချုပ်ရေးအောက်က ဆိုရှယ်လစ်လမ်းကြောင်းမှာ ပူးပေါင်းပါ၀င်ကြဖို့ သူ့တပည့်တွေကို တိုက်တွန်းပြီး ကမ္ဘာမှာ ဖြစ်နေတဲ့ အရင်းရှင်စနစ်အပြောင်းအလဲတွေကနေ ဆိုရှယ်လစ်လမ်းကြောင်း ပြောင်းလာမယ်ဆိုပြီး ခန့်မှန်းခဲ့ပါတယ်။ ဆင်းရဲမွဲတေနေတဲ့ မြန်မာပြည်မှာ ဆိုရှယ်လစ်စနစ်ကို ခုန်ပျံကျော်လွှား တည်ဆောက်လို့မရဘဲ ကြားခံဖြစ်တဲ့ အရင်းရှင်စီးပွားရေးကို ဖော်ဆောင်ပြီးမှ အသွင်ကူးရမယ်ဆိုပြီး နိုင်ငံရေးဘောဂဗေဒပညာရှင်ကြီး သခင်စိုးက အကြံပေးသွားကြောင်းလည်း သန်လျင်-တင်ထွန်းက ရေးပါတယ်။

ခေတ်သစ်သိပ္ပံ ဆိုရှယ်လစ်ဝါဒ၊ အဖနိုင်ငံတော်အတွက် အမှန်တရားကို ရှာဖွေတွေ့ရှိခြင်းနဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းမှ တခုတည်းသော ထွက်ရပ်လမ်း ဆိုတဲ့ ကျမ်းကြီးသုံးစောင်ကို အင်းစိန်ထောင်ထဲမှာ သခင်စိုး ရေးသားချိန်မှာ တရုတ်ပြည်မှာ တိန့်ရှောင်ဖိန်ရဲ့ တံခါးဖွင့်စီးပွားရေး မပေါ်သေးသလို ဆိုဗီယက်မှာလည်း ဂေါ်ဘာချော့ဗ်ရဲ့ ပယ်ရီစထရွိုက်ကာ ပြုပြင်ရေး စတင်ဖို့ ဆယ်နှစ်လောက် လိုပါသေးတယ်။ စတာလင်မူက ခွဲထွက်တဲ့ တီးတိုးရဲ့ ယူဂိုဆလားဗီးယား ကွန်မြူနစ်ပုံစံ၊ ၁၉၆၈ ချက်နွေဦးလှုပ်ရှားမှုနဲ့ ၁၉၆၈ မှာပဲ စတဲ့ ဟန်ဂေရီက စီးပွားသစ် ယန္တရားပုံစံတွေကို လေ့လာပြီး ဆိုဗီယက်နဲ့ တရုတ်ပုံစံ ဗဟိုချုပ်ကိုင်မှု စီးပွားရေးစနစ်ကို မြန်မာမှာ ယူသုံးနေတာကို ပြောင်းဖို့ သခင်စိုး ကြံဆခဲ့ဟန်တူပါတယ်။

၁၉၈၉ အရှေ့အုပ်စု ပြိုကွဲတဲ့နှစ်မှာ ကွယ်လွန်ခဲ့တဲ့ သခင်စိုးဟာ ကမ္ဘာ့အရေးမှာ ၁၉၄၀ ကျော်က လိုက်မီခဲ့သလို နောက် အနှစ် ၅၀ အကြာမှာလည်း ခေတ်ရှေ့ကနေ ဆယ်နှစ်လောက် ပြေးပြီး စောနေခဲ့ပါတယ်။

ချီတက်ပွဲတွေ ပေါတဲ့ ဆိုရှယ်လစ်ခေတ် မြန်မာပြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချီတက်ပွဲတွေ ပေါတဲ့ ဆိုရှယ်လစ်ခေတ် မြန်မာပြည်

ဒီလို လက်ဝဲသဘောတရားရေးမှာ ဆရာကြီးဖြစ်ခဲ့ပေမယ့် သခင်စိုးရဲ့ ဂိုဏ်းဂဏဆန်မှု၊ ခေါင်းဆောင်မှု ညံ့ဖျင်းမှု၊ စိတ်စောလွန်းမှုတွေကြောင့် ခေါင်းဆောင်ကြီးဘ၀ကို မရောက်ခဲ့ရပါဘူး။ ကွန်မြူနစ်ပါတီရဲ့ ပထမပါတီကွန်ဂရက်ကို လူ ခြောက်ယောက်တည်းနဲ့ လုပ်ခဲ့တဲ့ သခင်စိုးမှာ အပြင်လူကို မယုံတတ်တဲ့ ဂိုဏ်းစိတ်ကြီးကြောင်း မြန်မာ့နိုင်ငံရေး ကန့်လန့်ဖြတ်မြင်ကွင်းစာအုပ်မှာ သိန်းဖေမြင့်က ရေးခဲ့ဖူးပါတယ်။ တလင်တမယားစနစ် ကြီးစိုးတဲ့ ဒုတိယကမ္ဘာစစ်ပြီးစ မြန်မာပြည်မှာ သခင်စိုးရဲ့ မယားငယ်ယူရေး သဘောတရားထူထောင်မှုကြောင့် ပါတီထဲမှာ တော်လှန်ရေးခေါင်းဆောင်မှုအစား လွတ်လပ်စွာ ချစ်ခြင်း၊ ဖိုမဆက်ဆံခြင်းသဘောတရားကို စဉ်းစားဆွေးနွေးခဲ့ရတယ်လို့လည်း ဦးသိန်းဖေက ရေးပါတယ်။

ကွန်မြူနစ်စနစ်ပြိုပြီးနောက် လီနင်ရုပ်တုဖြိုချနေတဲ့ အီသီယိုးပီးယား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွန်မြူနစ်စနစ်ပြိုပြီးနောက် လီနင်ရုပ်တုဖြိုချနေတဲ့ အီသီယိုးပီးယား

အထက်က ပြောခဲ့တဲ့ စည်းရုံးရေးနဲ့ လူမှုရေးအားနည်းချက်တွေအပြင် ၁၉၃၀ ကျော်က သူရေးခဲ့တဲ့ တော်လှန်ရေး သဘောတရားတွေနဲ့ ဖက်ဆစ်ဆန့်ကျင်ရေးအမြင်တွေနဲ့ ၁၉၇၀ ကျော်မှာ သူရေးခဲ့တဲ့ ငြိမ်းချမ်းစွာ ဆိုရှယ်လစ်တည်ဆောက်မှု အမြင်တွေကြား ၀ိရောဓိ ဖြစ်တာတွေ ရှိခဲ့ပေမယ့်လည်း ခေတ်စနစ်နဲ့ ထင်ဟပ်ပြီး ပြန်လှန်သုံးသပ်နိုင်ကြရင်တော့ လက်ရှိ မြန်မာပြည် နိုင်ငံရေးမှာ အငြင်းပွားနေကြတဲ့ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ အကြမ်းမဖက် စေ့စပ်တဲ့ နိုင်ငံရေးနည်းကြားက အားသာအားနည်းမှုတွေကို ချိန်ဆ ပေါင်းစပ်လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

သခင်စိုးရဲ့ တရားသေ၀ါဒအစွဲအလမ်းများနဲ့ ထိုးထွင်းဖန်ဆင်းမှုမရှိတဲ့ ဒုတိယတန်းစားမျှသာဖြစ်တဲ့ ဉာဏ်အရည်အချင်းတို့ကြောင့် မတ်လီနင်ဝါဒ၊ သိပ္ပံနည်းကျဆိုရှယ်လစ်၀ါဒတွေကို အန္တရာယ်ကြီးစွာပြုခဲ့ကြောင်း သူနဲ့နိုင်ငံရေးရဲဘော်ဟောင်းနဲ့ ရန်သူဟောင်း သိန်းဖေမြင့်က မှတ်ချက်ရေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီဝါဒတွေကို ပို့ဆောင်ဖြန့်၀ေပေးခဲ့ပြီး လုပ်သားပြည်သူတွေအပေါ်မှာ သူ့ကျေးဇူးက အထိုက်အလျောက်ရှိတယ်လို့ သခင်စိုးကို ဖမ်းမိလိုက်ပြီ ဆောင်းပါးမှာ သိန်းဖေမြင့်ရေးခဲ့သလိုပဲ လက်ဝဲဝါဒ၊ တော်လှန်ရေး စတဲ့ နိုင်ငံရေးလောကနယ်တွေမှာ သခင်စိုးမရှိတော့ပေမယ့် သူ့သြဇာက တွင်ကျယ်နေဆဲ ဖြစ်ပါတယ်။

တပ်မတော်နေ့ဖြစ်သွားတဲ့ တော်လှန်ရေးနေ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တပ်မတော်နေ့ဖြစ်သွားတဲ့ တော်လှန်ရေးနေ့