သခင်သိန်းမောင်ကြီး၊ ရေရှည်ဒီမိုကရေစီနိုင်ငံရေးသမား

burma

ဓာတ်ပုံ ရင်းမြစ်, စာပေဗိမာန်

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဒုတိယကမ္ဘာစစ်မတိုင်မီက ကမ္ဘာတလွှား လွတ်လပ်ရေး လှုပ်ရှားမှုတွေမှာ နိုင်ငံတွင်းသာမက ကိုလိုနီအင်ပါယာနိုင်ငံရင်းထိ သွားပြီး ကြိုးစားသူတွေ၊ ကမ္ဘာပတ်ပြီး ကြံစည်သူတွေ ရှိခဲ့ပါတယ်။ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စတဲ့ မြန်မာနဲ့ ဒေသနီးချင်း နိုင်ငံတွေက ဆူဘတ် ချန်ဒရာဘို့စ်၊ ဆွန်ယက်ဆင်၊ ဟိုချီမင်း၊ တန်မလက္ကာ စတဲ့ လွတ်လပ်ရေး သူရဲကောင်းတွေဟာ အာရှ၊ ဥရောပ၊ အမေရိက စတဲ့ ကမ္ဘာ့တိုက်ကြီးတွေကို ပတ်ပြီး စစ်ရေး နိုင်ငံရေး အဆက်အသွယ်ရှာ မိတ်ဖွဲ့ခဲ့ကြပါတယ်။

မြန်မာပြည်မှာတော့ မြင်ကွန်းမင်းသား၊ ဆရာတော် ဦးဥတ္တမ၊ သခင်အောင်ဆန်း နဲ့ သခင်ဗသိန်းတင် စသူတွေရဲ့ ပြည်ပလှုပ်ရှားမှုခရီးတွေက နာမည် ကြီးပါတယ်။ ဒီထဲမှာ တို့ဗမာအစည်းအရုံး တည်ထောင်သူတွေထဲမှာ ပါခဲ့တဲ့ မီးတုတ်သခင်သိန်းမောင်ကြီးရဲ့ ၁၉၃၀ က ဗြိတိန်ပညာသင်ခရီးနဲ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းပုံတချို့ကိုတော့ လူသိနည်းနေဆဲ ဖြစ်ပါတယ်။ သခင်သိန်းမောင်ကြီးအကြောင်း သားဖြစ်သူ ခင်မောင်လတ်က မှတ်တမ်း တင်ပြီး ၁၉၈၇ က ထုတ်ခဲ့တဲ့ မီးတုတ်သခင်သိန်းမောင်ကြီး၏ ဘဝနှင့် နိုင်ငံရေးလှုပ်ရှားမှုများ စာအုပ်မှာ ဒီအကြောင်းတွေကို စိတ်ဝင်စားစရာ ဖော်ပြခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Dr Tilman Frasch/Mapping Cultural Nationalism

ဓာတ်ပုံ ပုံစာ, လုစ်၊ ဦးဖေမောင်တင်နဲ့ ဖာနီဗယ်

စာအုပ်ဆိုင်ပညာသင်သွားရသူ

တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ သခင်သိန်းမောင်ကြီးဟာ တောင်ငူ ရေတာရှည်ဘက်မှာ ကြီးပြင်းခဲ့ပြီး ရန်ကုန် ကူရှင်ကျောင်းမှာ ပညာသင်ခဲ့ ပါတယ်။ တန်ဆောင်တိုင် ကျောင်းပိတ်ရက်ရဖို့ မှောက်တဲ့ ကူရှင်ကျောင်းသပိတ်မှာ ပါခဲ့ပြီး ပထမကျောင်းသားသပိတ်ထက် စောတဲ့ သပိတ် ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ဥပစာတန်းထိ ပညာသင်ခဲ့ပြီး နိုင်ငံခြားဘာသာသင် ကျောင်းအုပ်ကြီး ဖြစ်လာမယ့် ဦးယုခင်၊ အတွင်းဝန်ချုပ် ဦးခင်မောင်ဖြူ၊ ဦးစောအုန်းတင် စတဲ့ နာမည်ကျော်တွေနဲ့ အတန်းတူ ဖြစ်ပါတယ်။ တက္ကသိုလ်မှာ သင်္ချာ တော်ပြီး ဂုဏ်ထူးတန်းမှာ ပညာသင်ဆုတွေ ရခဲ့ပေမယ့် ဘွဲ့မရခင်မှာပဲ မော်ကွန်းထိန်းနဲ့ စကားအချေအတင်ဖြစ်ပြီး ကျောင်းထွက်ခဲ့ရပါတယ်။

၁၉၃ဝ မှာ သခင်ဘသောင်း၊ သခင်လှဘော်တို့နဲ့ ပေါင်းမိပြီး တို့ဗမာအစည်းအရုံးဝင် ဖြစ်လာသလို အသင်းတည်ထောင်သူ ၇ ယောက်ထဲမှာလည်း ပါပါတယ်။ လူငယ်များ ကြီးပွားရေးအသင်း၊ စာရိတ္တမြှင့်တင်ရေးအသင်းစတဲ့ အသင်းအဖွဲ့တွေမှာလည်း လှုပ်ရှားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန် တက္ကသိုလ်ထဲမှာ ဖွင့်ထားတဲ့ မစ္စတာ ဖာနီဗယ်ရဲ့ မြန်မာပြည် စာအုပ်အသင်းမှာ အလုပ်လုပ်ရင်း အင်္ဂလန်ကို စာအုပ်ဆိုင်ပညာသင်ဖို့ အကြောင်း ဖန်လာ ပါတယ်။ ၁၉၃ဝ ဇူလိုင်လဆန်းက လှည်းတန်းမှာ ကျင်းပတဲ့ သူ့နှုတ်ဆက်ပွဲမှာ တို့ဗမာသီချင်းကို ပထမဆုံး အကြိမ် သီဆိုခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ ဗြိတိန်မှာ ပညာသင်ခဲ့သူတွေထဲ မြန်မာ့အသံ ညွှန်ကြားရေးဝန်ဟောင်း ဦးခင်ဇော်နဲ့ ဇနီး ဂါးထရု ခင်ဇော်၊ စိုက်ပျိုးရေးပညာ သင်သူ ကိုခင်၊ ဆောက်လုပ်ရေးဘက်က ကိုမောင်မောင် စတဲ့သူတွေ ပါပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ, လန်ဒန်က ကွန်မြူနစ် စာအုပ်ဆိုင်

လူမျိုးစုံ သွေးစည်းရေးနဲ့ ခွဲခြားမှုများ

ဗြိတိန်မှာ ပညာသင်ရင်း သခင်သိန်းမောင်တယောက် နိုင်ငံစုံက နယ်ချဲ့ဆန့်ကျင်ရေးအသင်းသားတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ အသင်းအစည်းအဝေးမှာ မြန်မာပြည်က ရတဲ့ ဂဠုန်တပ်သားတွေရဲ့ ခေါင်းတွေကို ဗြိတိသျှတွေ ဖြတ်ပြီး တိုင်မှာစိုက်ထားတဲ့ ပုံတွေကို ပြရင်း မြန်မာပြည်မှာ ကြုံနေရတဲ့ နယ်ချဲ့ ဖိနှိပ်မှုတွေအကြောင်း သခင်သိန်းမောင် ပြောပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ သူနဲ့အတွဲညီခဲ့တဲ့ တခြားမြန်မာတယောက်ကတော့ နောင်မှာ ဘိလပ်ပြန် အရှင်ကျော်ဆိုပြီး အရှင်အသင်းကို ထောင်မယ့် ကိုကျော် ဖြစ်ပါတယ်။

ဒီလို နိုင်ငံရေး ပညာရေးနဲ့ လုံးပန်းနေချိန်မှာ သခင်သိန်းမောင်တယောက် လူမျိုးရေး ခွဲခြားမှုတွေ ကြုံခဲ့ရပါတယ်။ တော့တင်ဟမ်ကုတ်လမ်းပေါ်က အင်္ဂလိပ်လူမျိုးစာအုပ်ဆိုင် မန်နေဂျာရဲ့ နှိမ့်ချခွဲခြား ဆက်ဆံမှုကို ရောက်ကတည်းက ကြုံရသလို သူ့ပညာသင်ဆုကို အစိုးရနဲ့ ဖက်စပ်ပေးတဲ့ သူ့အလုပ်ရှင် ဖာနီဗယ်က ပညာသင်ဆုငွေထဲက လစဉ် တပေါင်ဖြတ်ဖို့ လုပ်လို့ စကားများကြပါတယ်။ နောက်ဆုံး ဆိုင်မန်နေဂျာက သူနေမကောင်းလို့ အလုပ်ပျက် တာကို နာရီပိုဆင်းခိုင်းရာက အကြီးအကျယ် စကားများပြီး အိန္ဒိယရုံးက ပညာရေး အတွင်းဝန် ဂတ်စတာကို သခင်သိန်းမောင် သွားတိုင်ပါတယ်။ အဲဒီမှာ ဂက်စတာက သူ့ကို ဦးပုလေးလို့ ခေါ်ပြီး နှိမ်တဲ့ပုံစံပြလို့ ပိုအဆင်မပြေ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး မြန်မာကျောင်းသားထဲက ပညာဝန် ဒေါက်တာမောင်ဖြူး နဲ့ ၁၉၄၇ ဖွဲ့စည်းပုံကိုဆွဲမယ့် သခင်ချန်ထွန်းတို့ လိုက်ညှိပေးပေမယ့် အတွင်းဝန်က မန်နေဂျာကို တောင်းပန်ခိုင်းတဲ့အတွက် သခင်သိန်းမောင် ဒေါသ အထွက်လွန်ပြီး ပုံလဲ သတိလစ်သွားခဲ့ပါတယ်။ နေပြန်ကောင်းလာတဲ့အခါမှာတော့ သူ့ကို ဗမာပြည် ပြန်ပို့ဖို့ လုပ်ပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, Matthew Ashmore / EyeEm

ဓာတ်ပုံ ပုံစာ, သခင်သိန်းမောင်နဲ့ ဟလ်ဂါတို့ ချစ်ကြိုးသွယ်ရာ ဟမ္မားစမစ်တံတား

အဲဒီမှာ သူနဲ့ နယ်ချဲ့ ဆန့်ကျင်ရေးအသင်းမှာ ခင်ခဲ့တဲ့ ဟလ်ဂါဆိုတဲ့ နာဇီဆန့်ကျင်သူ ဂျာမန်အမျိုးသမီးကလေးနဲ့အတူ ပြင်သစ်ထွက်သွားပြီး အဲဒီကနေ ဆိုဗီယက်ရုရှားကို ကူးမယ်ဆိုပြီး စီစဉ်ခဲ့ပါတယ်။ ကံအကြောင်းမလှစွာပဲ ပညာရေးရုံးက ပို့တဲ့ ချက်လက်မှတ် နောက်ကျနေတဲ့အတွက် ပြင်သစ်ကူးမယ့် ရထားလက်မှတ်ကို အချိန်မီ မဝယ်နိုင်ဘဲ သူတို့လွဲခဲ့ကြပါတယ်။ သခင်သိန်းမောင်လည်း စိတ်ကျန်းမာရေးကြောင့် လန်ဒန်တောင်ပိုင်းက ဆေးရုံတရုံမှာ ကုသခဲ့ရပါတယ်။ အဲဒီ ဆေးရုံမှာ သူ့ကို လာကြည့်သူ ကရင်အမျိုးသား သွန်ဆင် ဒါမေး ဖြစ်ပါတယ်။ တောင်ငူက ဆင်ဖြူကို ကမ္ဘာပတ် ပြခဲ့တဲ့ ဒေါက်တာ ဒီဖိုးမင်း ခေါ် ဒါမေးရဲ့ သား သွန်ဆင်ဟာ ဗြိတိသျှမလိုလားသူ ဖြစ်ပြီး နေ့တိုင်း သူ့အဖေ ဒေါက်တာဖိုးမင်းနဲ့ တခြားကရင်လူကြီးတွေ ပါတဲ့ ဗြိတိသျှ သစ္စာခံ ကရင်အသင်းပုံကို တံတွေးနဲ့ ထွေးတယ်လို့ သခင်သိန်းမောင်က ဆိုပါတယ်။ သခင်သိန်းမောင်နဲ့ သူ တချိန်မှာ နိုင်ငံလွတ်မြောက်ရေး အတွက် ပူးတွဲ လုပ်ကြဖို့ လန်ဒန်မှာ သဘောတူခဲ့ကြပေမယ့် မေတ္တာဗြဟ္မစိုရ်ဝါဒီ ခေါင်းဆောင် ဖြစ်လာတဲ့ သွန်ဆင်နဲ့ သခင်သိန်းမောင် တောင်ငူမှာ တခေါက် ပြန်တွေ့တာပဲ ရှိခဲ့ပြီး ကမ္ဘာစစ်အတွင်း ဘီအိုင်အေဝင်ချိန်မှာ သွန်ဆင် အသတ်ခံခဲ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, © British Library Board (project/EAP898)

ဓာတ်ပုံ ပုံစာ, မီးတုတ်ကြီးလို့ ကျော်ကြားခဲ့သူ

မှန်ကွဲစများပေါ်က သခင်ဘဝ

သခင်သိန်းမောင်အပြင် ၁၉၂၇ က လန်ဒန်တက္ကသိုလ် ဘောဂဗေဒနဲ့ နိုင်ငံရေးသိပ္ပံကျောင်းသား မောင်ဦးကျော်ကို ဗြိတိသျှ ကွန်မြူနစ်ပါတီနဲ့ အိန္ဒိယ တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်လို့ ဆိုပြီး ဥရောပသွားခွင့်မပေးဘဲ နိုင်ငံကူးစာအုပ်မှာ မြန်မာပြည် ပြန်ခွင့်သာပြုခဲ့ကြောင်း ဘရစ္စတို တက္ကသိုလ် တွဲဖက်သမိုင်း ပါမောက္ခ စုလင်း လူးဝစ်ရဲ့ လှုပ်ရှားနေသော မြို့ကြီးများ၊ ၁၉၂ဝ နဲ့ ၁၉၄၀ ကြားက အရှေ့တောင်အာရှ မြို့ပြဘဝနဲ့လူမျိုးစုံ ဝါဒ စာအုပ်မှာ ပါရှိပါတယ်။ ဒီလို နိုင်ငံရေးကြောင့် ပြန်ပို့မခံရပေမယ့် အာဏာပိုင်နဲ့ အဆင်မပြေလို့ ပြည်တော် ပြန်ခဲ့ရတဲ့ မြန်မာပြည်ရောက် သခင် သိန်းမောင်ကြီးရဲ့ နိုင်ငံရေးဘဝဟာလည်း ပိုပြီး ကြမ်းတမ်းခဲ့ပါတယ်။

တို့ဗမာအစည်းအရုံးရဲ့ ပွဲဦးထွက်အနေနဲ့ ၁၉၃၃ ရွှေဘိုကြားရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ သခင်ဘသောင်းကို သွားအားပေးကြတဲ့ သခင်သိန်းမောင်နဲ့အဖွဲ့ကို ရွှေဘိုအရေးပိုင်က ပုဒ်မ ၁၄၄ ထုတ်ပြီး နယ်နှင်ပါတယ်။ အဲဒီမှာ အမိန့်မနာခံဘဲ အာဏာဖီဆန်ရာက ဖမ်းပြီး မန္တလေးထောင် ပို့ပါတယ်။ ထောင်ထဲ မရောက်ခင်မှာပဲ သခငိသိန်းမောင်က လန်ဒန်က သူ့မိတ်ဆွေ နယ်ချဲ့ဆန့်ကျင်ရေး အသင်းသားတွေဆီ အကူအညီတောင်းစာပို့ခဲ့ပါတယ်။ ထောင်ထဲမှာ သခင်ဘသောင်း၊ သခင်သိန်းမောင် စတဲ့ သခင်တွေကို ရိုက်နှက်တာ၊ နံငယ်ပိုင်း ဝတ်စေတာ စတဲ့ ဖိနှိပ်မှုတွေ လုပ်တဲ့ကြားက အစာငတ်ခံ ဆန္ဒပြ ကြပါတယ်။ နောက်ဆုံး အပြင်က ဝံသာနုခေါင်းဆောင်တွေနဲ့ သခင်တွေ စုပေါင်းပြီး သူတို့ လွတ်မြောက်ရေးအတွက် အရေးဆိုရာက တလကျော်နဲ့ ပြန်လွတ်ခဲ့ပါတယ်။ သူတို့ကို ပုဒ်မ ၁၄၄ သုံးပြီး နယ်နှင်တာကိုလည်း ဥပဒေနဲ့မညီကြောင်း ဟိုက်ကုတ် တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, Evening Standard

ဓာတ်ပုံ ပုံစာ, လေဘာခေါင်းဆောင် တွမ်ဒရိုင်းဘတ်

သခင်တွေ ထောင်ထဲရောက်နေတုန်း လန်ဒန်မှာရှိတဲ့ နယ်ချဲ့ဆန့်ကျင်ရေးအသင်းက သခင်သိန်းမောင် မိတ်ဆွေတွေက ကန့်ကွက်တဲ့အပြင် အရှင်ကျော်ရဲ့ ကြိုးပမ်းမှုကြောင့် ဗြိတိသျှ ပါလီမန်အမတ် တွမ်ဒရိုင်းဘတ်က ပါလီမန်မှာ တင်ပြ အရေးဆိုတာတွေ လုပ်ခဲ့ပါတယ်။ ဒီလက်ဝဲအမတ် တွမ်ဒရိုင်းဘတ်ဟာ စစ်ပြီးခေတ်မှာ လေဘာပါတီဥက္ကဋ္ဌ ဖြစ်လာပြီး ဆိုဗီယက်သူလျှိုလို့ စွပ်စွဲခံခဲ့ရသူဖြစ်ပါတယ်။

သခင်သိန်းမောင်တို့အဖွဲ့က တို့ဗမာဝါဒပြန့်ပွားရေးကို တို့ဗမာသတင်းစဉ်နဲ့ ဝါဒဖြန့်သလို ငွေမရှိလို့ သတင်းစဉ်မထုတ်နိုင်တဲ့အခါမှာလည်း အရပ်တကာ လှည့်ပြီး ထိုင်ပွဲပြော နိုင်ငံရေးနဲ့ စည်းရုံးပါတယ်။ နောက်ပြီး ဆင်းရဲတဲ့ ကျောင်းသားကလေးတွေအတွက် ကိုယ့်မင်းကိုယ့်ချင်းကျောင်း ထောင်ပြီး အင်္ဂလိပ်စာလည်း သင်ပေးပါတယ်။ သူ့ကျောင်းက ရုပ်ရှင်မင်းသားတင်ညွန့် ဖြစ်လာမယ့် ဆယ်ကျော်သက် ကျောင်းသားလေးဟာ တခြားကလေးတွေနဲ့ အတူ သူတရားဟောတဲ့အခါမှာ တို့ဗမာသီချင်း လိုက်ဆိုပေးပြီး သခင်သိန်းမောင်က လက်ဆွဲဘာဂျာနဲ့ တေးသွားလိုက်ပါတယ်။ သခင်တွေဟာ သူတို့ ရောင်းရင်း သခင်တယောက် သေရင်တောင် အလောင်းကို လော်ရီကားပေါ်တင်၊ ရဟန်းပျို အဖွဲ့တွေ၊ သီလရှင်အဖွဲ့တွေနဲ့ ပေါင်းပြီး မြို့ထဲလှည့်တဲ့အထိ နိုင်ငံရေးအတွက် ကြိုးစားကြတယ်လို့လည်း သိရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, တို့ဗမာနှစ်ဂိုဏ်းကွဲချိန်

တို့ဗမာနှစ်ခြမ်းကွဲနဲ့ မီးတုတ်

သခင်ဘသောင်း၊ သခင်လှဘော်၊ သခင်လေးမောင်၊ သခင်ဗစိန် စတဲ့ လက်ဟောင်းသခင်တွေနဲ့အတူ တို့ဗမာအစည်းအရုံးကို အမွဲခံ အငတ်ခံ အဖမ်းခံပြီး တည်ထောင်ခဲ့တဲ့ သခင်သိန်းမောင်ကြီးဟာ သခင်ဘသောင်းထွက်သွားပြီးနောက်မှာလည်း အသစ်ဝင်လာတဲ့ သခင်မြ၊ သခင်ထွန်းအုပ်၊ သခင် ကိုယ်တော်မှိုင်း စတဲ့ ခေါင်းဆောင်သစ်တွေနဲ့ ဆက်လက်တွဲပြီး အစည်းအရုံး တိုးတက်ကြောင်းနဲ့ လွတ်လပ်ရေးရကြောင်းကိုပဲ အားစိုက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံရေးရဲ့ ဖြစ်တတ်တဲ့ထုံးစံအတိုင်း တို့ဗမာအဖွဲ့လည်း ၁၉၃၈ မှာ နှစ်ဂိုဏ်းကွဲပြီး သခင်ဗစိန်နဲ့ သခင်ကိုယ်တော်မှိုင်း အစည်းအရုံး အဖြစ် သီးခြား ပေါ်ထွက်ခဲ့ပါတယ်။

သခင်ဗစိန်ကို ကျောင်းသားဘဝကတည်းက ဗြိတိသျှအစိုးရရဲ့ သူလျှိုဆိုပြီး စွပ်စွဲခဲ့တဲ့ သခင်သိန်းမောင်ဟာ သခင်ဗစိန် အစည်းအရုံးဥက္ကဋ္ဌဖြစ်တာကို သဘောတူခဲ့ပေမယ့် ၁၉၃၈ မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးလေး သခင်ညီနဲ့ သခင်သိန်းမောင် ဥက္ကဋ္ဌနေရာ ယှဉ်ပြိုင်ရာက သဘောထားကွဲပြီး သခင်ဗစိန်ကို ဥက္ကဋ္ဌသစ် သခင်သိန်းမောင်က ထုတ်ပယ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ သခင်သိန်းမောင်ဟာ တို့ဗမာအစည်းအရုံးရဲ့ ပထမဆုံး ဆိုရှယ်လစ်ဝါဒီဖြစ်ပေမယ့် သခင်ဗစိန်တို့ကို ထုတ်လို့ ညှိရတဲ့ စည်းဝေးပွဲမှာ ငါအာဏာရှင်ဆိုတဲ့ စကားကို ပြောလို့ ဟား ဟစ်တလာလို့ အလှောင်ခံရကြောင်း ၁၉၃၈ ဇွန်လ ၁၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ ပါပါတယ်။

အဲဒီနောက် အဖွဲ့မကွဲအောင် သခင်ကိုယ်တော်မှိုင်းက ဝင်ထိန်းပေမယ့် မရတော့ဘဲ သခင်ဗစိန်၊ ထွန်းအုပ်တို့က တဂိုဏ်း၊ သခင်သိန်းမောင်အုပ်စုနဲ့ အသစ်ဝင်လာတဲ့ သခင်အောင်ဆန်း၊ သခင်နုစတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း တွေက တဂိုဏ်း ဖြစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, © British Library Board (project/EAP898)

ဓာတ်ပုံ ပုံစာ, သခင်သိန်းမောင်နဲ့ ကွဲခဲ့သူ သခင်ဗစိန်

ဒီလိုကွဲရာမှာ ပုဂ္ဂိုလ်ရေးကို အခြေခံပေမယ့် အမှန်က အဲဒီအချိန်က ဗြိတိသျှပေးတဲ့ ၉၁ ဌာနအုပ်ချုပ်ရေးမှာ နန်းရင်းဝန်ဖြစ်နေတဲ့ ဒေါက်တာဘမော်နဲ့ ဆက်ဆံရေး၊ လက်ဝဲလက်ယာဝါဒ ၊ ဂျပန်အပေါ် သဘောထား စတာတွေမှာ ကွဲပြားကြတာ ဖြစ်ပါတယ်။ ၁၉၄၁ ဘီအိုင်အေ တပ်မတော်ဖွဲ့ချိန်မှာ တို့ဗမာနှစ်ခြမ်းလုံးက ရဲဘော်တွေ ပါဝင်ပေမယ့် ခေါင်းဆောင်ပိုင်းအကြားမှာတော့ ပြန်လည်သင့်မြတ်မှု မရှိတော့ပါဘူး။

burma

ဓာတ်ပုံ ရင်းမြစ်, ullstein bild Dtl.

ဓာတ်ပုံ ပုံစာ, ၁၃ဝဝ ပြည့် အရေးတော်ပုံက သခင်မများ

သခင်သိန်းမောင်ဟာ သခင်အကွဲအပြဲအပြီး ဥက္ကဋ္ဌကနေ ရာထူးချခံထားရပေမယ့်လည်း ၁၃ဝဝ ပြည့်အရေးတော်ပုံကာလ သခင်ကိုယ်တော်မှိုင်းကအစ သခင်ခေါင်းဆောင်တွေ အဖမ်းခံထားရချိန်မှာ ရဲရဲတောက်၊ မီးတုတ်ကြီး၊ သပိတ်အာဏာရှင် စတဲ့အမည်တွေ ရခဲ့တဲ့အထိ အလုပ်သမား ဆန္ဒပြ လှုပ်ရှားမှု တွေမှာ ထောင်ကျတိုက်ပိတ်ခံ၊ အစာငတ်ခံ ခေါင်းဆောင်ခဲ့ပါတယ်။ ရေနံမြေက ဆင်းလာတဲ့အလုပ်သမားတွေနဲ့ ရန်ကုန်က အလုပ်သမား စုစုပေါင်း တသောင်းကျော်ကို ကိုယ်စားပြုတဲ့ သခင်ဖိုးလှကြီး၊ သခင်မကြီး မစိန်စတဲ့ သခင်အလုပ်သမားခေါင်းဆောင်တွေပါတဲ့ သပိတ်လွှတ်တော်ကို သူဖွဲ့ပေးခဲ့ပြီး နောက်က သူနဲ့ သခင်လေးမောင်၊ သခင်မြတို့ ကြီးကြပ်ပေးခဲ့ပါတယ်။

သပိတ်ကာလမှာ ဗြိတိသျှပိုင် ဓာတ်ရထားကုမ္ပဏီနဲ့ အပြိုင် သပိတ်သမားတွေ ပြေးဆွဲတဲ့ မြန်မာဘတ်စကားတွေ ပြေးစေခဲ့သလို ဓာတ်ရထားရှေ့ပိတ်ပြီး သပိတ်တားစေတာကိုလည်း ရပ်ကွက်လူထု သိမ်ကြီးစျေးလူထုတွေ အကူအညီနဲ့ လုပ်ခဲ့ပါတယ်။ နောက်ဆုံး ဗြိတိသျှသစ္စာခံပုလိပ်တွေ အားကောင်းတဲ့ မဂိုလမ်းဂါတ်တဲကို အမျိုးသမီးတွေနဲ့ ဝိုင်းပြီး သပိတ်တားတဲ့ထိ အင်အားပြင်း ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, ullstein bild Dtl.

ဓာတ်ပုံ ပုံစာ, သပိတ်တားနေတဲ့ အမျိုးသမီးများ

သာသနာအစည်းအရုံးနဲ့ အရှင်သောမ

စစ်အတွင်း ဂျပန်ခန့်အပ်တဲ့ သာသနာအစည်းအရုံးမှာ ဂျပန်ဘုန်းကြီး ဦးနာဂအီတို့နဲ့ တွဲပြီး ဆောင်ရွက်ခဲ့ရတဲ့ သခင်သိန်းမောင်ဟာ ဂျပန်ကို မလိုလား ပေမယ့် ဘဝတူ သခင်တွေ ဂျပန်ဖိနှိပ်မှုက လွတ်အောင် စွမ်းသလောက် ကူညီခဲ့ပါတယ်။ ဖျာပုံကျောင်းကုန်းမှာ အချိန်မကျမီ တော်လှန်ရေး ပေါက်ထွက်လို့ ဒီကိစ္စကို သွားစစ်ဆေးပြီး သာမန်ဓားပြမှုအဖြစ် အစီရင်ခံကာ သခင်တွေကို ကယ်ခဲ့ပါတယ်။ ဒါကို အထင်လွဲပြီး ဂျပန်လူစာရင်းသွင်းကာ သူ့ကို သခင် သန်းထွန်း၊ ဘီအိုင်ထွန်းရွှေစသူတွေက လုပ်ကြံခိုင်းလို့ လမ်းမတော်ဖိုးတုတ်က သူ့အိမ်လာရှာတယ်လို့လည်း သားဖြစ်သူရဲ့ မှတ်တမ်းမှာ ပါရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ပြီးခေတ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးကြည့်တော့ မဟုတ်ပါလို့ပဲ ပြုံးပြီး ဖြေတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးကိစ္စ ထိမ်ချန်မှုနဲ့ ဂျပန်ကင်ပေတိုင်က မတ်လ ၂၇ ရက်ညမှာ သူ့ကိုသတ်ဖို့ ကြံစည်ခဲ့တယ်လို့လည်း သိရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Universal History Archive

ဓာတ်ပုံ ပုံစာ, လွတ်လပ်ချိန်မှာ သခင်ဟောင်းတွေ နေရာမရခဲ့ကြ

စစ်ပြီးခေတ်မှာ သခင်နု အစိုးရတက်လာပေမယ့် သခင်လေးမောင်၊ သခင်သိန်းမောင် စတဲ့ သူနဲ့အုပ်စုတူ လက်ဟောင်း သခင်ခေါင်းဆောင်တွေ နေရာ မရခဲ့ဘဲ သခင်သိန်းမောင်နဲ့ အဆင်မပြေ ဖြစ်ခဲ့ဖူးတဲ့ မစ္စတာဖာနီဗယ်ကို ဗြိတိန်က ပြန်ခေါ်ပြီး စီးပွားရေးအကြံပေးခန့်သလို နိုင်ငံမှာ ဒုတိယအမြင့်ဆုံး ဖြစ်ပြီး ဆာဘွဲ့နဲ့ တန်းတူတဲ့ သတိုးသီရိသုဓမ္မဘွဲ့လည်း နှင်းပါတယ်။ သခင်သိန်းမောင်ကြီးမှာတော့ စီးပွားရေး အဆင်မပြေဖြစ်ပြီး မိသားစုပြိုကွဲခဲ့သလို အရက်စွဲခဲ့ပါတယ်။ အရက်မူးရမ်းကားလို့ ဆိုပြီးလည်း ချုပ်နှောင်ခံခဲ့ရပါတယ်။ ဒီလိုအဆင်မပြေပေမယ့် တခြားနိုင်ငံရေးသမားတွေ လုပ်သလို ဖဆပလ အစိုးရဆီက လိုင်စင်ယူပြီး လူချမ်းသာတွေဆီ ပြန်ရောင်းတာ မလုပ်ခဲ့ပါဘူး။ သားသမီးတွေကို ဝမ်းရေးအတွက် အကြော်ရောင်းခိုင်းခဲ့ပြီး သခင်ချင်း အဆက်အသွယ်နဲ့ သူ မီးရထား ကန်ထရိုက်လုပ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ရဟန်းဘဝမှာ မထင်မရှား ပျံလွန်ခဲ့

၁၉၆၂ နောက်ပိုင်း ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာ သူ့ကို မိတ္ထီလာစစ်ဆေးရုံမှာ နှစ်ရှည် အနားယူစေပြီး ကုသပေးခဲ့ပါတယ်။ အဲဒီနောက် သူ့ကိုယ်ရေး အတ္ထုပ္ပတ္တိကို ရေးဖို့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကိုသွားရင်း သမဂ္ဂအဆောက်အအုံပျက်စီးတဲ့ ကျောင်းသားအရေးအခင်း သတင်းတွေ သူကြားခဲ့ ပါတယ်။ အဲဒီမှာ အဓိဋ္ဌာန်နဲ့ ဆံရှည်ထားပြီး ကြက်တောင်စည်းခဲ့ပါတယ်။ ဒါကြောင့် စာကြည့်တိုက်မှူး ဇော်ဂျီကိုတွေ့ဖို့ သွားတဲ့အခါ အဖာဗရပွနဲ့ ဘောင်းဘီရှည်၊ ကော်လာစုတ်နေတဲ့ ရှပ်အင်္ကျီဖြူ၊ ကြက်တောင်စည်းနဲ့ သူ့ကို ဝန်ထမ်းတွေက အထင်သေးကြတယ်လို့ ဆိုပါတယ်။

၁၉၆၈ မှာတော့ ဘောင်းဘီဝတ် သခင်သိန်းမောင် အရှင်သောမဘဝကို ကူးပြောင်းခဲ့ပါတယ်။ ဘိလပ်ပြန် သခင်သိန်းမောင်ကြီးဟာ သခင်ဘဝက အနောက်တိုင်းသားလို ဝတ်တတ်ပြီး မြန်မာလို လက်နဲ့ ထမင်းမစားတတ်သူ ဖြစ်သလို ရဟန်းဘဝမှာလည်း ချမ်းတဲ့အခါ သင်္ကန်းပေါ်က သက္ကလတ် လောင်းကုတ်အင်္ကျီကို ဝတ်တတ်တယ်လို့ သူနဲ့ ခင်မင်တဲ့ ဦးသိန်းဖေမြင့်က ရေးခဲ့ဖူးပါတယ်။ သခင်သိန်းမောင်ကြီးဟာ ဗမာစကားသည် တို့စကားလို့ ကြွေးကြော်ရင်း အင်္ဂလိပ် လို ရွှတ်ရှက် ဒွတ်ဒက် ပြောတဲ့ အကျင့် ရှိပေမယ့် ကိုယ်ကျင့်သိက္ခာနဲ့ ပတ်သက်ပြီး စွပ်စွဲခံရတာမျိုး မရှိခဲ့ဘူးလို့လည်း ဦးသိန်းဖေမြင့်က ရေးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဆိုဗီယက်က နည်းယူဆွဲတဲ့ တို့ဗမာပန်းချီ

လန်ဒန်က ပြန်ရောက်စက ဗြိတိသျှကုမ္ပဏီကပေးတဲ့ တလ ငါးရာစား မန်နေဂျာအလုပ်ကို ငြင်းသလို ငွေသုံးသောင်းခွဲလောက် ချမ်းသာတဲ့ အမျိုးသမီး ချစ်သူကိုလည်း မယူဘဲ သခင်ဘဝနဲ့ အငတ်ခံပြီး နိုင်ငံရေးလုပ်ခဲ့တဲ့ သခင် သိန်းမောင် ကွယ်လွန်တာ အနှစ် ၅ဝ နီးပေမယ့် သူလန်ဒန်က ယူလာတဲ့ ဆိုဗီယက်အနုပညာ စာအုပ်ထဲက ပန်းချီကားကို သူအကြံပြုရေးဆွဲခဲ့တဲ့ တို့ဗမာ ဝါဒဖြန့်ပိုစတာကတော့ ကနေ့ထိ လူသိများဆဲ ဖြစ်ပါတယ်။ နောက်ပြီး သူနဲ့ ခေတ်ပြိုင် တခြား သခင်ခေါင်းဆောင်ကြီးတွေထဲမှာ သခင်သိန်းမောင်ကြီးလို အမှောင်ကလာပြီး အလင်းမှာ သေတဲ့လူ မရှိသေးဘူးလို့လည်း သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းက မှတ်ချက်ချခဲ့ဖူးပါတယ်။ သခင်သိန်းမောင်ဟာ အပြောသမား၊ အခွင့်အရေးသမား၊ လူစွမ်းကောင်းဝါဒ ယုံသူမဟုတ်ဘဲ အလုပ်သမား၊ လယ်သမားနဲ့ လူငယ်တွေကို စည်းရုံးပြီး ရေရှည်ဒီမိုကရေစီနိုင်ငံရေး အကျိုးပြု စည်းရုံးရေးမှူးကောင်း တယောက် ဖြစ်တယ်လို့လည်း တို့ဗမာအစည်းအရုံးသမိုင်း ပြုစုတဲ့ သခင်သခင်မများက ၁၉၇၃ သူ ကွယ်လွန်ချိန်မှာ ဂုဏ်ပြုချီးကျူးခဲ့ကြပါတယ်။