ဟောင်ကောင် လူငယ်ခေါင်းဆောင်ကို ထိုင်းက ဝင်ခွင့်မပေး

ဓာတ်ပုံ ရင်းမြစ်, AP
ဟောင်ကောင်က ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ်ခေါင်းဆောင် Joshua Wong ကို ထိုင်းနိုင်ငံက ပြည်ဝင်ခွင့် မပေးဘဲ နှင်လွှတ် ခဲ့ပါတယ်။
၂၀၁၄ ဟောင်ကောင် ဆန္ဒပြပွဲတွေမှာ ထင်ရှားခဲ့တဲ့ ၁၉ နှစ်အရွယ် မစ္စတာ ဝေါင် ဟာ ထိုင်းနိုင်ငံက ကျောင်းသားတွေနဲ့ တွေ့ဆုံ စကားပြောဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းကို ရောက်လာတာပါ။
ဒါပေမယ့် သုဝဏ္ဏဘူမိ လေဆိပ်ကို သူ ရောက်လာချိန်မှာပဲ ထိုင်းအစိုးရက သူ့ကို အဝင်မခံဘဲ ထိန်းသိမ်းခဲ့ပြီး ဟောင်ကောင်ကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။
ဘာကြောင့် ထိန်းသိမ်းခဲ့တယ် ဆိုတာကို ထိုင်းအစိုးရက ရှင်းလင်းချက် မပေးခဲ့ဘူးလို့ သူက ပြောပါတယ်။ ဒါပေမယ့် တရုတ် အစိုးရရဲ့ စနက်ကြောင့် ဖြစ်နိုင်တယ် လို့တော့ သူက ယူဆ ပါတယ်။
၂၀၁၄ တုန်းက ဟောင်ကောင် နယ်မြေခေါင်းဆောင် ရွေးချယ်ပုံနဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲတွေမှာ မစ္စတာ ဝေါင်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင် ခဲ့ပါတယ်။
ဟောင်ကောင် ဆန္ဒပြပွဲတွေက တောင်းဆိုချက်တွေ မရခဲ့၊ မအောင်မြင်ခဲ့ပေမယ့် အဲဒီ အချိန်က ခေါင်းဆောင်ခဲ့သူ တချို့ကတော့ နိုင်ငံရေး လောကထဲ ဝင်ရောက် လာနိုင်ကြပါတယ်။




