ဟောင်ကောင် ရွေးကောက်ပွဲ၊ လူငယ်အချို့ အမတ်နေရာရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟောင်ကောင် ဥပဒေပြု ကောင်စီ ရွေးကောက်ပွဲမှာ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားတဲ့ မျိုးဆက်သစ် လူငယ်အချို့ အမတ်နေရာတွေ ရရှိခဲ့ကြ ပါတယ်။
လူငယ် ခေါင်းဆောင်တွေဟာ ဟောင်ကောင်မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုရဖို့နဲ့ တရုတ် အစိုးရရဲ့ အုပ်ချုပ်တဲ့ ပုံစံကို ပြုပြင် ပြောင်းလဲဖို့ အလိုရှိကြသူတွေ ဖြစ်ပါတယ်။
ဥပဒေပြု ကောင်စီထဲ ရွေးကောက် ခံရတဲ့ လူငယ် ခေါင်းဆောင်တွေအနက် ၂၃ နှစ်သာ ရှိသေးတဲ့ နေသန် လော Nathan Law ဆိုသူလည်း အပါအဝင် ဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဟောင်ကောင် ဆန္ဒပြပွဲတွေမှာ ခေါင်းဆောင် ခဲ့သူလည်း ဖြစ်ပါတယ်။
အဲဒီလို လူငယ် လူသစ် အချို့ အမတ်နေရာတွေ ရခဲ့ပေမယ့် နေရာ ၇၀ ရှိတဲ့ ဥပဒေပြု ကောင်စီထဲမှာ တရုတ်ကို လိုလားသူတွေက အများစု ဖြစ်နေဆဲ ဖြစ်ပါတယ်။
မစ္စတာ လောက သူ အခုလို ရွေးကောက် ခံရတာကို အံ့အားသင့်ရတယ်လို့ ဆိုပြီး၊ ဒါဟာ ပြည်သူတွေက ပြောင်းလဲလိုပြီ ဆိုတာကို ပြလိုက်တာပဲလို့ ပြောပါတယ်။
ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး တရုတ် အစိုးရကတော့ တုံ့ပြန်ချက် တစုံတရာ မပေးသေးပါဘူး။
အစောပိုင်းက မဲရလဒ်တွေ ထုတ်ပြန်ဖို့ နှောင့်နှေးခဲ့တာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ပေါ်ပေါက် ခဲ့ပါသေးတယ်။ တနင်္လာနေ့ နှောင်းပိုင်းမှာ မဲရလဒ် အပြည့်အစုံ ထွက်လာဖို့ ရှိပါတယ်။




