တရုတ်ထိပ်တန်းခေါင်းဆောင် ဟောင်ကောင်ရောက်

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် ဂျန်းဒီဂျန်း ဟောင်ကောင်ကို ရောက်လာပါတယ်။ ဂျန်းဒီဂျန်းဟာ တရုတ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်ရဲ့ အမြဲတန်း ကော်မတီ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ဒီရာထူးဟာ သမ္မတနဲ့ ဝန်ကြီးချုပ်ပြီးရင် အကြီးဆုံးရာထူး ဖြစ်ပါတယ်။ အခုလို တရုတ်ရဲ့ တတိယ အကြီးဆုံး ပုဂ္ဂိုလ် ဟောင်ကောင်ကို ရောက်လာတယ်ဆိုတာဟာ ဟောင်ကောင် ပြဿနာဟာ တရုတ်အတွက် ဘယ်လောက် အရေးတကြီး ပြဿနာ ဖြစ်နေသလဲ ဆိုတာကို ဖော်ပြနေပါတယ်။
တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ခွဲထွက်ပြီး လွတ်လပ်တဲ့ သီးခြား နိုင်ငံတနိုင်ငံအဖြစ်ရပ်တည်ရေးကို လိုလားသူတွေက ဂျန်းဒီဂျန်းလာရင် ဆန္ဒပြမယ်လို့ စီစဉ်ထားကြပါတယ်။ ဟောင်ကောင်အမျိုးသားပါတီရဲ့ခေါင်းဆောင် ချန်ဟိုတင်က လူငယ်တွေမက လူလတ်ပိုင်းတွေရော၊ လူကြီးပိုင်းတွေရောကပါ ဟောင်ကောင် လွတ်လပ်ရေးကို ထောက်ခံကြတယ်လို့ ပြောသွားပါတယ်။
သူတို့ဟာ ၁၉၉၇ ခုနောက်ပိုင်း ဟောင်ကောင် ဘယ်လိုဖြစ်သွားတယ်ဆိုတာကို သိကြတယ်။ သူတို့ဟာ တရုတ်ကို မချစ်ဘူး။ တရုတ်ကို မုန်းတယ်။ တရုတ် မဖြစ်ချင်ကြဘူးလို့ ပြောပါတယ်။
ခွဲထွက်ချင်သူတွေက ဆန္ဒပြမယ်ဆိုလို့ ရဲ အယောက် ခြောက်ထောင်လောက် လုံခြုံရေး ချထားပါတယ်။ ဒါ့အပြင် လမ်းဘေးစင်္ကြန် အုတ်ခဲတွေကိုလည်း ဆန္ဒပြသူတွေက ခွာပြီး ပစ်လို့ မရအောင် အင်္ဂတေ လိုက်လောင်း နေကြပါတယ်။
ဂျန်းဒီဂျန်းကတော့ သူလာတာဟာ ဟောင်ကောင်သားတွေရဲ့ အသံကို နားထောင်ဖို့ပါတဲ့။လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း အသီးသီးက အသံအမျိုးမျိုး တောင်းဆိုချက် အမျိုးမျိုး အကြံပြုချက် အမျိုးမျိုးကို နားထောင်ဖို့ သူအခုလို လာတာပါ။ နိုင်ငံတခု စနစ်နှစ်မျိုးနဲ့ ထူထောင်ရေး အတွက် အကြံဉာဏ်တွေ လာရောက် စုဆောင်းတာပါလို့ ဆိုပါတယ်။
ဟောင်ကောင် ဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဋ္ဌ အင်မလီ လော ကတော့ ပြဿနာကို တကယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးကို မြှင့်တင် ပေးဖို့ပါပဲ။ ဟောင်ကောင်ကို ဒီမိုကရေစီ စနစ်ပေးပါ။ လူကြိုက်နည်းတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ခန့်ထား အုပ်ချုပ်တဲ့ စနစ်ကို ဖျက်သိမ်းပေးပါလို့ ပြောသွားပါတယ်။
၂၀၁၇ မှာ ဟောင်ကောင် အတွက် တိုက်ရိုက်မဲပေးရွေးချယ်ခွင့်ပေးမယ်လို့ တရုတ် ပြည်မကြီးက ကတိပေးထား ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်က လျာထားသူတွေ ထဲကနေသာ မဲပေးရွေးချယ်ရမယ် ဆိုတဲ့ အတွက် ဟောင်ကောင်က နိုင်ငံရေး ပါတီတွေနဲ့ လှုပ်ရှား တက်ကြွသူတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။








