တရုတ် အစီအစဉ်ကို ဟောင်ကောင် အမတ်တွေ ပယ်ချ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟောင်ကောင် အုပ်ချုပ်ရေးမှူးသစ် ရွေးကောက်ပွဲ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး တရုတ် အစိုးရက အဆိုပြုတဲ့ မူကြမ်းကို ဟောင်ကောင် လွှတ်တော်မှာ အချေအတင် ဆွေးနွေး ပြီးနောက် မဲခွဲ ဆုံးဖြတ်ရာမှာ လွှတ်တော် အမတ်တွေက ပယ်ချခဲ့ပါတယ်။
လွှတ်တော်အမတ် ၃၇ ဦး ရှိတဲ့အနက် ၈ ဦးက ထောက်ခံပြီး ၂၈ ဦးက ကန့်ကွက် ခဲ့တာပါ။ ဒီ ပြုပြင် ပြောင်းလဲရေး မူကြမ်းဟာ အနည်းဆုံး ၄၇ မဲ ရရှိမှ အတည်ဖြစ်မှာ ဖြစ်ပါတယ်။
လွှတ်တော်အမတ် အများစုက ကန့်ကွက် ခဲ့တဲ့အတွက် ဒီမူကြမ်းဟာ အောင်မြင်မှု မရနိုင်ဘူးလို့လည်း သတင်းတွေက ဆိုပါတယ်။
တရုတ် အစိုးရက အဆိုပြုတဲ့ အဲဒီ ဥပဒေ မူကြမ်း အရ ၂၀၁၇ ခုနှစ်မှာ ဟောင်ကောင် အုပ်ချုပ်ရေးမှူး အကြီးအကဲကို ဟောင်ကောင် ပြည်သူတွေ ပထမဆုံး အကြိမ် မဲပေး ရွေးချယ်ခွင့် ရရှိမှာ ဖြစ်ပေမယ့် တရုတ် အစိုးရက ချပေးတဲ့ ကိုယ်စားလှယ်လောင်းတွေ ထဲကသာ ဟောင်ကောင် ပြည်သူတွေက ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီ ပြုပြင် ပြောင်းလဲရေးကို လွှတ်တော် အမတ် အများစုက အတုအယောင် ဒီမိုကရေစီလို့ သတ်မှတ်ပြီး ဆန့်ကျင် ခဲ့ကြတာပါ။
တရုတ် အစိုးရကတော့ အခုလို မဲခွဲ ဆုံးဖြတ်မှု မအောင်မြင်ပေမယ့် ပြုပြင် ပြောင်းလဲမှုကို မဖြစ်မနေ ဆက်လုပ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။




