လူမျိုး၊ ဘာသာ၊ နိုင်ငံသား အပေါ် မူတည်ပြီး တရားခံ ရှာရမယ်လို့ ထရမ့် ပြောဆို

ဓာတ်ပုံ ရင်းမြစ်, cbs
ရာဇဝတ်မှု ကိုင်တွယ်ရေးမှာ အင်မတန် အငြင်းပွားစရာ နည်းလမ်း ဖြစ်တဲ့ တရားခံ ဘယ်သူဘယ်ဝါ ဆိုတာကို လူမျိုး၊ ကိုးကွယ်ရာ ဘာသာတရားနဲ့ ဘယ် နိုင်ငံက လာသူလဲ ဆိုတဲ့ အချက်တွေ အပေါ် မူတည်ပြီး ကြိုတင် မှန်းဆ ပိုင်းဖြတ်တဲ့ နည်းလမ်းကို အမေရိကန်မှာ ကျင့်သုံးဖို့ အချိန်တန် နေပြီလို့ ရီပတ်ဘလေကန် သမ္မတလောင်း ဖြစ်လာတော့မယ့် ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ အိုလန်ဒို နိုက်ကလပ် ပစ်ခတ်မှု အကြောင်း အမေရိကန် CBS ရုပ်သံ လိုင်းပေါ် ပြောဆိုကြတုန်း မစ္စတာ ထရမ့် က အခုလို မှတ်ချက်ချ ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံထဲက မွတ်ဆလင်မ်တွေကို တရားခံ ဖြစ်နိုင်ဖွယ် ရှိသူတွေ အဖြစ် ကြိုတင် ပိုင်းဖြတ်တာမျိုး ပိုပြီး လုပ်ဆောင်သင့်တယ် ဆိုတဲ့ အချက်အပေါ် ထောက်ခံလား ဆိုတဲ့ အမေးကို မစ္စတာ ထရမ့်က တုံ့ပြန်တဲ့ အခါ၊ တခြား နိုင်ငံတွေမှာ ဆိုရင် လူမျိုး၊ ကိုးကွယ်ရာ ဘာသာနဲ့ ဘယ် နိုင်ငံသားလဲ ဆိုတဲ့ အချက်တွေကို ထည့်သွင်း စဉ်းစားကြတယ် ဆိုပြီး ပြောဆို ခဲ့ပါတယ်။
ဒီလို နည်းလမ်းမျိုးတွေ ကိုသာ အသုံးပြုမယ် ဆိုရင် အမေရိကန် မွတ်ဆလင် အသိုင်းအဝိုင်းကို ခွဲခြားပြီး ပထုတ်ရာ ရောက်လိမ့်မယ်လို့ အမေရိကန် ရှေ့နေချုပ် လော်ရက်တာ လင့်ချ်က သတိပေးပါတယ်။




