အမေရိကန် ရိုင်ဖယ် အသင်းနဲ့ ဒေါ်နယ် ထရမ့် တွေ့မယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်နိုင်ငံမှာ အကြမ်းဖက်သမားလို့ ယူဆရသူတွေကို သေနတ် ရောင်းချခွင့် ပိတ်ပင်တာမျိုး လုပ်ကောင်း လုပ်ဖို့အတွက် ရီပတ် ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် က NRA အမေရိကန် ရိုင်ဖယ် အသင်းနဲ့ သူတွေ့ဆုံ ဆွေးနွေးမယ်လို့ ထုတ်ဖော် ပြောလိုက်ပါတယ်။
တနင်္ဂနွေနေ့တုန်းက အော်လန်ဒိုမြို့က လိင်တူချင်းစိတ်ဝင်စားသူတွေ ကျက်စားရာ ညကလပ်မှာ လူအများအပြား သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့အပြီး သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ အချေအတင် အငြင်းပွားမှုတွေ ထပ်ပေါ်ပေါက်လာနေချိန်မှာပဲ ဒေါ်နယ်ထရမ့် က အခုလို ပြောလိုက်တာပါ။
အော်လန်ဒိုမြို့ ပစ်ခတ်မှုရဲ့ လက်သည် သေနတ်သမား အိုမာ မတင်းဟာ FBI အမေရိကန် ထောက်လှမ်းရေး အဖွဲ့ရဲ့ မသင်္ကာသူ အကြမ်းဖက် သမား စာရင်းထဲမှာ ပါခဲ့ဖူးပေမယ့် သေနတ်တလက်ကို အချိန်မရွေး ၀ယ်ခွင့် ရှိခဲ့ပါတယ်။
ဒါဟာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်မှု စည်းကမ်း လျော့ရဲနေတာနဲ့ ပတ်သက်လို့ ထောက်ပြ ဝေဖန်နေတဲ့ ဒီမိုကရက်တစ် ပါတီဝင်တွေအတွက် နောက်ထပ် ဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ်။
အခုတော့ ဒေါ်နယ်ထရမ့် ကိုယ်တိုင်က ဒီလို စောင့်ကြည့် စာရင်း၀င် လူတွေကို သေနတ်၀ယ်ခွင့် ပိတ်ပင်နိုင်ဖို့ အမေရိကန် ရိုင်ဖယ်လ် အသင်းနဲ့ တွေ့ဆုံ ပြောဆိုမယ်လို့ ဆိုလိုက်ပါပြီ။
FBI စုံစမ်း စစ်ဆေးမှုတွေ လုပ်နေစဉ်မှာ သေနတ်ဝယ်ခွင့် ဆိုင်းငံ့ထားဖို့ ဆိုတဲ့ ဒေါ်နယ်ထရမ့် ရဲ့ ရပ်တည်ချက်ကို သြဇာ အရှိန်အဝါ ကြီးတဲ့ အမေရိကန် ရိုင်ဖယ်အသင်းက ထောက်ခံခဲ့ပေမယ့် သေနတ်၀ယ်ခွင့် လုံးဝ ပိတ်ပင်တာမျိုးကိုတော့ လက်မခံခဲ့ပါဘူး။
အရင်ကတော့ မသင်္ကာသူ အကြမ်းဖက်သမားတွေ အဖြစ် စောင့်ကြည့် စာရင်းဝင်သူတွေကို လက်နက် ရောင်းချခွင့် ပိတ်ပင်ရေး ဥပဒေပြဌာန်းရေးကို ရီပတ်ဘလစ်ကန် ပါတီ၀င် ဥပဒေရေးဆွဲသူတွေက ကန့်ကွက်နေကြတာပါ။
အမေရိကန်နိုင်ငံထဲက အ၀င်အထွက် ခရီးသည်တင် လေယာဉ်တွေပေါ်မှာ လိုက်ပါခွင့် တားမြစ်ထားတဲ့ မသင်္ကာသူ အကြမ်းဖက်သမား စာရင်း ထဲမှာ ပါသူတွေကို လက်နက် ဝယ်ယူခွင့် တားမြစ်မယ့် No Fly No Buy လို့ ခေါ်တဲ့ ဥပဒေကြမ်းကို အတည်ပြု ပြဌာန်းနိုင်ဖို့ ဒီမိုကရက်တစ် ပါတီဝင်တွေက မျှော်လင့်နေကြတာပါ။
သေနတ်ထိန်းချုပ်မှုနဲ့ ပတ်သက်လို့ ဒါ့ထက် ပိုတင်းကြပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ ဒီမိုကရက်တ်စ်တွေက လိုလားနေကြပေမယ့် အော်လန်ဒိုမြို့ ပစ်ခတ်မှုကြီးအပြီး အနည်းဆုံး ဒီဥပဒေ ပြဌာန်းနိုင်ဖို့ ကိုတော့ မျှော်လင့်နေကြကြောင်း ဘီဘီစီသတင်းထောက် Barbara Plett က ဝါရှင်တန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။








