ရွှေ့ပြောင်းသူတွေအရေး အီးယူနဲ့တူရကီ အကြား သဘောတူညီမှု ရရှိ

migrants_eu_
ဓာတ်ပုံ ပုံစာ, ခိုလှုံခွင့် လျှောက်ထား ရာမှာ မအောင်မြင် တဲ့ သူတွေ အားလုံးကို တူရကီ ဘက် ပြန်ပို့မယ်။

ဥရောပ တိုက်ထဲ လူတွေ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်း ဝင်ရောက် နေတဲ့ ပြဿနာ ကို ကိုင်တွယ် ရေး နဲ့ ပတ်သက်ပြီး ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံ တွေ ရဲ့ ခေါင်းဆောင် တွေ နဲ့ တူရကီ အကြား အရေးပါတဲ့ သဘောတူညီမှု တစ်ရပ် ရရှိ ခဲ့ပါတယ်။

လာမယ့် တနင်္ဂနွေ ည သန်းခေါင်းယံ အချိန် က စလို့ တူရကီ ဘက်ကနေ ဂရိ နိုင်ငံထဲ ဝင်ရောက် လာကြ သူတွေ ထဲက၊ ခိုလှုံခွင့် လျှောက်ထား ရာမှာ မအောင်မြင် တဲ့ သူတွေ အားလုံးကို တူရကီ ဘက် ပြန်လည် ပို့ဆောင် မှာ ဖြစ်ပါတယ်။

အပြန်အလှန် အားဖြင့်၊ တူရကီ နိုင်ငံ အနေနဲ့ အီးယူ အဖွဲ့ဝင် နိုင်ငံ ဖြစ်ဖို့ ဆွေးနွေး ပွဲ တွေ ကို ပိုပြီး မြန်မြန် ကျင်းပ လာ နိုင် မှာ ဖြစ်ပြီး၊ အီးယူ ဆီကလည်း ဘဏ္ဍာရေး ဆိုင်ရာ အထောက်အပံ့ တွေ ရရှိ မှာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၂၈ နိုင်ငံ ပါတဲ့ အီးယူ အဖွဲ့ နဲ့ တူရကီ အကြား အဲဒီ့ သဘောတူမှု ကို တခဲနက် အတည်ပြု နိုင်ခဲ့တယ် လို့ ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ်လ် တွက်စ် က ဆိုပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ Amnesty International က တော့ ဒီ သဘောတူမှု ဟာ အင်မတန် ရှက်စရာ ကောင်းတဲ့ သဘောတူညီ မှု ဖြစ်တယ် လို့ ပြင်းပြင်းထန်ထန် ရှုတ်ချ နေပါတယ်။

တခါ၊ လစ်ဗျား ပြည်တွင်းစစ် ကြောင့် အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး ကြရသူတွေ ထဲက လူ ၅ သိန်း လောက် ဟာ ဥရောပ တိုက် ထဲ ဝင်ရောက် လာနိုင်ဖွယ် ရှိတယ် လို့ အီးယူ အဖွဲ့ ရဲ့ နိုင်ငံခြား မူဝါဒရေးရာ ဆိုင်ရာ အကြီးအကဲ Federica Mogherini က သတိပေး ပါတယ်။

အဲဒီလို ရွှေ့ပြောင်း တဲ့ အခါ မြေထဲပင်လယ် ကို ဖြတ်ပြီး အီတလီ ကမ်းရိုးတန်း ဆီ ရောက်ရှိဖို့ ကြိုးစား လာနိုင်ပါတယ်။

လစ်ဗျား နိုင်ငံထဲ ရဲတပ်ဖွဲ့ စံနစ်တကျ ပြန်လည် ထူထောင် နိုင်ဖို့နဲ့ နယ်စပ် ထိန်းချုပ်ရေး လုပ်ငန်း တွေ ကို စီမံ ခန့်ခွဲရေး တွေ မှာ အကူအညီ ပေးနိုင်ဖို့ အီးယူ က စဉ်းစား နေတယ် လို့လည်း မစ္စ မိုဂါရီးနီး က ဆိုပါတယ်။