ရွှေ့ပြောင်းသူအရေး အီးယူ အစီအစဉ် ကုလ စိုးရိမ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ရွှေ့ပြောင်းသူ ပြဿနာကို ဖြေရှင်းဖို့ အီးယူနဲ့ တူရကီတို့ အပေးအယူလုပ် ညှိနှိုင်းနေတဲ့ အစီအစဉ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာ ရောက်နိုင်တဲ့အတွက် စိုးရိမ်ကြောင်း ကုလ သမဂ္ဂက ပြောလိုက်ပါတယ်။
ဆွေးနွေးဆဲ ဖြစ်တဲ့ အဲဒီ အစီအစဉ်အရ ဂရိမှာ ရောက်နေတဲ့ ရွှေ့ပြောင်းသူတွေကို တူရကီကို ပြန်ပို့ဖွယ် ရှိပြီး၊ အဲဒီ ပြန်ပို့တဲ့ အထဲမှာ ပါတဲ့ ဆီးရီးယား နိုင်ငံသား အရေအတွက် အတိုင်း တူရကီမှာ ရှိတဲ့ ဆီးရီးယား ဒုက္ခသည်တွေကို အီးယူက လွှဲပြောင်း လက်ခံမှာ ဖြစ်ပါတယ်။
ကုလ သမဂ္ဂ ဒုက္ခသည် ဆိုင်ရာ အေဂျင်စီက အခုလို နိုင်ငံခြားသားတွေကို အုပ်စုလိုက် နှင်ထုတ်မယ့် ကိစ္စဟာ အီးယူရဲ့ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ပြောပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International ကလည်း ဒီအစီအစဉ်ဟာ ခိုလှုံခွင့် လျှောက်ထားနိုင်ခွင့် ဆိုင်ရာ လူ့အခွင့်အရေး အပေါ် အပြင်းဆုံး ထိုးနှက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။
ဒီအစီအစဉ်ကို တနင်္လာနေ့က ဘရပ်ဆဲမှာ အီးယူနဲ့ တူရကီတို့ ဆွေးနွေး ခဲ့ကြပြီး အပြီးသတ် သဘောတူညီမှုတော့ မရသေးဘဲ ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အီးယူ အနေနဲ့ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အကြီးဆုံး ဒုက္ခသည် ပြဿနာကို ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။ မနှစ်က ဥရောပကို ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က တစ်သန်းကျော် ရှိခဲ့ပြီး အများစုက တူရကီ ကနေ ဂရိကို လှေတွေနဲ့ ဖြတ်ကူး ခဲ့ကြတာ ဖြစ်ပါတယ်။
မနှစ်က ဝင်ရောက် လာသူတွေ ထဲမှာ ဆီးရီးယား နိုင်ငံသားက အများစု ဖြစ်ပြီး၊ တူရကီထဲမှာလည်း နောက်ထပ် ဆီးရီးယား ဒုက္ခသည် ၂.၇ သန်း ရှိနေပါသေးတယ်။




