ဒုက္ခသည်အရေး EUနဲ့ တူရကီ ထပ်ညှိမယ်။

ဆီးရီးယားက ဒုက္ခသည် ၃သန်းနီးပါးလောက်ကို တူရကီက လက်ခံထားရ
ဓာတ်ပုံ ပုံစာ, ဆီးရီးယားက ဒုက္ခသည် ၃သန်းနီးပါးလောက်ကို တူရကီက လက်ခံထားရ

ဥရောပဒေသမှာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးကတည်းက အဆိုးဝါးဆုံးလို့ ဆိုရမယ့် ဒုက္ခသည်ပြဿနာ အရေးကို ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲဆိုတာနဲ့ ပတ်သက်လို့ EU ဥရောပ သမဂ္ဂဝင် နိုင်ငံ ခေါင်းဆောင်တွေနဲ့ တူရကီအစိုးရတို့ အရေးပေါ် တွေ့ဆုံ ဆွေးနွေးနေမှု ပြီးဆုံးသွားပြီ ဖြစ်ရာမှာ အခုလကုန် ထိပ်သီး ဆွေးနွေးပွဲကြီး မတိုင်ခင် ဥရောပ ကောင်စီအနေနဲ့ ဆွေးနွေးပွဲက အဆိုပြုချက်တွေကို တူရကီဘက်နဲ့ ညှိနှိုင်းဖို့ သဘောတူခဲ့ကြပါတယ်။

တူရကီနိုင်ငံထဲကနေ ဖြတ်ပြီး ဥရောပနိုင်ငံတွေထဲ ဝင်လာကြတဲ့ ရွှေ့ပြောင်းဒုက္ခသည်တချို့ကို တူရကီအစိုးရက ပြန်ခေါ်မယ်ဆိုရင် EU က အကူအညီငွေ ဒေါ်လာ ၃ဘီလျံကျော်ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

တူရကီကတော့ အဲဒီငွေရဲ့ ၂ဆလောက် တောင်းနေတာပါ။

တူရကီနိုင်ငံဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့ အိမ်နီးချင်း ဆီးရီးယားနိုင်ငံက ဒုက္ခသည် ၃သန်း နီးပါးလောက်ကို လောလောဆယ် လက်ခံထားရပါတယ်။

ဆီးရီးယား၊ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေက ရွှေ့ပြောင်းဒုက္ခသည် ၂ထောင်ကျော်လောက် ဂရိစ်နိုင်ငံကနေတဆင့် တူရကီနိုင်ငံထဲ နေ့စဉ် ဝင်လာနေတာပါ။

ဥရောပနိုင်ငံတွေမှာ ခိုလှုံဖို့ သတ်မှတ်ချက်တွေနဲ့ မပြည့်စုံသူတွေကို တူရကီအစိုးရက ပြန်ခေါ်ဖို့နဲ့ တူရကီ ရေပိုင်နက် ပင်လယ်ပြင်မှာ ကင်းလှည့် စောင့်ကြပ်တာတွေ ပိုလုပ်ပေးဖို့ EU က လိုလားနေသလို EU ကတိပြုထားတဲ့ အကူအညီငွေကိုလည်း ဒေါ်လာ ၆ဘီလျံကျော်လောက်အထိ တိုးပေးဖို့ တူရကီအစိုးရက တောင်းဆိုနေတာပါ။

ဒါ့အပြင် တူရကီနိုင်ငံကို EU အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရေးကို ပိုမြန်မြန် လုပ်ပေးဖို့နဲ့ ဥရောပဒေသတွင်းမှာ တူရကီနိုင်ငံသားတွေ ပြည်ဝင်ခွင့် ဗီဇာ မလိုပဲ ခရီးသွားလာခွင့် အစီအစဉ်တွေ အမြန်ဆုံး လုပ်ပေးဖို့ကိုလည်း တောင်းဆိုနေပါတယ်။

EU က တူရကီအစိုးရဆီကနေ သူတို့ ဖြစ်ချင်တာကို တောင်းဆိုခဲ့ရာမှာ တူရကီ အစိုးရကလည်း EU ဆီကနေ ဒါ့ထက် ပိုတောင်းဆို လာနေပါပြီ။

ပြောရမယ် ဆိုရင် EU ရဲ့ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီနဲ့ အနာဂါတ် ပေါင်းစည်းညီညွတ်မှုဟာ နှစ်ပေါင်းများစွာ လက်တကမ်းအကွာ ခပ်ခွာခွာ ထားခဲ့တဲ့ တူရကီလို နိုင်ငံမျိုးပေါ်မှာ မူတည်နေတာ တွေ့ရပါတယ်။

တူရကီရဲ့ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်မှု မရှိပဲနဲ့တော့ ရွှေ့ပြောင်း ဒုက္ခသည်တွေ အလုံးလိုက်အရင်းလိုက်ဝင်လာနေတာကို လျှော့ချ တားဆီးနိုင်မယ့် အခွင့်အလမ်းရှိမှာ မဟုတ်ကြောင်းနဲ့ အဲဒါဆိုရင်တော့ EU ရဲ့ ကျန်တဲ့ ပေါ်လစီတွေလည်း တစစီ ပြိုကွဲ ပျက်ပြယ်သွားမယ့် အနေအထားမှာ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက် Chris Morris က သုံးသပ်ထားပါတယ်။