အမေရိကန် ကျောင်းသားကို မြောက်ကိုရီးယား ထောင် ၁၅နှစ် ချ

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယား နိုင်ငံက ဖမ်းဆီးထားတဲ့ အမေရိကန် ကျောင်းသား အော့တို ဝမ်းဘီယာ Otto Warmbier ကို နိုင်ငံတော် ရန်ပြုမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ် လိုက်ပါတယ်။
ဝမ်းဘီယာ၊ ၂၁ နှစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက မြောက်ကိုရီးယားမှာ အလည်အပတ် ရောက်နေစဉ်အတွင်း ဟိုတယ် တစ်ခုမှာ နိုင်ငံရေး ဆိုင်းဘုတ် တစ်ခုကို ခိုးယူဖို့ ကြိုးပမ်းမှုအတွက် ဖမ်းဆီး ခံခဲ့ရတာပါ။
သူက ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံ ပြောဆိုပုံကို မြောက်ကိုရီးယား သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရက သူ့ရဲ့ ရန်သူ နိုင်ငံတွေကို ဖိအားပေးတဲ့ အနေနဲ့ အခုလို နိုင်ငံခြားသားတွေကို မကြာခဏ ဖမ်းဆီး ထိန်းသိမ်းလေ့ ရှိပါတယ်။
ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ဟာ အရင်က နိုင်ငံခြားသားတွေကို ပေးခဲ့ဖူးတဲ့ ပြစ်ဒဏ်တွေနဲ့ နှိုင်းရင် အများကြီး ကြီးလေးတယ်လို့ တောင်ကိုရီးယားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒါဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ အကြား လတ်တလော မြင့်တက်နေတဲ့ တင်းမာမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။




