နျူတိုက်ခိုက်မှုတွေ လုပ်မယ်လို့ မြောက်ကိုရီးယား ခြိမ်းခြောက်

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နှစ်စဉ် ပြုလုပ်နေကျ စစ်ရေး လေ့ကျင့်မှုတွေ အနက် အကြီးဆုံး စစ်ရေး လေ့ကျင့်မှုကို စတင် လိုက်ရာမှာ မြောက်ကိုရီးယား နိုင်ငံက နျူလက်နက်တွေနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။
နှစ်စဉ် ပြုလုပ်နေကျ အမေရိကန်နဲ့ တောင်ကိုရီးယား တို့ရဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွေဟာ တင်းမာမှုတွေကို နှစ်စဉ် ဖြစ်ပေါ်စေလေ့ ရှိပြီး ဒီနှစ်မှာတော့ ခါတိုင်း နှစ်တွေထက် ပိုမို များပြားတဲ့ တပ်ဖွဲ့ဝင်တွေ ပါဝင်ကြတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက နျူလက်နက်တွေနဲ့ လက်ဦးမှုရအောင် တိုက်ခိုက်ဖို့ အမိန့်ကို ပြုံယမ်းရဲ့ ထုတ်ပြန်ချက် တစ်ခုထဲမှာ ဖော်ပြခဲ့ပါတယ်။
အခုလို ခြိမ်းခြောက် ပြောဆိုမှုတွေကို မြောက်ကိုရီးယားက ပြုလုပ်လေ့ ရှိပြီး၊ ဒုံးကျည်တွေထဲ ထည့်ပစ်နိုင်တဲ့ နျူထိပ်ဖူးတွေကို မြောက်ကိုရီးယား ပိုင်ဆိုင်နေပြီလား ဆိုတာကိုလည်း ပညာရှင်တွေက သံသယ ရှိနေကြပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား တို့ရဲ့ နှစ်စဉ် စစ်ရေး လေ့ကျင့်မှုတွေဟာ နယ်ချဲ့ ကျူးကျော်ဖို့ လေ့ကျင့်တာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း ဝါရှင်တန်ကို မီးပင်လယ် ဖြစ်သွားအောင် လုပ်ပစ်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက် ခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား တို့ရဲ့ အခုနှစ် စစ်ရေး လေ့ကျင့်မှုတွေမှာ အမေရိကန် တပ်ဖွဲ့ဝင် ၁၇၀၀၀ နဲ့ တောင်ကိုရီးယား တပ်သား ၃၀၀၀၀၀ ပါဝင်နေပြီး ၂၀၁၅ မှာထက် သိသိသာသာ အင်အား များလာတာ ဖြစ်ပါတယ်။




