ပိတ်ဆို့မှု ပြဋ္ဌာန်းအပြီး မြောက်ကိုရီးယား ဒုံးကျည်တွေ ပစ်လွှတ်

ဓာတ်ပုံ ရင်းမြစ်, AP
ကုလ သမဂ္ဂက မြောက်ကိုရီးယား နိုင်ငံ အပေါ် ပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်လိုက်ပြီး နာရီပိုင်း အကြာမှာပဲ မြောက်ကိုရီးယား နိုင်ငံက တာတိုပစ် ဒုံးကျည် ၆ ခုကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြောက်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်းမှာ ရှိတဲ့ ဝန်ဆန် မြို့ကနေ ဒုံးကျည်တွေကို ပင်လယ်ထဲကို ပစ်ခဲ့တာလို့ တောင်ကိုရီးယား အစိုးရ ပြောခွင့်ရသူက ယွန်ဟပ် သတင်းဌာနကို ပြောပါတယ်။
အဲဒီလို ပစ်ခတ်တာဟာ ကုလ သမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ပမာမခန့် ပြုတဲ့ သဘောလို့ သတင်းထောက် တွေက ပြောပါတယ်။
အဲဒီ မတိုင်မီ နာရီပိုင်း အလိုမှာတော့ မြောက်ကိုရီးယား အပေါ် အပြင်းထန်ဆုံး ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက ကန့်ကွက်သူ မရှိ ပြဋ္ဌာန်းခဲ့တာပါ။
ပိတ်ဆို့မှုတွေထဲမှာ မြောက်ကိုရီးယားကို ဝင်ထွက်တဲ့ ကုန်စည် မှန်သမျှကို စစ်ဆေးဖို့ ပါဝင်သလို၊ အဖွဲ့အစည်း ၁၂ ခု၊ လူပုဂ္ဂိုလ် ၁၆ ယောက် တို့ကိုလည်း နာမည်ပျက် စာရင်း သွင်းခဲ့ပါတယ်။
မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုနဲ့ ဂြိုဟ်တု လွှတ်တင်မှုတွေ အစောပိုင်းက လုပ်ခဲ့ပြီးနောက် အဲဒီလို ပိတ်ဆို့မှုတွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ပိတ်ဆို့မှု အသစ်တွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ ကာလရှည် မဟာမိတ် ဖြစ်ခဲ့တဲ့ တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ အကြား သီတင်းပတ် ၇ ပတ်ကြာ ဆွေးနွေး ခဲ့ကြရပါတယ်။




