ဆိုမာလီ စားသောက်ဆိုင် တိုက်ခိုက်ခံရ၊ လူ ၂၀ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
ဆိုမာလီ နိုင်ငံ၊ မိုဂါဒစ်ရှူး မြို့တော် ကမ်းခြေက စားသောက်ဆိုင် တစ်ဆိုင်ကို အစ္စလာမ္မစ် စစ်သွေးကြွတွေ တိုက်ခိုက် ခဲ့လို့ လူ ၂၀ သေဆုံး ခဲ့ပါတယ်။
သေနတ်သမား တွေက ကြာသပတေးနေ့ ညကတည်းက တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး ညစာ စားနေသူတွေကို ပစ်ခတ် ခဲ့ကာ၊ ဆိုင်အနီးမှာလည်း ကားဗုံး နှစ်လုံး ခွဲခဲ့ကြပါတယ်။
ဒီတိုက်ခိုက်မှုကို အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့က သူတို့ လက်ချက်လို့ ပြောပါတယ်။ အယ်လ်ရှာဘတ် အဖွဲ့ဟာ ဆိုမာလီ မြို့တော်မှာ အကြိမ် အတော်များများ တိုက်ခိုက်မှုတွေ လုပ်ခဲ့ဖူးပါတယ်။
လုံခြုံရေးတွေက ၈ နာရီကြာ ဝိုင်းရံ ထားခဲ့ပြီးမှ သေနတ်သမားတွေ လက်ကနေ စားသောက်ဆိုင်ကို ပြန်သိမ်း နိုင်ခဲ့ပါတယ်။ သေနတ်သမား ဘယ်နှယောက် သေဆုံးပြီး ဘယ်နှယောက်ကို ဖမ်းမိသလဲ ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရပါဘူး။
တိုက်ခိုက်သူတွေရဲ့ ခေါင်းဆောင်ကို ဖမ်းမိခဲ့တယ် လို့တော့ ဆိုမာလီ အာဏာပိုင်တွေက ပြောပါတယ်။




