ပဲရစ်မြို့ အကြမ်းဖက်ခေါင်းဆောင် ရှာနေဆဲ

paris

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ပြင်သစ် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချ

ပြင်သစ် နိုင်ငံ ပဲရစ်မြို့ အကြမ်းဖက် တိုက်ခိုက်မှု တွေကို ဦးဆောင် လုပ်ခဲ့သူ လို့ ယူဆရသူ အဗ္ဗဒယ်လ် ဟာမစ် အဘာအုဒ် ရဲတွေရဲ့ စီးနင်း တိုက်ခိုက်မှု အတွင်း သေဆုံးသွားပြီလို့ ရဲတွေက အတည်ပြု ပြောခဲ့ပြီး နောက် ခေါင်းဆောင် တဦး ဖြစ်တဲ့ ဆလာ အက်ဘ်ဒက် ဆလမ် ကို ပိုက်စိပ်တိုက် ခြေရာခံ လိုက်ရှာ နေပါတယ်။

သူ့ရဲ့ညီ ဘရာဟင်မ် အက်ဘ်ဒက်ဆလမ် ကတော့ အကြမ်းဖက် တိုက်ခိုက်မှု တွေ အတွင်း သူ့ကိုယ်သူ ဗုံးခွဲ အသေခံ သွားပါတယ်။

ဒီတိုက်ခိုက်မှု တွေကို အကြမ်းဖက် သမား ၉ဦး က လုပ်ခဲ့တာ လို့ ပြင်သစ် မီဒီယာ တွေမှာ ဖော်ပြခဲ့ ရာမှာ သောကြာနေ့ အကြမ်းဖက် တိုက်ခိုက်မှု တွေ အတွင်း ၇ ယောက် သေဆုံး သွားပြီလို့ သိရတာမို့ နောက်ဆုံး ကျန်တဲ့ အကြမ်းဖက် သမား တဦး ဟာ ဆလာ အက်ဘ်ဒက် ဆလမ် လိုပဲ ထွက်ပြေး တိမ်းရှောင် နေပုံ ရပါတယ်။

ရဲတွေရဲ့ စီးနင်း တိုက်ခိုက်မှု အတွင်း အဗ္ဗဒယ် လ်ဟာမစ် အဘာအုဒ် နဲ့အတူ သေဆုံးခဲ့သူ တွေနဲ့ အဖမ်းခံခဲ့ရသူ တွေဟာ ပဲရစ်မြို့က La Defence လူချမ်းသာ စီးပွားရေး ရပ်ကွက် နဲ့ လေဆိပ် တို့ကို တိုက်ခိုက်ဖို့ စီစဉ် နေတယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ လည်း ထွက်နေပါတယ်။

ဒါပေမဲ့ အထောက်အထား တစုံတရာ တော့ မရသေးပါဘူး။

အခုအခါမှာ တော့ ပြင်သစ်နိုင်ငံ တဝှမ်းမှာ လုံခြုံရေး တွေကို အကြီးအကျယ် တင်းတင်း ကျပ်ကျပ် ချထားပါတယ်။

လက်ရှိ တည်ဆဲ အရေးပေါ် ကြေညာချက် အရ ပြင်သစ်ရဲ တွေအနေနဲ့ နေအိမ် အဆောက်အအုံ တွေထဲ ဝင်ရောက်ရှာဖွေခွင့်၊ မသင်္ကာသူ တွေကို ဖမ်းဆီး ထိန်းသိမ်းပိုင်ခွင့် တွေ ပိုရထားပါတယ်။

ဒါပေမဲ့ လည်း ဥရောပ နိုင်ငံတွေအနေနဲ့ နယ်စပ်ဂိတ် တွေမှာ စစ်ဆေးရှာဖွေမှု တွေ ပိုတင်းတင်း ကျပ်ကျပ် လုပ်ဖို့ လိုတယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဘယ်နား ကက်ဇ်နာ့ဗ် က သတိပေးထားပါတယ်။

manuel valls

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ဒုက္ခသည် ပြဿနာ အခွင့်ကောင်းယူ ပြီး ပြင်သစ် နိုင်ငံထဲ ဝင်လာတယ်ဆို

ပြင်သစ် ဝန်ကြီးချုပ် မဲန်ညဲလ် ဗာ့စ် ကလည်း အကြမ်းဖက် တိုက်ခိုက်မှု မှာ ပါဝင် ပတ်သက်နေသူ တချို့ ဟာ ရွှေ့ပြောင်း ဒုက္ခသည် ပြဿနာ ကို အခွင့်ကောင်းယူ အသုံးချပြီး ပြင်သစ် နိုင်ငံထဲ ဝင်လာ ကြပါတယ်။ တချို့ လည်း ဘယ်လ်ဂျီယမ် နိုင်ငံ ထဲမှာ ရောက်နေ ကြပါပြီ။ တချို့ ကတော့ ပြင်သစ်နိုင်ငံ ထဲမှာ ရှိနေကြပြီ ဆိုတာ ကို ထပ်ပြောချင်ပါတယ် လို့ ပြောသွားပါတယ်။

ပဲရစ်မြို့မှာ အကြမ်းဖက် တိုက်ခိုက်မှု တွေ ဖြစ်ခဲ့အပြီး အခုအခါ ပြင်သစ်က ဆီးရီယား နဲ့ အီရတ်မှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ စခန်းတွေကို ဗုံးကြဲ တိုက်ခိုက်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကရော၊ ရုရှားကပါ IS တွေကို အတိုင်းအတာ အမျိုးမျိုးနဲ့ တိုက်ခိုက်နေကြပါတယ်။

ဒီတော့ IS တွေဘက် ကလည်း ဥရောပ ဒေသတွင်းနဲ့ တခြား နိုင်ငံ တွေမှာ နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှု တွေ ထပ်လုပ် လာမယ့် အန္တရာယ် မျိုးက ဖြစ်နိုင်ခြေ အများကြီး ရှိနေတယ် လို့ ဘီဘီစီ သတင်းထောက် Laurance Peter က သုံးသပ်ပါတယ်။