ရွေးကောက်ပွဲပြုလုပ်နေတဲ့ ဖားကန့်မြို့ပေါ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်

ဓာတ်ပုံ ရင်းမြစ်, Supplied
ရွေးကောက်ပွဲအပိုင်း ၃ ကျင်းပနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မဲရုံအနီးတဝိုက်နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်နေလို့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုကတော့ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့အနေအထားပေါ့။ စစ်တပ်ဘက်ကလည်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာအုပ်စုဘက်ကို ဗျူဟာကုန်းဘက်က ၁၂၀ မမ(လက်နက်ကြီး)တွေနဲ့ လှမ်းပစ်တာတွေ ရှိတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဖားကန့်ဗျူဟာကုန်းနဲ့ မဲရုံအနီးတဝိုက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်တာရှိတယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ဖားကန့်မြို့ပေါ်မှာ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရထားပြီး ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းတပ်တွေ ထိန်းချုပ်တဲ့ ဆိပ်မူကျေးရွာအုပ်စုမှာတော့ စစ်တပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သူက ပြောပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပနိုင်ရေး ကြိုပြင်တဲ့အနေနဲ့ ဖားကန့်မြို့အဝင်အထွက်တွေကို ဇန်နဝါရီ ၂၃ ရက်ညကစလို့ ဒီနေ့ အထိ ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖားကန့်မြို့ရဲ့ အဝင်၊ အထွက် နေရာတွေဖြစ်တဲ့ ပန်းတင်တံတား၊ အေးမြသာယာရပ်ကွက် ကနေ ဆိပ်မူကျေးရွာအုပ်စုဘက်ကို ပတ်ပြီးသွားလို့ရတဲ့ ဆန်းကြွယ်လမ်း၊ မြို့မရပ်ကွက်နဲ့ မရှီကထောင် ရပ်ကွက်ကို ချိတ်ထားတဲ့ သံဘောင်တံတား စတဲ့ နေရာတွေကို အသွားအလာပိတ်ထားလိုက်တယ်လို့ ဖားကန့်မြို့ခံက ပြောပါတယ်။
ဖားကန့်မြို့ပေါ် ရွေးကောက်ပွဲကျင်းပနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြို့ခံတစ်ဦးက “မြို့ပေါ်ရပ်ကွက် ၅ ခုမှာ၊ မရှီကထောင်ရပ်ကွက်ကလွဲရင် ကျန်တဲ့ ရပ်ကွက် ၄ ခုမှာ အကုန်လုံးပိတ်ချပြီးတော့ စာသင်ကျောင်းတွေမှာ ရွေးကောက်ပွဲလုပ်ဖို့ မဲရုံတွေ ပြင်ဆင်ထားတာ”လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ နှစ်ဖက် ပစ်ခတ်မှုတွေ ရှိနေတာကြောင့် မြို့ပေါ်မှာ အသွားအလာ မရှိတော့ဘဲ တိတ်ဆိတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်ထဲက ဖားကန့်၊ မံစီ၊ ရွှေကူနဲ့ မိုးမောက်မြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပေမဲ့ မံစီနဲ့ မိုးမောက်မြို့တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ပါဘူး။
ဖားကန့်နဲ့ ရွှေကူမြို့နယ်တွေမှာပဲ ရွေးကောက်ပွဲ အပိုင်း ၃ လုပ်နိုင်ပြီး ဖားကန့်မှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပါယတ်။














