ပဲရစ် တိုက်ခိုက်သူ ခေါင်းဆောင်ကို အသေဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, Reuters

ပဲရစ် တိုက်ခိုက်မှုကို ဦးဆောင် ခဲ့သူလို့ သံသယရှိတဲ့ အက်ဘ်ဒယ်ဟာမစ် အဘာယု Abdelhamid Abaaoud ဟာ ဗုဒ္ဓဟူးနေ့က ပဲရစ်မြို့ မြောက်ပိုင်းမှာ ရဲတွေ စီးနင်းမှုအတွင်း သေဆုံးသွားပြီလို့ ပြင်သစ် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ကျည်ဆန်ရာတွေ၊ ဗုံးဆန် အစအနတွေကြောင့် ရုပ်ပျက်နေတဲ့ အဘာယုရဲ့ အလောင်းကို ပဲရစ် မြောက်ပိုင်းက အခန်းထဲမှာ တွေ့ခဲ့တာပါ။

ဘယ်လ်ဂျီယံ နိုင်ငံသား ဖြစ်တဲ့ အဘာယုကို လက်ဗွေက တဆင့် ဘယ်သူဘယ်ဝါမှန်း သိခဲ့တာပါ။

ပဲရစ်မြို့ မြောက်ပိုင်း စိန့်ဒင်းနစ် ရပ်ကွက်က အဲဒီ အဆောက်အအုံကို ဗုဒ္ဓဟူးနေ့က စီးနင်းမှုအတွင်း လူ ၈ ဦးကို ဖမ်းဆီးခဲ့ပြီး အနည်းဆုံး ၂ ဦးကို အသေ ဖမ်းဆီးခဲ့ပါတယ်။ ပဲရစ်မြို့မှာ အဘာယု ရှိနေတယ် ဆိုတဲ့ သတင်းကို ရရှိပြီးနောက် ပြင်သစ် ရဲတပ်ဖွဲ့က ဝင်စီးခဲ့တာပါ။

ပဲရစ်မြို့မှာ သောကြာနေ့ တိုက်ခိုက်မှုတွေကြောင့် လူ ၁၂၉ ယောက် သေဆုံးခဲ့ရပြီး ရာနဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။

ပြင်သစ် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ၈ ယောက်မြောက် သေနတ်သမားလို့ သံသယရှိတဲ့ ဆာလာ အက်ဘ်ဒက်စလမ် Salah Abdeslam ကိုလည်း နိုင်ငံတကာက ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံသား ဆာလာဟာ နောက်ထပ် တိုက်ခိုက်သူတစ်ဦး ဖြစ်တဲ့ သူ့အစ်ကိုနဲ့အတူ ဘရပ်ဆဲလ်မြို့မှာ နေခဲ့ဖူးပြီး၊ အခုလည်း ဘယ်လ်ဂျီယံကို ပြန်ရောက်သွားပြီလို့ ယူဆ ထားကြပါတယ်။

ဘယ်လ်ဂျီယံ ရဲတွေက ဒီကနေ့ ကြာသပတေးနေ့မှာ ဘရပ်ဆဲလ်မြို့မှာ စီးနင်း ရှာဖွေမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပြီး လူတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။