တိုက်ခိုက်သူတွေ နေခဲ့တဲ့ အခန်းတွေကို ပြင်သစ် စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, Belgian Interior Ministry
ပြင်သစ် နိုင်ငံမှာ သောကြာနေ့ည တိုက်ခိုက်သူတွေ နေသွားခဲ့တယ် ဆိုတဲ့ နေရာတွေကို ပြင်သစ် ရဲတွေက ဝင်ရောက် စစ်ဆေး နေပါတယ်။
နိုင်ငံတကာက ရှာဖွေနေတဲ့ ၈ ယောက်မြောက် သေနတ်သမားလို့ သံသယ ရှိတဲ့ ဆာလာ အက်ဘ်ဒီဆလမ် Salah Abdeslam ဟာ ပဲရစ်မြို့က အခန်းတစ်ခန်းနဲ့ ဟိုတယ်ခန်း ၂ ခန်းကို ငှားရမ်း ခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ အကြမ်းဖက်သမားတွေကို ဘယ်လ်ဂျီယံကနေ ပြင်သစ်ကို သွားရောက် ခေါ်ဆောင်ရာမှာ သုံးခဲ့တယ်လို့ ယူဆရတဲ့ ကားတစ်စီးကိုလည်း ငှားရမ်းခဲ့ပြီး၊ အဲဒီ ကားကိုလည်း မှုခင်း စစ်ဆေးရေး အဖွဲ့က စစ်ဆေး နေပါတယ်။
သူ ငှားခဲ့တဲ့ ဟိုတယ်ခန်းတွေကို ရှာဖွေရာမှာ ဗုံးလုပ်ဖို့ သုံးတဲ့ ပစ္စည်းတွေလို့ ယူဆရတဲ့ ဆေးထိုးပိုက်တွေ၊ ပြွန်တွေကို တွေ့ကြရပါတယ်။
၁၂၉ ယောက် သေဆုံးခဲ့ရတဲ့ သောကြာနေ့ ပဲရစ် တိုက်ခိုက်မှုကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က သူတို့ လုပ်ခဲ့တာလို့ ပြောထားပါတယ်။
အစောပိုင်းကတော့ ပြင်သစ် လုံခြုံရေး အင်အား ၁ သိန်း ၁ သောင်း ၅ ထောင်ကို အစောင့်ချထား လိုက်တယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve က ပြောခဲ့ပါတယ်။
လွတ်မြောက်နေတဲ့ ဆာလာ အက်ဘ်ဒီဆလမ် Salah Abdeslam ဟာ သူ့ဇာတိဖြစ်တဲ့ ဘယ်လ်ဂျီယံကို ထွက်ပြေး ရောက်ရှိသွားပြီလို့ ယူဆ နေကြပါတယ်။ သူ့ကို ရှာဖွေရာမှာ သတင်းပေးနိုင်ဖို့ ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က သူ့ဓာတ်ပုံကို ထုတ်ပြန်ထားပါတယ်။




