နယ်စပ် စည်းရိုးခတ်ဖို့ စလိုဗေးနီးယား ခြိမ်းခြောက်

ဓာတ်ပုံ ရင်းမြစ်, AP
ရွှေ့ပြောင်းသူတွေကို ခွဲဝေ လက်ခံဖို့ တနင်္ဂနွေနေ့က သဘောတူခဲ့တဲ့ အီးယူရဲ့ အစီအစဉ်ကို တကယ် အကောင်အထည် မဖော်ဘူး ဆိုရင် စလိုဗေးနီးယား နိုင်ငံက သူ့ရဲ့ နယ်စပ်ကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။
ဟန်ဂေရီနဲ့ ခရိုအေးရှား နယ်စပ်ကို ဟန်ဂေရီဘက်က ပိတ်ပစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၁၀ ရက် အတွင်းမှာ ရွှေ့ပြောင်းသူ ၈ သောင်း ၅ ထောင်လောက် စလိုဗေးနီးယား နိုင်ငံထဲကို ဝင်ရောက် လာခဲ့ကြတာပါ။
ဟန်ဂေရီ မြောက်ဘက်က သြစတြီးယား နိုင်ငံကလည်း သူ့ရဲ့ နယ်စပ် စည်းရိုးတွေကို ပိုမို လုံခြုံအောင် ဆောင်ရွက် နေပါတယ်။
ဆောင်းရာသီ ဝင်ရောက်မယ့် အချိန် နီးကပ် လာသည့်တိုင် ရွှေ့ပြောင်းသူတွေ ဝင်လာတဲ့ နှုန်းက လျော့ကျ သွားခြင်း မရှိပါဘူး။
အခုချိန် အထိ ဒီနှစ်အတွင်းမှာ ရွှေ့ပြောင်းသူ ၇ သိန်းကျော် ဥရောပတိုက်ကို ရောက်ရှိခဲ့ပြီး ဖြစ်တယ်လို့ ကုလ သမဂ္ဂက ခန့်မှန်း ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘောလ်ကန်ဒေသ နိုင်ငံတွေမှာ ရွှေ့ပြောင်းသူ ၅ သောင်းကို ထပ်မံ လက်ခံနိုင်မယ့် ကယ်ဆယ်ရေး စခန်းတွေ ဆောက်လုပ်ဖို့ အီးယူ နိုင်ငံတွေ သဘောတူ ထားခဲ့ကြပါတယ်။
အင်္ဂါနေ့ကတော့ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်လ် တက်စ်က ရွှေ့ပြောင်းသူ ပြဿနာဟာ ဥရောပရဲ့ စုဖွဲ့မှုကို ခြိမ်းခြောက် နေပြီလို့ သတိပေး ခဲ့ပါတယ်။




