ရွှေ့ပြောင်းသူ ၁ သိန်းအတွက် ဒုက္ခသည်စခန်းတွေ ဖွင့်မယ်

ဓာတ်ပုံ ရင်းမြစ်, AP
ဘရပ်ဆဲလ် မြို့မှာ ကျင်းပတဲ့ အီးယူ ခေါင်းဆောင် တွေရဲ့ အရေးပေါ် ထိပ်သီး အစည်းအဝေး ကနေ သဘောတူညီချက် အရ နောက်ထပ် ရွှေ့ပြောင်း ဝင်ရောက်သူ ၁ သိန်း အတွက် ဒုက္ခသည် လက်ခံရေး စခန်းတွေ ဖွင့်လှစ် ပေးသွားမှာ ဖြစ်ပါတယ်။
အရေအတွက် တိုးပွား လာနေတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို အီးယူ နိုင်ငံ ၁၁ နိုင်ငံက ခေါင်းဆောင်တွေနဲ့ အီးယူ မဟုတ်တဲ့ နိုင်ငံ ၃ နိုင်ငံတို့ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ဂရိ နိုင်ငံကို ရွှေ့ပြောင်းသူ ၉ ထောင်ကျော် နေ့စဉ် ဝင်ရောက် ခဲ့ကြပြီး အဲဒီနှုန်းဟာ တစ်နှစ်အတွင်း အမြင့်မားဆုံး ဖြစ်ပါတယ်။
ဘရပ်ဆဲလ် သဘောတူညီချက် အရ ဂရိ နိုင်ငံ အနေနဲ့ အခု နှစ်ကုန်မှာ ရွှေ့ပြောင်းသူ ၃ သောင်းကို နေရာပေး လက်ခံဖို့ ကြိုဆိုရေး စခန်းတွေ ဖွင့်လှစ် သွားမှာပါ။
တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ ကလည်း ရွှေ့ပြောင်းသူ ၂ သောင်းအတွက် ဂရိမှာ နေရာ ပေးသွားမယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းသူတွေ အဓိက ဝင်ရောက်ရာ လမ်းကြောင်းပေါ်မှာ ရှိတဲ့ ဘော်လ်ကန် ဒေသ နိုင်ငံတွေကတော့ လူ ၅ သောင်း အတွက် နေရာပေး လက်ခံသွားမှာ ဖြစ်ပါတယ်။




