သောင်တင်နေတဲ့ ဒုက္ခသည်တွေကို ဆလိုဗေးနီးယား ဝင်ခွင့်ပေး

ခရိုအေးရှား နဲ့ နယ်စပ်မှာ စုပုံ နေတဲ့ ဒုက္ခသည် ၅ ထောင် ဝန်းကျင် ကို သူတို့ နိုင်ငံထဲ ဝင်ခွင့် ပြုမယ် လို့ ဆလိုဗေးနီးယား က ဆိုလာပါတယ်။
ဆီးရီးယား ဒုက္ခသည် အများစု ဖြစ်ပုံ ရတဲ့ ရွှေ့ပြောင်းသူတွေ ဟာ လေဟာပြင် ရွှံနွံ တွေ ထဲ ယာယီတဲ တွေ နဲ့ စိုစိုစွတ်စွတ် ဖြစ်သလို နေနေ ခဲ့ရပါတယ်။
အစောပိုင်းတုန်းကတော့ ဘော်လ်ကန်ဒေသ နိုင်ငံတွေ ရဲ့ နယ်ခြား ဝင်ပေါက် ထွက် နေရာတွေ မှာ ထောင်ပေါင်း များစွာသော ရွှေ့ပြောင်း သူတွေ သောင်တင် နေကြရတဲ့ အခြေအနေ အပေါ် သက်ဆိုင်ရာ နိုင်ငံတွေ ရဲ့ အစိုးရ တွေ က အပြန်အလှန် အပြစ်ဖို့ နေကြ ပါတယ်။
ဆလိုဗေးနီးယား ထဲကို ခရိုအေးရှား ကနေ တဆင့် ဝင်လာ တဲ့ လူစီးကြောင်း ကြီးကို ထိန်းချုပ် ပေးပါ ဆိုတဲ့ တောင်းဆိုမှု ကို ခရိုအေးရှား အစိုးရ က မျက်ကွယ်ပြု ထားတယ် လို့ ဆလိုဗေးနီးယား အာဏာပိုင် တွေ က စွပ်စွဲ နေပါတယ်။
တခါ၊ ခရိုအေးရှား နိုင်ငံ ကလည်း ဆာဘီးယား နဲ့ နယ်ခြား တနေရာ ကို ဖွင့် ပေးလိုက် လို့ အဲဒီ့နေရာ မှာ စောင့်နေကြတဲ့ လူ ၂ ထောင် ကျော် ဟာ ခရိုအေးရှား ထဲ အပြေးအလွှား ဝင်ရောက် လာကြ ပါတယ်။
ဒီအချိန်မှာပဲ ဂျာမနီ နိုင်ငံ မှာတော့ ပေဂီးဒါး လို့ ခေါ်တဲ့ နိုင်ငံခြားသား ဝင်ရောက်မှု ဆန့်ကျင်တဲ့ လှုပ်ရှားမှု စတင် ခဲ့တဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဒရက်စ်ဒဲန် မြို့မှာ လူ ၂ သောင်း ဝန်းကျင် ချီတက် လမ်းလျှောက် ခဲ့ကြ ပါတယ်။
အစ္စလာမ် ဆန့်ကျင် ရေး ဓာတ်ပုံ တွေ စာသားတွေ ပါဝင် တဲ့ ပိုစတာ တွေ လည်း ကိုင်ဆောင် ထားကြပါတယ်။
ဒရက်စ်ဒဲန် မြို့မှာပဲ ဒုက္ခသည်တွေ ကို ကြိုဆို ထောက်ခံတဲ့ တန်ပြန် ချီတက် လမ်းလျှောက်ပွဲ တစ်ရပ် လည်း ပြုလုပ် လာတာမှာ လူ ၇ ထောင် ဝန်းကျင် ပူးပေါင်း ပါဝင် ခဲ့ကြ ပါတယ်။








