ရွှေ့ပြောင်းသူအရေးက အီးယူ စုဖွဲ့မှုကို ခြိမ်းခြောက်နေ

ဓာတ်ပုံ ရင်းမြစ်, AFP
ရွှေ့ပြောင်း ဝင်ရောက်သူတွေ အရေးဟာ ဥရောပ သမဂ္ဂရဲ့ စုဖွဲ့မှုကို ခြိမ်းခြောက် နေတယ်လို့ ဥရောပ ကောင်စီ ဥက္ကဋ္ဌက သတိပေး လိုက်ပါတယ်။
ဒီပြဿနာဟာ အီးယူအတွက် ဆယ်စုနှစ် တစ်ခုအတွင်း အကြီးဆုံး စိန်ခေါ်မှု ဖြစ်တယ်လို့ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တက်စ်က ဥရောပ ပါလီမန်မှာ ပြောပါတယ်။
ဥရောပ ပါလီမန် ဥက္ကဋ္ဌ မာတင် ရှို့စ် ကလည်း အီးယူ အဖွဲ့ဝင် နိုင်ငံတွေဟာ ရွှေ့ပြောင်းသူ ပြဿနာကို အဖွဲ့အစည်း အနေနဲ့ ဖြေရှင်းဖို့ထက် အမျိုးသားရေး အကျိုးစီးပွားကိုသာ ရှေ့တန်း တင်ကြတယ်လို့ စွပ်စွဲ ခဲ့ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီရဲ့ အဆိုအရ အခုနှစ်အတွင်း ရွှေ့ပြောင်း ဝင်ရောက်သူပေါင်း ၇ သိန်းကျော် ဥရောပကို ရောက်ရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
အသစ် ထပ်မံ ဝင်ရောက် လာနေတဲ့ ရွှေ့ပြောင်းသူတွေကို ကိုင်တွယ်ဖို့ အာဏာပိုင်တွေ အခက်အခဲ ကြုံနေကြရချိန်မှာ အီးယူ ခေါင်းဆောင်တွေ အချင်းချင်း ဒေါသတကြီး စွပ်စွဲ ပြောဆိုမှုတွေ အပြန်အလှန် ပြုလုပ် ခဲ့ကြပါတယ်။




