ယီမင် မြို့တော်က ဗလီမှာ အသေခံ ဗုံးခွဲ၊ ၂၅ ဦးသေ

ဓာတ်ပုံ ရင်းမြစ်, AFP
ယီမင် နိုင်ငံ မြို့တော် ဆာနားမှာ ရှိတဲ့ ဗလီ တစ်ခုမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။
အိဒ်ပွဲတော်နေ့ ရုံးပိတ်ရက်မှာ ဟွတ်သီ သူပုန်တွေ ထိန်းချုပ် ထားတဲ့ ဆာနားမြို့က Al-Balili ဗလီအတွင်း ဝတ်ပြုသူတွေ ရှိနေစဉ် ဗုံး ၂ လုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ကတည်းက ဆော်ဒီ နိုင်ငံမှာ ပုန်းရှောင်နေတဲ့ ယီမင် သမ္မတ Abdrabbuh Mansour Hadi အေဒင်မြို့ကို ပြန်လည် ရောက်ရှိပြီး ၂ ရက် အကြာမှာ ဒီတိုက်ခိုက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ယီမင် သမ္မတကို ကူညီ တိုက်ခိုက် ပေးနေတဲ့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ဟာ တောင်ပိုင်းက အေဒင်မြို့ကို ဟွတ်သီ သူပုန်တွေ လက်ထဲကနေ ပြန်လည် သိမ်းယူ နိုင်ခဲ့ပေမယ့် မြို့တော် ဆာနား ကိုတော့ ဟွတ်သီတွေက ထိန်းချုပ် ထားဆဲ ဖြစ်ပါတယ်။
မတ်လကနေ ခုချိန်အထိ မြေပြင်နဲ့ ဝေဟင် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ထောင်ကျော် အပါအဝင် လူ ၅ ထောင် နီးပါး သေဆုံးခဲ့ပြီလို့ ကုလ သမဂ္ဂက ပြောပါတယ်။




