ဆီးရီးယားကို စစ်ရေးအကူအညီ ဆက်ပေးမယ်လို့ ရုရှားဆို

ဓာတ်ပုံ ရင်းမြစ်, AP
ဆီးရီးယား စစ်ပွဲမှာ ရုရှားရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာ နေချိန်မှာပဲ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဆီးရီးယား သမ္မတ ဘာရှား အာဆတ် အတွက် စစ်ရေး အကူအညီတွေ ဆက်လက် ထောက်ပံ့ သွားမယ်လို့ ကတိပြု ပြောဆို လိုက်ပါတယ်။
ဒါ့အပြင် တခြား နိုင်ငံတွေကိုလည်း ရုရှားနဲ့ ပူးပေါင်းပြီး ဆီးရီးယားကို စစ်ရေး အကူအညီ ပေးဖို့ မစ္စတာ ပူတင်က တိုက်တွန်း လိုက်ပါတယ်။
ဆီးရီးယား အစိုးရကို ရုရှားကသာ မထောက်ပံ့ခဲ့ရင် ဥရောပကို ဝင်လာမယ့် ဒုက္ခသည် အရေအတွက်က အခုထက် များလိမ့်မယ်လို့ မစ္စတာ ပူတင်က ဆိုပါတယ်။
အမေရိကန်နဲ့ အနောက် မဟာမိတ်တွေက ဆီးရီးယား သမ္မတ အာဆတ်ကို ဆန့်ကျင်ကြပြီး အာဆတ်ကို ထောက်ပံ့တာဟာ စစ်ပွဲကို ကြာရှည် စေတယ်လို့ ပြောကြပါတယ်။
ဒါပေမယ့် မော်စကိုကတော့ ၂၀၁၁ က စခဲ့တဲ့ ဆီးရီးယား စစ်ပွဲ တလျှောက်မှာ မစ္စတာ အာဆတ်ရဲ့ အဓိက မဟာမိတ် ဖြစ်နေခဲ့ပါတယ်။




