ပါ​ရီ​ရ​ထားပေါ်​က သေနတ်သမား အစွန်း​ရောက်​အဖွဲ့​တွေ နဲ့ အဆက်​အစပ်ရှိ

ayoub_el-khazzani

ဓာတ်ပုံ ရင်းမြစ်, .

ဓာတ်ပုံ ပုံစာ, အသက် ၂၅ နှစ် အရွယ် မော်ရိုကဲန် အမျိုးသား Ayoub El-Khazzani ဟာ တူရကီ ကို လောလော လတ်လတ် က မှ ခရီးထွက် ထားသူ ဖြစ်။

ပြင်သစ် နိုင်ငံ မြို့တော် ပါရီကို လာတဲ့ အမြန်ရထား ပေါ် မှာ ပြီးခဲ့တဲ့ သီတင်းပတ် က ခရီးသည်တွေ ဝိုင်းဝန်း ဖမ်းဆီး ခဲ့ရတဲ့ အကြမ်းဖက် သမား ဟာ အစ္စလာမ် ဘာသာရေး အစွန်းရောက် ဝါဒ နဲ့ အဆက်အစပ် ရှိသူ ဖြစ်တယ်လို့ ပြင်သစ် အစိုးရ ရှေ့နေတွေ က ပြောပါတယ်။

အသက် ၂၅ နှစ် အရွယ် မော်ရိုကဲန် အမျိုးသား Ayoub El-Khazzani ဟာ တူရကီ ကို လောလော လတ်လတ် က မှ ခရီးထွက် ထားသူ ဖြစ် တယ်လို့ လည်း ဆိုပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS အပါအဝင် တခြား ဘာသာရေး အခြေခံ ဝါဒီ လက်နက်ကိုင် တွေ ထကြွ နေကြတဲ့ ဆီးရီးယား နိုင်ငံ ထဲ ကို ဝင်ရောက် လို သူတွေ ဟာ တူရကီ ကနေ သွားလေ့ ရှိကြ ပါတယ်။

Ayoub El-Khazzani ဟာ ရထားပေါ် မှာ လူ အမြောက်အများ ကို သတ်ဖြတ် ဖို့ ကြံရွယ် ထားသူ ဖြစ်တယ် ဆိုတဲ့ အချက် ဟာ ထင်ရှား ပြီး အခုဆို စုံစမ်း စစ်ဆေးမှု တစ်ရပ် ကို တရားဝင် စတင် နေပြီ ဖြစ်တယ် လို့ ပြင်သစ် အစိုးရ ရှေ့နေ ဖရော်န်ဆွာ မိုလန်း က ပြောပါတယ်။

သူ့ရဲ့ မအောင်မြင်ခဲ့တဲ့ တိုက်ခိုက်မှု ကျူးလွန် ကာနီး အချိန် အထိ သူဟာ အကြမ်းဖက် ဖို့ လှုံ့ဆော် တဲ့ ဘာသာရေး အစွန်းရောက် ဗီဒီယို ကို အင်တာနက် ပေါ် ကနေ ကြည့် ခဲ့ သူ ဖြစ်တယ် ဆိုပြီး ပါရီ မြို့တော် မှာ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ အစိုးရ ရှေ့နေ မိုလန်း က ပြောပါတယ်။

El-Khazzani ဟာ သူ ကိုင်ဆောင် ထားခဲ့တဲ့ လက်နက် ခဲယမ်း တွေ ကို အမှိုက် ပုံး တစ်ခု ထဲ ကနေ ကောက်တွေ့ ပြီး ရထားပေါ် မှာ ဓားပြ တိုက် ဖို့ သက်သက် ပဲ ကြံရွယ် ခဲ့သူ ဖြစ်တယ် ဆိုတဲ့ ပြောဆိုမှု တွေ ကိုလည်း အစိုးရ ရှေ့နေ တွေက ပယ်ချ လိုက် ပါတယ်။

El-Khazzani ဟာ ကျည် တောင့် ၂၇၀ ပါ ချေမှုန်းရေး ရိုင်ဖယ် အပြင်၊ ၉ မမ ပစ္စတို တစ်လက် နဲ့ အတူ ဓာတ်ဆီပုလင်း နဲ့ ဓား အသေးစား တစ်လက် တို့ ကို လည်း ကိုင်ဆောင် ထားတယ် လို့ မစ္စတာ မိုလန် က ဆိုပါတယ်။

အဲဒီ့ ပါရီ ရထား အဖြစ်အပျက် ပေါ်ပေါက် လာ ပြီး မှာပဲ ဥရောပ တလွှားက ရထား ဘူတာ ရုံ တွေ မှာ လုံခြုံရေး ရည်ရွယ်ချက် နဲ့ သံထည် ပစ္စည်း တွေ ကို ရှာဖွေ ထောက်လှမ်း နိုင် တဲ့ စက် တွေ တပ်ဆင် နိုင် မယ့် နည်းလမ်း တွေ ကို ဥရောပသမဂ္ဂ အီးယူ အဖွဲ့ ရဲ့ အရာရှိ တွေ လေ့လာ နေကြပါတယ်။

အဲဒီလို စက်တွေ အပြင် အမြန် ရထား တွေ နဲ့ မြို့ကြီး တွေ တစ်မြို့နဲ့ တစ်မြို့ ကြား ခုတ်မောင်း တဲ့ ရထား တွေ တိုင်း မှာ CCTV လို့ ခေါ်တဲ့ လုံခြုံရေး ကင်မရာ တွေ မတပ် မနေရ တပ်ဆင် ရမယ့် ဥပဒေ တစ်ရပ် ကို လည်း ပြဌာန်း လာ နိုင်ဖွယ် ရှိ ပါတယ်။

လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင် သူတွေ နဲ့ အီးယူ နိုင်ငံတွေ ရဲ့ ပို့ဆောင်ရေး ဝန်ကြီး တွေ ဟာ မကြာခင် သီတင်းပတ် တွေ အတွင်း အသေးစိတ် အစီအစဉ် တွေ ကို ဆွေးနွေး ကြပါလိမ့်မယ်။