ပြင်သစ်က လီယွန်မြို့အနီးမှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, AFP
ပြင်သစ် နိုင်ငံ အရှေ့တောင်ပိုင်း လီယွန်မြို့ အနီးမှာရှိတဲ့ ဓာတုပစ္စည်းထုတ် စက်ရုံတခုမှာ အစ္စလာမ်မစ် တိုက်ခိုက်မှုလို့ ယူဆရတဲ့ တိုက်ခိုက်မှုမှာ လူ တဦး ခေါင်းဖြတ်ပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။
အခု အဲဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မသင်္ကာသူတွေကို ရဲက စစ်ဆေးမေးမြန်းနေပြီဖြစ်ပါတယ်။
ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဘာနားကဇ်နဗ်က သံသယ ရှိသူတဦးကို စစ်ဆေး မေးမြန်းနေပြီဖြစ်ကြောင်းပြောပါတယ်။
အဲဒီလူဟာ အသက် ၃၅ နှစ်အရွယ်ဖြစ်ပြီး အခင်းဖြစ်ရာမှာဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အခု သံသယရှိသူကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက ရဲက ၂ နှစ်လောက် စောင့်ကြည့်နေခဲ့တာဖြစ်ကြောင်း ဒါပေမယ့် သူ့မှာ ဘာ ရာဇဝတ် မှတ်တမ်းမျိုးမှ မရှိတဲ့အကြောင်းလည်း ပြောပါတယ်။
ပြင်သစ်မီဒီယာတွေမှာတော့ အဲ့ဒီ အခင်းဖြစ်ပွားခဲ့တဲ့ စက်ရုံရှိရာက အတားအဆီးတွေကိုလူတချို့ လိုက်ပါလာတဲ့ ကားတစင်းက ဝင်တိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ ပေါက်ကွဲသံတွေကြားခဲ့ရတာဖြစ်တယ်လို့ဆိုကြပါတယ်။
သတ်ဖြတ်ခံခဲ့ရသူရဲ့ခေါင်းမှာအာရပ်စာတွေရေးသားပြီး ခြံစည်းရိုးပေါ်မှာ ချိတ်ထားခဲ့တယ်လို့လည်း တချို့သတင်းတွေမှာဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပြင်သစ် သမ္မတ ဖရန်ဆွာအိုလောန်းကတော့ အခု တိုက်ခိုက်မှုဟာ စက်ရုံကို ဖောက်ခွဲဖို့ အတွက် ရည်ရွယ်ခဲ့တာ ဖြစ်ကြောင်း အကြမ်းဖက် တိုက်ခိုက်မှုတခု ဖြစ်တဲ့အကြောင်း ပြောကြားသွားခဲ့ပါတယ်။








