တပ်ဖွဲ့တွေ စစ်ပြင်ထားဖို့ မြောက်ကိုရီးယား အမိန့်ထုတ်

ဓာတ်ပုံ ရင်းမြစ်, epa
တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက သူ့ရဲ့ ရှေ့တန်း တပ်ဖွဲ့တွေကို စစ်ပြင်ထားကြဖို့ အမိန့်ပေးခဲ့ကြောင်း မြောက်ကိုရီးယား သတင်းဌာနက ပြောပါတယ်။
ကြာသပတေးနေ့က ပြုလုပ်တဲ့ အရေးပေါ် အစည်းအဝေးမှာ မစ္စတာ ကင်က စစ်ပွဲကာလကို ခရီးတဝက် ရောက်နေပြီလို့ ကြေညာခဲ့ကြောင်း KCNA သတင်းဌာနက ဆိုပါတယ်။
တောင်ကိုရီးယား ဘက်က အသံချဲ့စက်တွေနဲ့ ပြုံယမ်း ဆန့်ကျင်ရေး ထုတ်လွှင့်မှုတွေကို မရပ်ဆိုင်းဘူး ဆိုရင် တိုက်ခိုက်ရလိမ့်မယ် လို့လည်း မြောက်ကိုရီးယားက ခြိမ်းခြောက် ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အရင်ကလည်း တင်းမာမှုတွေ ရှိလာတိုင်း အခုလို ပြင်းပြင်းထန်ထန် ပြောဆို ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် တိုက်ဖို့ ခိုက်ဖို့ အခုတကြိမ် ပြောဆို ခြိမ်းခြောက်မှုက အရင် အကြိမ်တွေထက် ပိုပြင်းထန်တယ်လို့ တောင်ကိုရီးယားက ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
မြောက်ကိုရီးယား တပ်ဖွဲ့တွေကို ဒေသစံချိန် သောကြာနေ့ ညနေ ၅ နာရီက စပြီး စစ်ဆင်ရေးအတွက် အသင့်ပြင်ထားဖို့ ကင်ဂျုံအန်းက အမိန့်ပေးခဲ့တယ်လို့ KCNA သတင်းဌာနက ပြောပါတယ်။
အသံချဲ့စက်တွေနဲ့ ပြုံယမ်း ဆန့်ကျင်ရေးတွေ ထုတ်လွှင့်နေတဲ့ နေရာ ၁၁ ခုဟာ မြောက်ကိုရီးယားရဲ့ ပစ်မှတ်တွေ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား ဒုတိယ ကာကွယ်ရေး ဝန်ကြီး Baek Seung-joo က ပြောပါတယ်။
တောင်ကိုရီးယား သတင်းဌာန Yonhap ကတော့ မြောက်ကိုရီးယားဟာ ဒုံးကျည်တွေနဲ့ ပစ်လွှတ် တိုက်ခိုက်ဖို့ ပြင်ဆင်နေပုံ ရတယ်လို့ ဆိုပါတယ်။








