ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်

တောင်နဲ့ မြောက် နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုတွေ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း အကြိမ်အချို့ ဖြစ်ပွားခဲ့။

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, တောင်နဲ့ မြောက် နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုတွေ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း အကြိမ်အချို့ ဖြစ်ပွားခဲ့။

တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့ပြီးနောက် တောင်ကိုရီးယား အစိုးရက နယ်စပ်အနီး အနောက်ဘက်ပိုင်း ဒေသတစ်ခုက နေထိုင်သူတွေကို ဘေးလွတ်ရာ ခိုလှုံကြဖို့ အမိန့် ထုတ်လိုက်ပါတယ်။

ဒီကနေ့ ကြာသပတေးနေ့မှာ မြောက်ကိုရီးယား ဘက်က ဒုံးကျည် တစ်ခုနဲ့ စတင် ပစ်ခတ် ခဲ့တဲ့အတွက် တောင်ကိုရီးယား ဘက်ကလည်း အမြောက်ကျည် အများအပြားနဲ့ ပြန်လှန် ပစ်ခတ် ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယားက အမျိုးသား လုံခြုံရေး ကောင်စီကို အရေးပေါ် ခေါ်ယူဖို့လည်း ရှိနေပါတယ်။

တောင်နဲ့ မြောက် ကိုရီးယား နယ်စပ်ရဲ့ အနောက်ဘက်ပိုင်းက ပင်လယ်ရေပြင် နယ်ခြားစည်း တဝိုက်ဟာ နှစ်နိုင်ငံ မကြာခဏ ပြဿနာ ပေါ်ပေါက်ရာ ဒေသ ဖြစ်ပါတယ်။

သတင်းတွေအရ မြောက်ကိုရီးယား ဘက်ကို အသံချဲ့စက်နဲ့ ဆန့်ကျင် ဝါဒဖြန့်မှုတွေ ပြုလုပ်နေတဲ့ တောင်ကိုရီးယားရဲ့ ယွန်ချွန်း မြို့ဆီကို မြောက်ကိုရီးယား ဘက်က ချိန်ရွယ်ပြီး စတင် ပစ်ခတ် ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် ဒုံးကျည် စတင် ပစ်လွှတ်ရာ နေရာဘက်ကို တောင်ကိုရီးယားက အမြောက်ဆန် ဒါဇင်အချို့ ပြန်လှန် ပစ်ခတ် ခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေး ဌာနက ပြောပါတယ်။

နှစ်ဘက် ထိခိုက် ဒဏ်ရာရတဲ့ သတင်းတွေကိုတော့ မသိရှိရသေးပါဘူး။

၁၉၅၃ ခုနှစ်က ကိုရီးယား စစ်ပွဲ ပြီးဆုံးခဲ့တဲ့ စာချုပ်ဟာ စစ်ဆိုင်းငံ့တဲ့ စာချုပ်သာ ဖြစ်ပြီး စစ်ပြေငြိမ်းရေး စာချုပ် မဟုတ်တဲ့ အတွက် တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံဟာ အခုထိ စစ်ဖြစ်နေဆဲ အခြေအနေမှာ ရှိနေဆဲလို့ ဆိုနိုင်ပါတယ်။