ကုန်သွယ်ရေးပိတ်ဆို့မှု ဖယ်ရှားပေးဖို့ ယူအက်စ်ကို ကျူးဘား တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, EPA
ကျူးဘား နိုင်ငံ ဟာဗားနား မြို့တော် မှာ ဩဂုတ်လ ၁၄ ရက် သောကြာနေ့ က အမေရိကန် သံရုံး ကို ပြန်လည် ဖွင့်လှစ် ခဲ့ပြီးတဲ့ နောက် အမေရိကန် အနေနဲ့ ကျူးဘား အပေါ် ကုန်သွယ်ရေး ပိတ်ဆို့ ထားမှု တွေ ကို အလုံးစုံ ဖယ်ရှား ပေးပါ ဆိုပြီး ကျူးဘား အာဏာပိုင်တွေ က တောင်းဆို လိုက်ပါတယ်။
နှစ်နိုင်ငံကြား ဆက်ဆံရေး ကို အပြည့်အဝ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် ကို ကြီးကြပ်ဖို့ ပူးတွဲ ကော်မရှင် တစ်ရပ် ဖွဲ့စည်း ထားရှိမယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ကျူးဘား နိုင်ငံခြားရေး ဝန်ကြီး ဘရူနို ရော့ဒရီးဂတ်စ် တို့ က ကြေညာ ခဲ့ပါတယ်။
အမေရိကန် ပိတ်ဆို့မှု ကြောင့် ကျူးဘား ရဲ့ စီးပွားရေး နစ်နာ ခဲ့ရတာတွေ အတွက် လျော်ကြေး အနေနဲ့ရော ကျူးဘားရဲ့ အချုပ်အခြာ အာဏာကို လေးစားတဲ့ အနေနဲ့ရော ဂွမ်တာနာမို ပင်လယ်အော် ဒေသ ကို ကျုးဘား နိုင်ငံဆီ ပြန်လည် ပေးအပ် ပါ ဆိုပြီး တော့လည်း ကျူးဘား နိုင်ငံခြားရေး ဝန်ကြီး ရော့ဒရီးဂတ်စ် က တိုက်တွန်း လိုက် ပါတယ်။
၂ နိုင်ငံလုံး အနေနဲ့ စိုးရိမ်မှု ရှိနေတဲ့ အခန်းကဏ္ဍ ထဲ မှာ လူ့အခွင့်အရေး နဲ့ မူးယစ်ဆေးဝါး ပြဿနာ တွေ ပါဝင် နေပြီး၊ ဟာဗားနား မှာ အမေရိကန် သံရုံး ပြန်လည် ဖွင့်လှစ် နိုင်လိုက် နိုင်တာဟာ လုပ်သင့် လုပ်ထိုက် ခဲ့တာ ကြာနေပြီ ဖြစ်တဲ့ ခြေလှမ်း တစ်ရပ် ပဲ လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီ က ပြောပါတယ်။
စစ်အေးခေတ် အထွဋ်အထိပ်အချိန် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် က ဟားဗာနား က အမေရိကန် သံရုံး ကို ပိတ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ကျူးဘား နဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်တာ ဟာ သမ္မတ အိုဘားမား ဖော်ဆောင်ဖို့ ရည်မှန်း ထားတဲ့ အဓိက နိုင်ငံခြားရေး မူဝါဒ တစ်ရပ်ပဲ ဖြစ်ပါတယ်။
ကျူးဘား ကို အထီးကျန် ထားခဲ့တာဟာ ကျူးဘား ကွန်မြူနစ် အစိုးရ ကို ပြုပြင် ပြောင်းလဲရေး တွေ လုပ်ဆောင် လာဖို့ မဖြစ် စေခဲ့ဘူး လို့ ဝန်ကြီး ကယ်ရီက ပြောခဲ့ သလို၊ အခု အချိန် ဟာ ထိတွေ့ဆက်ဆံ ရမယ့် အချိန် ဖြစ်တယ် လို့လည်း ဆိုပါတယ်။




