IS ချေမှုန်းရေး တူရကီနဲ့ အမေရိကန် ပူးပေါင်း

ဓာတ်ပုံ ရင်းမြစ်,
ဆီးရီးယား မြောက်ပိုင်းက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ကို တူရကီ နဲ့ ပူးပေါင်းပြီး စစ်ရေး အရ အရှိန်တိုးမြှင့် ကိုင်တွယ် ကြဖို့ တူရကီ အစိုးရ နဲ့ ဆွေးနွေး နေတယ် လို့ အမေရိကန် ပြည်ထောင်စု က အတည်ပြု ပြောကြား ပါတယ်။
တူရကီ နဲ့ ဆီးရီးယား နယ်စပ် တလျှောက် မှာ IS တပ် တွေ ကင်းစင် အောင် ဆောင်ရွက် ဖို့ ၂ နိုင်ငံကြား သဘောတူ နိုင် ခဲ့တယ် ဆိုပြီး အမေရိကန် ဘက်က တာဝန်ရှိသူ တချို့ က အစောပိုင်းတုန်း က ပြောထား ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာန ရဲ့ ပြောခွင့် ရ ဂျွန်ကာဘီ ကလည်း စစ်ရေး အရ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက် မှု ဟာ လောလောဆယ် မှာ တူရကီ နယ်စပ် ဒေသ မှာ အာရုံစိုက် မှာ ဖြစ်ပေမယ့် စစ်ရေး မဟာဗျူဟာ နဲ့ ပတ်သက်ပြီး ဆွေးနွေး မှု ကတော့ အစပျိုး ကာစ ပဲ ရှိသေးတယ် လို့ ဆိုပါတယ်။
အခု လို IS ဆန့်ကျင် ရေး ထဲ မှာ စစ်ရေး အရ တူရကီ ပူးပေါင်း ဆောင်ရွက် လာဖို့ အတွက် အီရတ် မြောက်ပိုင်း က ကာ့ဒ် တပ်ဖွဲ့ တွေ ကို တူရကီ က တိုက်ခိုက် တာ ကို အမေရိကန် က ခွင့်ပြု ပေး ခဲ့တာ ဖြစ်တယ် ဆိုတဲ့ ဝေဖန် သုံးသပ် ချက် တွေ ကိုတော့ မစ္စတာ ကာဘီ က ငြင်းဆို ခဲ့ ပါတယ်။
အခု ဆို ဆီးရီးယား ထဲ က IS တွေ ကို တိုက်ခိုက် နေတဲ့ ကာ့ဒ် တပ်ဖွဲ့ တွေ ကပါ သူတို့ ရဲ့ နေရာ တွေ ကို တူရကီ က တိုက်ခိုက် လာတယ် လို့ ပြောနေ ကြပါတယ်။




