ကာ့ဒ်တပ်ဖွဲ့တွေကို တိုက်ခိုက်တယ်လို့ တူရကီကို စွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယား နိုင်ငံမှာ IS အစ္စလမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ကာ့ဒ် တပ်ဖွဲ့တွေက သူတို့ကို တူရကီက တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
ဆီးရီးယား မြောက်ပိုင်း ကိုဘာနီ မြို့အနီးမှာ ရှိတဲ့ ကာ့ဒ် တပ်ဖွဲ့တွေကို တူရကီ သံချပ်ကာ ကားတွေက အမြောက်နဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တယ်လို့ ကာ့ဒ်တွေဘက်က ပြောပါတယ်။
အီရတ် မြောက်ပိုင်းမှာ ရှိတဲ့ PKK ကာ့ဒ် တပ်ဖွဲ့တွေကို တိုက်ခိုက် ခဲ့တယ်လို့ ဝန်ခံထားတဲ့ တူရကီဟာ ဆီးရီးယားထဲက ကာ့ဒ်တွေကိုတော့ မတိုက်ခဲ့ကြောင်း ပြောဆိုပြီး အဲဒီ စွပ်စွဲမှုတွေကို စုံစမ်း စစ်ဆေး နေပါတယ်။
တစ်ချိန်တည်းမှာပဲ တူရကီဟာ ဆီးရီးယား မြောက်ပိုင်းက IS တွေကို ရှင်းလင်းရေးအတွက် အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူ လိုက်တယ်လို့ သတင်းတွေ ရရှိပါတယ်။
ရည်ရွယ်ချက်ကတော့ ဒေသတွင်း လုံခြုံရေးအတွက် တူရကီက ဆီးရီးယားနဲ့ နယ်စပ် တလျှောက်မှာ ကြားခံနယ် တည်ဆောက်သွားဖို့ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။




