MH17 အမှု၊ ကုလ ခုံရုံးဖွဲ့ဖို့ မလေးရှား အဆိုပြု

ဓာတ်ပုံ ရင်းမြစ်, AFP
မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ကို မနှစ်တုန်းက ယူကရိန်း အရှေ့ပိုင်းမှာ ပစ်ချခဲ့သူတွေကို တရားစွဲဆို ဖို့အတွက် နိုင်ငံတကာ ခုံရုံး တစ်ခု ဖွဲ့စည်းရေး အဆိုပြုချက် တွေကို မလေးရှား သံတမန်တွေက စတင် ပြုလုပ်ခဲ့ပါတယ်။
ကုလ သမဂ္ဂ ဆိုင်ရာ မလေးရှား သံအမတ်ကြီး Ramlan Ibrahim က ဆုံးဖြတ်ချက် မူကြမ်းကို လာမယ့် သီတင်းပတ်မှာ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေကို ဖြန့်ဝေမယ်လို့ ပြောပါတယ်။
ခုံရုံး ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ မဲခွဲ ဆုံးဖြတ်မှုကိုတော့ အခုလ နှောင်းပိုင်းမှာ ပြုလုပ်နိုင်ဖွယ် ရှိပါတယ်။
မလေးရှား လေကြောင်းပိုင် MH17 လေယာဉ်ဟာ ယူကရိန်း ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေပေါ်မှာ ၂၀၁၄ ဇူလိုင်လက ပစ်ချ ခံရတဲ့အတွက် လေယာဉ်ပေါ် ပါသွားသူ ၂၉၈ ဦးစလုံး သေဆုံး ခဲ့ပါတယ်။
လေယာဉ်ဟာ ယူကရိန်း သူပုန်တွေ သုံးခဲ့တဲ့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်နဲ့ ပစ်ချ ခံရတာ ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေကို သူပုန် ခေါင်းဆောင်တွေက ငြင်းဆို ထားပါတယ်။
ရုရှား နိုင်ငံကတော့ လေယာဉ်ကို ယူကရိန်း တပ်ဖွဲ့တွေက ပစ်ချခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။




