ဂရိ ကြွေးမြီ အရေး ရှေ့မတိုးနိုင် ဖြစ်နေဆဲ

ဓာတ်ပုံ ရင်းမြစ်, epa
ဂရိ အစိုးရနဲ့ သူ့ရဲ့ မြီရှင်တွေ အကြား ညှိနှိုင်းမှုတွေ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေချိန်မှာ ဂရိ ကြွေးမြီ ပြဿနာကို အဖြေရှာဖို့ ဥရောပဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေ တွေ့ဆုံပြီး အပြင်းအထန် ဆွေးနွေး နေကြပါတယ်။
ဂရိ ဝန်ကြီးချုပ် Alexis Tsipras နဲ့ နိုင်ငံတကာ မြီရှင်တွေ အကြား အစောပိုင်းက ဆွေးနွေးမှုဟာ သဘောတူညီချက် မရဘဲ ပြီးဆုံး ခဲ့ရပါတယ်။ ဂရိရဲ့ အဆိုပြုချက် ငြင်းပယ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ မြီရှင်တွေကို ဂရိ အစိုးရက ဝေဖန်ခဲ့ပါတယ်။
ဂျာမန် ဘဏ္ဍာရေး ဝန်ကြီးကတော့ ဂရိနဲ့ သူ့ရဲ့ မြီရှင်တွေ အကြား သဘောထား ကွဲလွဲချက်တွေဟာ ပိုမို ကြီးမား လာနေတယ်လို့ ဥရောပဇုန် ဆွေးနွေးပွဲ မတိုင်မီမှာ သတိပေးခဲ့ပါတယ်။
ဂရိဟာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ကို လာမယ့် အင်္ဂါနေ့ နောက်ဆုံးထားပြီး ယူရိုငွေ ၁ ဒသမ ၆ ဘီလျံ ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ မဆပ်နိုင်ရင်တော့ အကြွေးပေးရန် ပျက်ကွက်မှု Default အခြေအနေနဲ့ ကြုံရမှာပါ။
အဲဒီလို ကြုံခဲ့ရင်တော့ ဥရောပဇုန်ထဲကနေ ဂရိ ထွက်ခွာရဖို့ ရှိနေပြီး ဥရောပနဲ့ ကမ္ဘာ့ စီးပွားရေး အပေါ်မှာလည်း မလိုလားအပ်တဲ့ သက်ရောက်မှုတွေ ရိုက်ခတ်နိုင်တဲ့ အလားအလာ ရှိနေပါတယ်။




