ဒါကာ အထည်ချုပ်စက်ရုံ ပိုင်ရှင်ကို လူသတ်မှုနဲ့ စွဲဆို

ဓာတ်ပုံ ရင်းမြစ်, epa
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာမြို့မှာ ၂၀၁၃ ခုနှစ်က လူပေါင်း တစ်ထောင့် တစ်ရာကျော် သေဆုံးခဲ့ရတဲ့ ရာနာ ပလာဇာ အထည်ချုပ် စက်ရုံ ပြိုကျခဲ့မှုနဲ့ ပတ်သက်ပြီး စက်ရုံ ပိုင်ရှင်ကို လူသတ်မှု စွဲချက်နဲ့ စွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။
လူသတ်မှုနဲ့ စွဲဆို ခံရသူတွေထဲမှာ စက်ရုံပိုင်ရှင် Sohel Rana အပြင် အစိုးရ အရာရှိတွေလည်း ပါဝင်ပြီး စုစုပေါင်း လူ ၄၂ ဦး ရှိပါတယ်။
သူတို့ဟာ အလုပ်သမားတွေကို အဆောက်အအုံထဲ ဝင်ခွင့် မပြုဖို့ ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို လျစ်လျူ ရှုခဲ့တယ်လို့ စွပ်စွဲ ခံထားကြရတာပါ။
အမှု ကြားနာ စစ်ဆေးမှုတွေကိုတော့ ဇွန်လ ၂၈ ရက်မှာ စတင်မယ်လို့ စုံစမ်း စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် Bijoy Krishna Kar က ပြောပါတယ်။
အဲဒီ စက်ရုံ ပြိုကျတဲ့ ဖြစ်ရပ်ကြောင့် ကမ္ဘာ့ အကြီးဆုံး အထည်ချုပ် လုပ်ငန်းတွေထဲ အပါအဝင် ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ် လုပ်ငန်းက အလုပ်သမားတွေရဲ့ နိမ့်ပါးတဲ့ အခြေအနေတွေကို ကမ္ဘာက အာရုံစိုက် လာခဲ့ပါတယ်။




