ဘင်္ဂလားဒေ့ရှ် ပြိုကျ အဆောက် အဦး ပိုင်ရှင်ကို ဖမ်းမိ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က လူပေါင်း ရာနဲ့ချီ သေဆုံး ခဲ့ရတဲ့ စက်ရုံ အဆောက် အဦး ပြိုကျမှုနဲ့ ပတ်သက်ပြီး အဲဒီ အဆောက် အဦး ပိုင်ရှင်ကို အခု ဖမ်းဆီး မိလိုက်ပြီ ဖြစ်ပါတယ်။
မိုဟာမက် ဆိုး ရာနာ ဆိုသူ အဆောက် အဦး ပိုင်ရှင်ဟာ ပြိုကျမှု ဖြစ်ပွား ကတည်းက ထွက်ပြေး တိမ်းရှောင် နေတာ ဖြစ်ပြီး၊ သူ့ကို အိန္ဒိယ အနောက် ဘင်္ဂလား ပြည်နယ် နယ်စပ် အနီး မှာ ဖမ်းမိ လိုက်တာ ဖြစ်ပါတယ်။
သူ့ကို ဖမ်းဆီးမိ လိုက်ပြီ ဆိုတဲ့ သတင်းထွက် လာချိန်မှာ ပြိုကျ အဆောက် အဦး ရှေ့မှာ ရှိနေတဲ့ လူတွေဟာ ပျော်ရွှင် သွားခဲ့ကြ ပါတယ်။
ကယ်ဆယ်ရေး တွေက အသက်ရှင်လျက် ပိတ်မိ နေတဲ့ သူတွေကို ကယ်ထုတ် ဖို့ ဆက်လက် ကြိုးပမ်းနေကြရာ၊ အခုတော့ စစ်တပ် ကနေ စက်ယန္တရားကြီးတွေ သုံးပြီး အပျက် အဆီး တွေကို ဖယ်ရှား ရှင်းလင်း ဖို့ ပြင်ဆင် နေပြီ ဖြစ်ပါတယ်။
မြို့တော် ဒါကား ဆင်ခြေဖုံးဘက် က အထပ် ၈ ထပ် ရှိတဲ့ ဒီ စျေးရုံ ကြီး ပြိုကျ သွားခဲ့ ပြီးနောက် အသက်ရှင်လျက် လူပေါင်း အနည်းဆုံး ၂၄၀၀ ကို ကယ်ထုတ် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လူပေါင်း ၃၆၀ ကျော် ကတော့ သေဆုံး သွားတယ်လို့ သိရပါတယ်။




