လူသေမြှုပ်တဲ့ မြေကျင်းတွေကို မလေးရှား တူးဖော်

ဓာတ်ပုံ ရင်းမြစ်, AFP
မလေးရှား နိုင်ငံမှာ ထိုင်း နယ်စပ်အနီး တွေ့ရှိခဲ့တဲ့ လူသေ မြှုပ်ထားတဲ့ မြေကျင်းပေါင်း ၁၃၉ ခုကို စတင် တူးဖော် နေကြပြီ ဖြစ်ပါတယ်။
မလေးရှားနဲ့ ထိုင်း နယ်စပ် တလျှောက်က သစ်တောတွေ အတွင်း တွေ့ရှိခဲ့ရတဲ့ အဲဒီ မြေကျင်းတွေမှာ မြှုပ်နှံ ခံရသူတွေဟာ လူကုန်ကူး ခံရတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေရဲ့ အလောင်းတွေ ဖြစ်တယ်လို့ မလေးရှား အာဏာပိုင်တွေက ယူဆကြပါတယ်။
လူမှောင်ခိုသမားတွေ အသုံးပြုခဲ့တဲ့ စခန်းဟောင်း ၃၀ ခန့်ကိုလည်း တွေ့ရှိထားပြီး အဲဒီ စခန်းတွေမှာ ပြန်ပေးငွေ ရဖို့အတွက် လူတွေကို ဖမ်းဆီး ချုပ်နှောင် ထားခဲ့ကြတယ်လို့ ခန့်မှန်း ကြပါတယ်။
အခုလ အစောပိုင်းကလည်း ထိုင်းနိုင်ငံဘက်ခြမ်း မလေးရှား နယ်စပ်အနီးမှာ အလားတူ မြေကျင်းတွေ တွေ့ရှိ ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိုင်း အစိုးရက စတင်ခဲ့တာ ဖြစ်ပါတယ်။




