အစ္စလာမ် ဘာသာရေးဆရာကို ပါကစ္စတန် ထောင် ၅နှစ်ချ

ပြီးခဲ့တဲ့ သီတင်းပတ်က ပါကစ္စတန်မှာ ရှီးယား မွတ်ဆလင်တွေရဲ့ ဘတ်စ်ကား တိုက်ခိုက်ခံခဲ့ရ။

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ သီတင်းပတ်က ပါကစ္စတန်မှာ ရှီးယား မွတ်ဆလင်တွေရဲ့ ဘတ်စ်ကား တိုက်ခိုက်ခံခဲ့ရ။

ပါကစ္စတန် နိုင်ငံမှာ အမုန်းတရားတွေ ဟောပြောတဲ့ အစ္စလာမ် ဘာသာရေး ဆရာ တစ်ယောက်ကို အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး တရားရုံး တစ်ခုက ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ပါကစ္စတန် အရှေ့ပိုင်း ပန်ဂျပ် ပြည်နယ်က Qari Abubaker ဆိုသူ အဲဒီ ဘာသာရေး ဆရာဟာ လူနည်းစု ရှီးယား မွတ်ဆလင်တွေကို မိစ္ဆာ ဒိဋ္ဌိတွေလို့ ခေါ်ဆို ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ လ အတွင်းမှာလည်း လာဟိုးမြို့က ဘာသာရေးဆရာ ၆ ယောက်ကို အလားတူ ပြစ်မှုတွေနဲ့ ထောင်ချခဲ့တယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

ပါကစ္စတန်မှာ ဘာသာရေးအရ အမုန်းပွားစေမယ့် ပြောဆိုမှုတွေကို ဥပဒေအရ တားမြစ် ထားပေမယ့် တိုင်ကြားမှုနဲ့ ပြစ်ဒဏ်ချမှုက ရှားရှားပါးပါး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ပက်ရှ်ဝါမြို့က စာသင်ကျောင်းတစ်ခု တိုက်ခိုက် ခံခဲ့ရလို့ လူ ၁၅၀ ကျော် သေဆုံး ခဲ့ပြီးနောက်ပိုင်း အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ဥပဒေတွေကို ပါကစ္စတန် အစိုးရက ပိုမို တင်းကျပ် ပြဋ္ဌာန်း လာခဲ့ပါတယ်။