အိန္ဒိယ ဆော့ဖ်ဝဲ လုပ်ငန်း အကြီးအကဲ ထောင် ၇ နှစ်ကျ

ဓာတ်ပုံ ရင်းမြစ်, AFP
အိန္ဒိယ နိုင်ငံမှာ စီးပွားရေး အဖွဲ့အစည်း ဆိုင်ရာ အရှုပ်တော်ပုံထဲ အကြီးဆုံး မသမာမှု ဖြစ်တဲ့ Satyam Computers လုပ်ငန်းကြီးရဲ့ အမှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီ ထူထောင်သူနဲ့ အခြား လူ ၉ ဦးကို တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ ချမှတ် လိုက်ပါတယ်။
ကွန်ပျူတာ ဆော့ဖ်ဝဲ ဝန်ဆောင်မှု ဆိုင်ရာ ဧရာမ လုပ်ငန်းကြီး ဖြစ်တဲ့ Satyam Computers ရဲ့ ထူထောင်သူ မစ္စတာ Ramalinga Raju နဲ့ သူ့မိသားစုဝင်တွေ ပါဝင်တဲ့ ကုမ္ပဏီ အရာရှိ ၉ ဦးကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ် ခဲ့တာပါ။
မစ္စတာ ရာဂျူးကို ဒေါ်လာ ၈ သိန်း ပေးဆောင် ဖို့လည်း ဒဏ်ရိုက် ခဲ့ပါတယ်။
မစ္စတာ ရာဂျူးက ကုမ္ပဏီရဲ့ ငွေစာရင်းတွေကို လိုသလို ပြုပြင် ဖော်ပြခဲ့ကြောင်း ဝန်ခံ ခဲ့ပေမယ့် လိမ်လည်မှု၊ လျှို့ဝှက် ကြံစည်မှု စွဲချက်တွေကိုတော့ ငြင်းဆို ခဲ့ပါတယ်။
Satyam Computers ရဲ့ ငွေစာရင်းတွေ လွဲမှားနေကြောင်း မစ္စတာ ရာဂျူးက ၂၀၀၉ ခုနှစ်က ထုတ်ဖော် ဝန်ခံခဲ့တာ ဖြစ်ပြီး၊ ဒီအမှုကြောင့် အစု ရှယ်ယာရှင်တွေရဲ့ ရင်းနှီးငွေ ဒေါ်လာ သန်း ၂ ထောင်ကျော် နစ်နာခဲ့ရကာ အိန္ဒိယရဲ့ အိုင်တီ လုပ်ငန်း လောကကို လှုပ်ခါ စေခဲ့ပါတယ်။
ဒီပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး အယူခံ ဝင်သွားမယ်လို့ ယူဆ ရပါတယ်။




