စန္ဒကူး ခိုးထုတ်သူ ၂၀ ကို ပစ်သတ်မှု အိန္ဒိယ ရဲကို စွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယ နိုင်ငံ၊ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်မှာ စန္ဒကူးနီ ခိုးထုတ်တယ်လို့ သံသယ ရှိတဲ့ လူ အယောက် ၂၀ ကို ရဲတပ်ဖွဲ့က ပစ်ခတ် သတ်ဖြတ် ခဲ့ပြီးနောက် အဲဒီ အမှုကို စုံစမ်း စစ်ဆေး ပေးဖို့ အိန္ဒိယမှာ ရှိတဲ့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆို နေကြပါတယ်။
သေဆုံးသူတွေဟာ အနီးကပ် ပစ်ခတ် ခံရတာ ဖြစ်ပြီး အဲဒီ အထဲက ၇ ယောက်ဟာ မျက်နှာနဲ့ ခေါင်း နောက်ကျောကို ထိမှန် သေဆုံးတာ ဖြစ်တယ်လို့ ဒေသတွင်း သတင်း မီဒီယာက ဖော်ပြ ပါတယ်။
ရဲတပ်ဖွဲ့ကတော့ သူတို့ကို ပုဆိန်တွေ၊ ကျောက်ခဲတွေနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့ အတွက် ခုခံတဲ့ အနေနဲ့ ပြန်လည် ပစ်ခတ်တာ ဖြစ်ကြောင်း ပြောပါတယ်။
သေဆုံးသူ အများစုက တမီလ် နာဒူး ပြည်နယ်က ဖြစ်ပြီး အဲဒီ ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ကလည်း ဒီအမှုကို စုံစမ်း စစ်ဆေးပေးဖို့ အန်ဒရာ ပရာဒက်ရှ် ပြည်နယ် ဝန်ကြီးချုပ်ကို တောင်းဆို ထားတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ မှောင်ခို စျေးကွက်မှာ စန္ဒကူးနီ တစ်တန်ကို ဒေါ်လာ သောင်းနဲ့ချီ ရနိုင်တာကြောင့် အိန္ဒိယ တောင်ပိုင်းမှာ စန္ဒကူးနီ မှောင်ခို ရောင်းဝယ်မှုတွေ အလွန် ပေါများ နေပါတယ်။
စန္ဒကူးနီ ရောင်းဝယ်မှုကို ၂၀၁၀ ခုနှစ် ကတည်းက အိန္ဒိယ အစိုးရက တားမြစ် ထားတာ ဖြစ်ပါတယ်။




